ဂရိနိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူများကို ခိုလှုံခွင့်တောင်းခံသူများအဖြစ် ခေါင်းစဉ်တပ်ခြင်းမပြုပဲ တံခါးပိတ်မူဝါဒကျင့်သုံးမည်။ နယ်စပ်တွင် လုံခြုံရေးအင်အားတိုးမြှင့်ချထား၊ ကြိုဆိုထိုက်သူ မဟုတ်လျှင် လှည့်ပြန်သွားရမည်

နယ်ခြားတွင် လုံခြုံရေးအစောင့်ဦးရေ တိုးမြှင့်၍ခြင်းဖြင့် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးမည့် “ တံခါးပိတ်စံနစ် “ ကို ကျင့်သုံးမည်ဖြစ်ကြောင်း ဂရိနိုင်ငံက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

သောကြာနေ့ ဂရိပါလီမန်၌ ဝန်ကြီးချုပ် ကီရီယာကို့စ်မစ်ဆိုတာကစ် က မိန့်ခွန်းပြောကြားရာတွင် ကြိုဆိုပါ၏ဟု လက်ကမ်းထိုက်သူများကို ကျွနု်ပ်တို့ဖာသာ သတ်မှတ်မည်ဖြစ်ပြီး၊ ဖိတ်ခေါ်ရန် မထိုက်တန်သူများကို နောက်ကြောင်းလှည့်ပြန်စေရလိမ့်မည်ဖြစ်ကြောင်း၊ တူရကီနှင့် ထိစပ်နေသော ကုန်းတွင်းနယ်ခြား၌ တပ်ဖွဲ့ဝင် ၄၀၀၊ ကျွန်းများတွင် တပ်ဖွဲ့ဝင် ၈၀၀ တို့ကို အသီးသီးတိုးမြှင့်ချထားမည်ဖြစ်ကြောင်း၊ ပင်လယ်ပြင်ကင်းလှည့်စစ်ဆင်ရေးကိုလည်း အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း အတည်ပြုသည်။ 

ကျွန်းများပေါ်ရှိ လူအပြည့်အသိပ်ဖြစ်နေသော ဒုက္ခသည်စခန်းများကို ပိတ်သိမ်းပြီး၊ ပိုမိုတင်းကြပ်သည့် စခန်းများဆီသို့ ရွှေ့ပြောင်းထိမ်းသိမ်းမည်ဖြစ်ကြောင်း လွန်ခဲ့သော ဗုဒ္ဓဟူးနေ့တွင် ဂရိနိုင်ငံရှေးရိုးစွဲဝါဒီအစိုးရက သတင်းထုတ်ပြန်ပြီးနောက် ဝန်ကြီးချုပ်ကီရီယာကို့စ်မစ်ဆိုတာကစ်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ 

(( ဥရောပနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်ရာတွင် ၂၀၁၅-ခုနှစ်၌ ၁,၀၀၅,၅၀၄ – ဦးရှိခဲ့သဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးပမာဏဖြစ်သည်။ ၂၀၁၈-ခုနှစ်အထိဆိုလျှင် စုစုပေါင်း ၂-သန်းနီးပါးရှိသည်။ ရေ့ွှပြောင်းအခြေချသူများသည် များသောအားဖြင့် စစ်ပွဲများဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဖြစ်ကြပြီး၊ မိုးခေါင်ခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် ဒေသတွင်း လုံခြုံရေးမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာလာသော အာဖရိက တိုက်သားများဖြစ်ကြသည်။ 

ရွှေ့ပြောင်းအခြေချများ အလုံးအရင်းဖြင့် လှိမ့်ဝင်လာခြင်းကြောင့် ဥရောပအစိုးရတို့မှာ ပြည်တွင်းပြည်ပ ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်ရသည်။ 

ပြည်ပဖိအားအဖြစ် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ရေ့ွှပြောင်းအခြေချများအား အချိုးကျခွဲဝေလက်ခံရန်ဖြစ်သည်။ ထိုသို့ လက်မခံနိုင်သောကြာင့် ယနေ့ ဗြိတိန်၏ “ Brexit “ ဖြစ်ပေါ်လာရသည်ဟု ဆိုနိုင်သည်။ 

ပြည်တွင်းဖိအားအနေဖြင့် လူကိုလူချင်း တန်းတူညီမျှရေး ကြွေးကြော်လျှက်ရှိသော ဥရောပနိုင်ငံများ၏ အစဉ်အလာအရ ဒီမိုကရေစီထွန်းကားရေး ဘီလျှံနာသူဌေးကြီး ဂျော့ဆိုရော့စ်၏ “ ဥရောပတန်ဖိုး “ ထိန်းသိမ်းရေးအာဘော်အတိုင်း လစ်ဘရယ်ဒီမိုကရက်တစ် NGO တို့က “ ဒုက္ခသည်လက်ခံရေး “ မူဝါဒ ဖြင့် ဖိအားပေးခံရခြင်းဖြစ်သည်။ 

