ကျွန်တော်တို့နိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး၊ AA- ARSA နှင့် တရုတ်-အိန္ဒိယ

ကျွန်တော်၏ အားလပ်ချိန်အတော်များများမှာ ပထဝီနိုင်ငံရေးသုံးသပ်သူတို့၏ ထင်မြင်သုံးသပ်ချက်များအား အချိန်ယူ နားထောင်ခြင်းဖြစ်ပါသည်။

နိုင်ငံရေး-စစ်ရေး အတွေ့အကြုံလည်းရှိကြသူများ သုံးသပ်ချက်မှာ ကျွန်တော့်အတွက် အလွန်အကျိုးရှိ ဗဟုသုတရနိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကျွန်တော် ယခုအချိန်ထိ သိရှိရသမျှတွင် တရုတ်ကိုသာ အများဆုံးထည့်သွင်းပြောဆိုကြပြီး တရုတ်-အိန္ဒိယ အားပြိုင်မှု့ကို သုံးသပ်ခြင်း အလွန်နည်းသည်ဟု ထင်ပါသည်။

အများသိရှိပြီးဖြစ်သည့်အတိုင်း တရုတ်သည် ဒေါ်လာ ၃-ထရီလီယံတန် “ ဥရောပအထိ (Belt and Road Initiative ) BRI ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်းသာမက အိန္ဒိယသမုဒ္ဒရာတွင် မြန်မာ-သီရိလင်္ကာ-ပါကစ္စတန်-အာဖရိက အထိ ခြေကုတ်စခန်းတည်ဆောက်မည့် Pearls String ပုလဲသွယ် စီမံကိန်း ရှိနေသည်။

မြန်မာတွင် (ကျောက်ဖြူရေနက်စီမံကိန်း ) ၊ သီရိလင်္ကာ ( ဟန်ဘန်တိုတာ ) – ပါကစ္စတန် ( ဂွာဒါ ) နှင့် အာဖရိက မော်လဒိုက်အထိဖြစ်သည်။ ထိုစီမံကိန်းများသည် တရုတ်၏ အိမ်နီးချင်းညူကလီယာနိုင်ငံလည်းဖြစ် နယ်ခြားအရေး အတိအလင်းစစ်ခင်းဖူးသည့် သမိုင်းစဉ်လာလည်းရှိသော အိန္ဒိယအား စစ်ရေးခြိမ်းခြောက်ရာရောက်သည်။

တရုတ်သည် ပါကစ္စတန်နှင့် ကုန်းတွင်း စြင်္ကန်လမ်းတည်ဆောက်နေပြီး ဂွာဒါဆိပ်ကမ်းအား ရရှိခြင်းမှာ ပါရှားပင်လယ်ကွေ့ အမေရိကန်စစ်စခန်းများကိုပင် ခြိမ်းခြောက်နိုင်ပြီဖြစ်သည်။ တရုတ်နှင့် ပါကစ္စတန်သည် ကုန်းတွင်းပူးတွဲစစ်ရေးလေ့ကျင့်ယုံမက ရေတပ်ချင်းပါ ပူးပေါင်းလေ့ကျင့်နေသည်။

ဤတွင် ပါကစ္စတန်သည် အိန္ဒိယနှင့် ဘယ်လိုမှ မငြိမ်းချမ်းနိုင်သော အိမ်နီးချင်းရန်ဘက် ဖြစ်သည်ထက်ဖြစ်လာနေသည်။ တရုတ်သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်ဗုံးခွဲသတ်ဖြတ်နေသော ပါကစ္စတန်အခြေစိုက် Jaish-e-Mohammed ( JeM ) အစ္စလာမ်မစ်စစ်သွေးကြွ မိုဟာမက်အဇားကို ဒါဏ်ခတ်ပိတ်ဆို့ရန် ကုလလုံခြုံရေးကောင်စီ၌ အိန္ဒိယ၏ တင်ပြချက်ကို ဗီတိုသုံးကာ ပယ်ချခဲ့ဖူးသည်။

