ခွဲစိတ်ကုသမှုခံယူပြီး ကင်ဂျုံအန်မှာ သေလုနီးပါးဖြစ်လျှက်ရှိသည် သို့မဟုတ် ကင်ဂျုံအန်သေဆုံးပြီဟူသော သတင်းများမှာ ဟုတ်မှန်ပုံမရကြောင်း တောင်ကိုရီးယား တရားဝင်ပြောဆို

ခွဲစိတ်ကုသမှုခံယူပြီး ကင်ဂျုံအန်မှာ သေလုနီးပါးဖြစ်လျှက်ရှိသည် သို့မဟုတ် ကင်ဂျုံအန်သေဆုံးပြီဟူသော သတင်းများမှာ ဟုတ်မှန်ပုံမရပဲ မြောက်ကိုရီးယားနိုင်ငံအတွင်း တစ်စုံတရာ ထူးခြားမှုမတွေ့ရကြောင်း တောင်ကိုရီးယားက ယနေ့ တရားဝင် ပြောဆိုသည်။

တောင်-မြောက်နှစ်နိုင်ငံကြား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဆိုင်ရာ တောင်ကိုရီးယား အရာရှိတစ်ဦးက ပြောကြားရာတွင် စောစောပိုင်း CNN က ဖော်ပြခဲ့သည့်အတိုင်း မြောက်ကိုရီးယားခေါင်းဆောင်မှာ သေလုမျောပါးဖြစ်နေသည်ဆိုခြင်းမှာ ဖြစ်နိုင်ပုံ မရကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင်အနေဖြင့် အလုပ်တာဝန်များ ပိလျှက်ရှိနေပုံရပြီး ၎င်းတို့နှင့် ပုံမှန်အဆက်အသွယ်ပြုလျှက်ရှိကြောင်း၊ မြောက်ကိုရီးယားမီဒီယာနှင့် ၎င်းနိုင်ငံအတွင်း လှုပ်ရှားမှု့တို့မှာလည်း ထူးခြားမှုမတွေ့ရကြောင်း တရားဝင်ပြောကြားသည်။

သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း ကင်ဂျုံအန်သေလုမျောပါးဖြစ်နေသည်ဟု CNN ၏ ဖော်ပြချက်ကို လက်မခံနိုင်ကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကျန်းမာစေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ထိုစဉ် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ခု မြောက်ကိုရီးယားသို့ ထွက်ခွာသွားကြောင်း ရုရှားသတင်းစာတစ်စောင်က ဖော်ပြသော်လည်း Covid-19 ရောဂါကုသရေး၌ ချစ်ကြည်ရေးကူညီရန်ဟုတ်-မဟုတ် ရှင်းလင်းစွာ မသိရချေ။

ယမန်နေ့ ညပိုင်းတွင် ကင်ဂျုံအန်သေဆုံးပြီဖြစ်ကြောင်း သတင်းဘလော့ဂါတစ်ချို့က ရေးသားကြပြီး အချို့ကလည်း လျှိ့ဝှက်သိပ်သည်းလှသော အထီးကျန်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သည်ကို ကျော်လွှားကာ Brain Dead ဦးနောက်သေဆုံးသွားကြောင်း ရေးသားကြသည်ကို တွေ့ရှိရသည်။ New York Post ကဲ့သို့ သတင်းစာကြီးများကပင်လျှင် ကင်ဂျုံအန်သေဆုံးကြောင်းကောလဟလနှင့် မြောက်ကိုရီးယား၏ လာမည့်ခေါင်းဆောင်သစ်အကြောင်း၊ အကယ်၍ သေဆုံးခြင်းအမှန်ဖြစ်ခဲ့လျှင် မြောက်ကိုရီးယားနေသူများ အစုအပုံလိုက်ထွက်ပြေးခြင်းဖြင့် ဒေသတွင်း ဒုက္ခသည်ပြဿနာ ကြုံတွေ့ရဖွယ်ရှိကြောင်း ခန့်မှန်းရေးသားခြင်းဖြင့် ကင်ဂျုံအန်သေဆုံးခြင်းအမှန်ဖြစ်ကြောင်း သတင်းပြန့်ကားသွားရန် အထောက်အကူဖြစ်ခဲ့သည်။ အချို့ဆိုလျှင် ပစိဖိတ်သမုဒ္ဒရာအမေရိကန်၏ စစ်မဟာဗျူဟာ အနာဂါတ်နှင့် တရုတ်-ရုရှားစစ်ရေးနယ်ပယ် ကျယ်ပြန့်လာမည်အထိ ချဲ့ထွင် ရေးသားကြပါသည်။

ကင်သေဆုံးကြောင်း သတင်းမှာ မြောက်ကိုရီးယားနှင့်ပတ်သက်၍ ဝါဒဖြန့်သတင်းများ ဖော်ပြလေ့ရှိသော တောင်ကိုရီးယား မီဒီယာတစ်ခုအား သတင်းရင်းမြစ်အဖြစ် ဖော်ပြထားသည်။ တောင်မြောက်နှစ်နိုင်ငံအကြား ထုံးစံအတိုင်း မီဒီယာလက်နက်ဖြင့် ထိုးနှက်လျှက်ရှိသည်ကို အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်အဖြစ် အံ့သြဖွယ် လက်ခံယုံကြည်သော CNN သည် ကောလဟလသာဖြစ်ကြောင်း ဖြေရှင်းရန်တာဝန်ရှိသည်ဟု Russia Today က ယနေ့ထိုးနှက်ဝေဖန်သည်။

(( ကင်ဂျုံအန်သေဆုံးကြောင်း မြန်မာဘာသာဖြင့် သတင်းတင်သူများ ကိုးကားဖော်ပြနေကြသည်မှာ တစ်ခုတည်းသာဖြစ်ပြီး ABP အမည်ရှိ အိန္ဒိယသတင်းစာမှ ” ကင်ဂျုံအန် သေဆုံးပြီလား” သတင်းကို အဓိပ္ပါယ်ကောက်လွဲမှားထားခြင်းသာဖြစ်ကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.rt.com/news/486612-south-korea-denies-kim-illness/

https://www.rt.com/news/486513-kim-trump-surgery-cnn-rumours/

https://www.rt.com/op-ed/486504-north-korean-propaganda-western-bogus/

https://edition.cnn.com/2020/04/20/politics/kim-jong-un-north-korea/index.html

https://www.rt.com/news/486390-kim-north-korea-surgery-cnn/

https://news.abplive.com/videos/news/world-kim-jong-un-is-dead-now-1204030?fbclid=IwAR18ZznzOSdngnN3zHi7vZUuu76azhvfpyaGhGOMJWJzof8XHtFGNfO7gHE

0

Leave a Reply

Your email address will not be published.