အခြားတစ်ဖက်တွင် ယဉ်ကျေးမှု့၊ ယုံကြည်ကိုးကွယ်ရာနှင့် ဓလေ့ထုံးတမ်းကွဲပြားသော ရွှေ့ပြောင်းအခြေချ များနှင့် ဥရောပဋ္ဌာနေတို့ ရောနှောမိရာမှ လိင်စော်ကားမှုအပါအဝင် အသေးအဖွဲရာဇဝတ်မှု့များအပြင် အကြမ်းဖက်ခံရခြင်းကဲ့သို့ လူအများအပြားသေဆုံးရသည့် အကြီးစားရာဇဝတ်မှု့များဖြစ်ပေါ်ခဲ့သည်။ 

ဤတွင် ဥရောပပြည်သူများ အားကိုးရာမှာ “ ကွန်ဆာဗေးတစ် “ နှင့် “ အမျိုးသားရေးဝါဒီ “ များဖြစ်သွားရသည်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံများ၌ ထိုသို့သော သဘောထားတင်းမာသူများ လူကြိုက်များကာ တစ်စစ အစိုးရအာဏာရလျှက်ရှိရာ ဂျော့ဆိုရော့စ်ကိုယ်တိုင် လစ်ဘရယ်ဝါဒ မှေးမှိန်သွားပြီဟု ညည်းတွား ရသည်အထိဖြစ်သည်။ 

ဥရောပအမျိုးသားရေးဝါဒီများမှာ ၎င်းမတိုင်မီက လူအများ နှာခေါင်းရှုံ့ခံရသည်ချည့်ဖြစ်သည်။ မျက်မှောက်ကမ္ဘာကြီးတွင် နှစ်ကြိမ်တိုင် ကမ္ဘာစစ်မီးအတွင်း လောင်ကျွမ်းခဲ့ရသည်၌ နှစ်ကြိမ်စလုံးမှာ ဥရောပအမျိုးသားရေးဝါဒီများ ဘုန်းမီးနေလ တောက်ပစဉ်ကာလများဖြစ်နေသည်။ 

စစ်စစ် ကမ္ဘာစစ်မီးမွှေးသော အဆိုပါဥရောပနိုင်ငံများသည် မိမိနိုင်ငံပြင်ပ၌ ကိုလိုနီချဲ့ထွင်ဖူးသော နိုင်ငံများဖြစ်သည်။ ထိုစဉ်က ဥရောပအမျိုးသားရေးဝါဒီတို့မှာလည်း ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့ရသည်ကို ပြန်လည်တမ်းတ သူများဖြစ်နေသည်။ 

အမျိုးသားရေးတွင် အမျိုးကွဲ ၇-ခုထက်မနည်းရှိသည်။ တစ်ချိန်က “အင်ပါယာဥရောပအမျိုးသားရေးဝါဒီ” များနှင့် မဟတ္တမဂန္ဓီ၊ နေရူး၊ ဟိုချီမင်း၊ သခင်အောင်ဆန်းတို့ကဲ့သို့ “နယ်ချဲ့ဆန့်ကျင် အမျိုးသားရေးဝါဒီ “များ ဘယ်လိုမှ မတူချေ။ 

Nationalism အမည်တွေ့ယုံနှင့် “ အမျိုးသားရေးမှန်သမျှ ဒီပုတ်ထဲက ဒီပဲ “ ဟု နွားထီးငါးကျပ် နွားမငါးကျပ် ရောကြိတ်နေသူတို့အနေဖြင့် ကျွန်ုပ်တို့၏ “အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း “ ကို အားနာသင့်လှသည်။ ။ သတင်းဘာသာပြန်သူ ) 

((( Russia Today., 22 Nov, 2019, “Greek PM to ‘shut the door’ to migrants not entitled to asylum.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ဂရိ #ရွှေ့ပြောင်းအခြေချသူများ #ဥရောပအမျိုးသားရေးနှင့်ကွန်ဆာဗေးတစ် 

https://www.rt.com/newsline/474095-greece-migrants-asylum-pm/

https://www.business-standard.com/article/pti-stories/over-1-million-arrivals-in-europe-by-sea-unhcr-115123000668_1.html

0

Leave a Reply

Your email address will not be published.