ထို့ကြောင့် မြန်မာက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် AA သာမက၊ အစ္စလာမ်မစ်အခြေခံဝါဒီ အကြမ်းဖက် စစ်သွေးကြွ ARSA တို့ကို တရုတ်က အကာအကွယ်ပေးနေသည်ဆိုလျှင် အံ့သြရန်မရှိပါ။ AA နှင့် ARSA သည် မဟာမိတ်ဖြစ်ကြောင်း ယခင်က ထင်မြင်ချက်များရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုအချက်မှာ အမှန်ဖြစ်ကြောင်း အိန္ဒိယနှင့် နိုင်ငံတကာစစ်ရေးလေ့လာသူများက အထောက်အထားများနှင့် အတိအလင်း ထုတ်ဖော်ပြောဆိုလာသည်။ AA သည် အရှေ့လယ်ပိုင်း စစ်သွေးကြွတို့၏ မြို့ရွာအခြေပြု ပဉ္မမမျိုးဆက်ပြောက်ကျားစစ်နည်းဗျူဟာကို ကျင့်သုံးနေကြောင်း ဖုံးကွယ်မရတော့ပါ။

အမှန်တော့ တရုတ်၏ နောက်ဖေးပေါက်ဖြစ်နေသော ဘင်္ဂလားပင်လယ်အော်တွင် တစ်ချိန်က မင်းမူနေခဲ့သည်မှာ နေတိုး ရေတပ်မတော်ဖြစ်သည်။ နောက်ပိုင်း စစ်အင်အားကြီးထွားလာသော အိန္ဒိယက အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရန် အားကောင်းမောင်းသန်ဖြစ်လာသည်။

အများသိပြီးဖြစ်သည့်အတိုင်း မကြာသေးမီရက်ပိုင်းက နှစ်နိုင်ငံနယ်စပ်တွင် တရုတ်နှင့် အိန္ဒိယစစ်သားချင်း လုံးထွေးသတ်ပုတ်ကြရာ နှစ်ဖက်စလုံး၌ လူသေဆုံးမှု ရှိခဲ့သည်။ ၎င်းမှာ ပါကစ္စတန်နှင့် နီးကပ်သော ကက်ရှ်မီးယား၌ ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်တို့၏ နှစ်နိုင်ငံစစ်တပ်များ ရန်စောင်လျှက်ရှိသည့် အခြားနေရာမှာ အိန္ဒိယအရှေ့ဖျား Doklam Plateau ဒိုကလန်ကုန်းမြင့်ဖြစ်သည်။ ၎င်းနေရာမှာ အိန္ဒိယဗဟိုအစိုးရ အုပ်ချုပ်ရာနှင့် ဝေးလွန်းနေပြီး ဘူတန်နှင့် ဘင်္ဂလားဒက်ရှ်အကြား တောင်ကြားလမ်းဖြင့်သာ သွားရောက်နိုင်သည်။ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်လည်း ခဲယဉ်းသော အရှေ့ဖျားဝေးလံခေါင်ဖျား ၇- ပြည်နယ် သို့မဟုတ် Seven Sisters of India “အိန္ဒိယ၏အစ်မ ၇-ဖော် “ ဟု အတွင်း တည်ရှိနေသည်။

အကယ်၍ တရုတ်နှင့် အိန္ဒိယသာ စစ်မက်ဖြစ်ပွားခဲ့လျှင် တရုတ်တို့အနေဖြင့် ဖော်ပြပါ တောင်ကြားလမ်းကို ပိတ်ဆို့ယုံနှင့် ညီအမ ၇- ဖော်မှာ တရုတ်လက်တွင်း သက်ဆင်းရန်သာ ရှိတော့သည်။

ထိုအတွက် အိန္ဒိယက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၂၀ တန် “ ကုလားတန်စီမံကိန်း “ ကို အပူတပြင်း အကောင်အထည်ဖော်လျှက်ရှိသည်ဟု ဆိုကြပါသည်။ အိန္ဒိယ၏ ဖွံ့ဖြိုးလူစည်ကားသော ခိုးလ်ကတ္တား၊ ချင်းနိုင်တို့မှ ကုန်စည်များကို ရေလမ်းခရီးဖြင့် စစ်တွေ ရေနက်ဆိပ်ကမ်းတွင် တစ်ထောက် နားမည်။ စစ်တွေမှ ကုလားတန်ုမြစ်ကြောင်းဖြင့် ချင်းပြည်နယ် ပလက်ဝ၊ ထိုမှတဆင့် အိန္ဒိယ မီဇိုရမ်ပြည်နယ်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။

အရှေ့တောင်အာရှ စစ်ရေးအရင်းအမြစ်များအား လေ့လာလျှက်ရှိသည့် Licas News အဆိုအရ AA အကြမ်းဖက်အဖွဲ့အစည်း၏ အသုံးစရိတ် ၉၅ ရာခိုင်နှုန်းကို တရုတ်က ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း၊ AA ရရှိခဲ့သည့် ခေတ်မီလက်နက်များတွင် MANPADS ( ပုခုံးထမ်းလေကြောင်းကာကွယ်ရေးစံနစ် ) မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ၅၀ ခန့်လည်း ပါဝင်လျှက်ရှိသည်ဆို၏။

သြစတြေးလျနိုင်ငံမှ ပထဝီနိုင်ငံရေး ပညာရှင်တစ်ဦးကမူ တောင်အာရှဒေသ၌ တရုတ်သည် ဘက်စုံသုံး ကစားနည်းကို ခင်းကျင်းလျှက်ရှိကြောင်း၊ တရုတ်အနေဖြင့် အိန္ဒိယကို အင်အားချိနဲ့စေလိုကြောင်း၊ အိန္ဒိယမှာ ပါကစ္စတန်နှင့် တိုက်ခိုက်နေရပြီး၊ ( တရုတ်က ) မြန်မာ၏ ရန်သူအသစ်တစ်ဦး မဖြစ်လိုကြောင်း၊ သို့သော် မြန်မာအပေါ် အိန္ဒိယက လွှမ်းမိုးသည်ကို မနှစ်မြို့ပဲ တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုကြောင်း သုံးသပ် ပြောဆိုသည်။

ဒေသတွင်းရှိ သံတမန်တစ်ဦး ကပြောကြားရာတွင်မူ“ မြန်မာနိုင်ငံရှိ AA အကြမ်းဖက်အဖွဲ့ အပါအဝင် လက်နက်ကိုင်အုပ်စု (၇) စုတို့သည် တရုတ်ထံမှ လက်နက်နှင့် အထောက်အပံ့များရရှိခဲ့ကြောင်း၊ တရုတ်၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံကို ညံ့ဖျင်းသော လူသားချင်းစာနာမှုဆိုင်ရာ ချိန်စံညွှန်းများတွင် ချောင်ပိတ်မိလျှက် အနောက်အုပ်စုနှင့် ဝေးသည်ထက် ဝေးကွာသွားစေရန်ဖြစ်ကြောင်း” သုံးသပ်ပြောဆိုသည်။

ကျွန်တော်၏ ထင်မြင်ချက်ကို ပြောရလျှင် မြန်မာနိုင်ငံတွင် အုပ်ချုပ်မှုနှင့် နိုင်ငံရေးပုံစံ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ အုပ်ချုပ်ရေးအာဏာရအစိုးရနှင့် မြန်မာ့တပ်မတော်သည်ယခင်ကကဲ့သို့ တစ်ဦး-တစ်ဖွဲ့တည်းသဘောနှင့် မပြီးပဲ ပြည်သူလူထု၏ အသံကို နားထောင်လာရသည်။ မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားခြင်းနှင့် လိုင်ဇာအနီးရောက်မှ ထိုးစစ်ကို ဆိုင်းငံရခြင်းမှာ သိသာသော အချက်ဖြစ်ပါသည်။

ကံအကြောင်းမလှသည့်ကိစ္စမှာ မြန်မာ့နိုင်ငံရေးသည် တည်ငြိမ်လှသည်မရှိပဲ ပြည်တွင်းလက်နက်ကိုင်အဖွဲ့ချည့် ၁၀၀ ကျော်ရှိနေသည်။

တရုတ်နှင့် အိမ်နီးချင်းတွင် ဗီယက်နမ်ကဲ့သို့ စည်းလုံးညီညွတ်ခြင်း မရှိချေ။

တရုတ်နှင့် အိန္ဒိယသည် ကမ္ဘာ့စစ်အင်အားအဆင့် ၃ နှင့် ၄ ဖြစ်လေရာ မြန်မာသည် အချိန်မရွေး ဆီးရီးယားဖြစ်သွားနိုင်သည်။

ဖြစ်စပြုနေပြီဟုပင် ထင်ပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.cnbc.com/2019/03/13/un-is-set-to-blacklist-jems-azhar–but-china-hinders-this.html

https://timesofindia.indiatimes.com/world/china/china-supplying-weapons-to-arakan-army-armed-group-to-weaken-india-myanmar-report/articleshow/76741890.cms

https://www.hindustantimes.com/india-news/myanmar-calls-out-china-for-arming-terror-groups-asks-world-to-help/story-fzb8ADXt1VgS9ofZMMWdWO.html

https://www.timesnownews.com/international/article/myanmar-accuses-china-of-arming-terror-groups-seeks-international-help-to-suppress-them/615319

https://spotlight.licas.news/china-s-diplo-terrorism-in-myanmar/index.html

https://www.arabnews.com/node/1698306

1+

Leave a Reply

Your email address will not be published.