ဂါဇာဒေသ မီဒီယာများအဆောက်အအုံကို အစ္စရေးကတိုက်ခိုက်၍ ပြိုကျ။ သတင်းထောက်များ ရှိနေသော်လည်း အသက်ဘေးမှ သီသီလေးလွတ်မြောက်။ မီဒီယာရုံးခန်းသာမက ဟားမတ်စ်စစ်သွေးကြွတို့၏ ရုံးခန်းများလည်း ရှိနေဟု အစ္စရေးပြော။


စနေနေ့တွင် ဂါဇာကမ်းမြှောင်ဒေသရှိ အမေရိကန်သတင်းအေဂျင်စီဗျူရို ( ဂါဇာရုံးခွဲ ) နှင့် အခြားနိုင်ငံတကာ သတင်းမီဒီယာရုံးများတည်ရှိရာ အဆောက်အအုံအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးပစ်လိုက်ခြင်းမှာ ကြောက်မက်ဖွယ် အံ့အားသင့်စရာဖြစ်ကြောင်း Associated Press (AP) ဂျာနယ်လစ်တစ်ဦးက ပြောဆိုသည်ဟု AFP က ယနေ့ ရေးသားသည်။

…   
အရှေ့အလယ်ပိုင်း ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းအေဂျင်စီရုံးခွဲလည်း တည်ရှိရာဖြစ်သော ၁၂-ထပ် အဆောက်အအုံကို တိုက်ခိုက်ခံရစဉ် အတွင်း၌ သတင်းထောက်နှင့် အလွတ်တန်းသတင်းသမား ၁၀-ဦးကျော် ရှိနေကြသော်လည်း အချိန်မီထွက်ခွာနိုင်ခဲ့၍ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ကြကြောင်း၊ ထိတ်လန့်စရာများမှာ မယုံနိုင်လောက်အောင်အထိ ဖြစ်ပျက်နေကြောင်း၊ ယမန်နေ့အခင်းဖြစ်ရပ်ကြောင့် ဂါဇာတွင် ဖြစ်ပျက်နေသည်တို့ကို ကမ္ဘာကြီးက မသိပဲ နေလိမ့်မည် မဟုတ်ကြောင်း၊ AP သတင်းအေဂျင်စီ၏ ဥက္ကဋ္ဌနှင့် #အမှုဆောင် အရာရှိချုပ်ဖြစ်သူ_ဂရေး_ပယွတ်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

…   
#ဂါဇာ_မီဒီယာများအဆောက်အအုံ တိုက်ခိုက်ခံရသည့် သတင်းထွက်ပေါ်လာပြီးနောက် ပါလက်စတိုင်းအသွင်ကူး ပြောင်းရေးတွင် လွတ်လပ်သောသတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ ဂျာနယ်လစ်များ ဘေးကင်းနှင့် အသက်အန္တရာယ်ကို ကာကွယ်ပေးရန် တာဝန်ရှိကြောင်း အစ္စရေးနှင့် သိုသိုသိပ်သိပ် ဆက်ဆံနေရသည့် အိမ်ဖြူတော်က #နေတန်ညာဟု_အစိုးရအား တိုက်ရိုက်သတိပေးရသည့် အခြေဆိုက်ခဲ့ရသည်။

…   
အစ္စရေးကာကွယ်ရေးဋ္ဌာနမှ တာဝန်ရှိသူများ ပြောကြားရာတွင်မူ အဆောက်အဦးတွင် သတင်းဗျူရိုများ သာမက ဟားမတ်စ်စစ်သွေးကြွတို့၏ ရုံးခန်းများလည်း တည်ရှိနေသည်ဟု ဖြေရှင်းချက်ပေးသည်။

…  
လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် ပြိုကျသွားသော အဆောက်အအုံမှ အပျက်အစီးအပိုင်းအစများနှင့် ဖုံမှုန်တိမ်တိုက်ကြီး ထွက်ပေါ်လာပုံကို AFP သတင်းဋ္ဌာနမှ ဂျာနယ်လစ်များက စောင့်ကြည့်ခဲ့ကြသည်။

…  
အဆောက်အအုံတွင် ရုံးခန်းငှားရမ်း၍ အလုပ်လုပ်ကိုင်နေသူများတွင် အယ်လ်ဂျားဇီးယား သတင်းဋ္ဌာနလည်း ပါဝင်သည်။ ဖျက်ဆီးယုံသာမက လူသတ်ရန်ကိုပါ ရည်ရွယ်၍ လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း၊ ထိုထက်ပို၍ အများသိအောင် ထုတ်လွှင့်ပြောဆိုသူများကို နှုတ်ပိတ်ရန်အထိ ဆုံးဖြတ်ထားသည်မှာ ရှင်းနေကြောင်း၊ သို့သော်လည်း သတင်းထုတ်လွှင့်မှုကွန်ယက်ကိုမူ ရပ်ဆိုင်းသွားမည်မဟုတ်ကြောင်း အယ်လ်ဂျားဇီးယား၏ ဂျေရုဆလင်ဗျူရိုအကြီးအကဲက ပြောဆိုသည်။

…  
နိုင်ငံတကာမီဒီယာတို့ ရုံးခန်းတည်ရှိနေသည်ကို လူအများသိရှိထားသည်မှာ ကြာမြင့်ပြီဖြစ်သော အဆောက်အအုံအား အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြင်းမှာ ဂါဇာနေသူများ ခံစားချက်ကို ဖုံးလွှမ်းပွဲပျက်စေရန် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ တရားဥပဒေအပေါ် ချိုးဖောက်မှုဖြစ်နိုင်သော စစ်ရေးအရ အရပ်ဘက် အဆောက်အအုံကို တိုက်ခိုက်ရသည့် အသေးစိတ်ကျိုးကြောင်းပြချက်ကို အစ္စရေးအစိုးရအနေဖြင့် ထုတ်ပြန်ပေးရန် #နယူးယောက်အခြေစိုက်စာနယ်ဇင်းသမားများ_ကာကွယ်ရေးကော်မတီက ဂျေရုစလင်အား တောင်းဆိုလိုက်သည်။

(( ယခုသတင်းကို ပြန်လည်ရေးသားနေခိုက် ၁၉၉၉ -ခုနှစ် ယူဂိုဆလားဗီးယားနိုင်ငံအပေါ် နေတိုးမဟာမိတ်တို့က ဗုံး ကြဲတိုက်ခိုက်စဉ် ဘဲလ်ဂရိတ်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးအဆောက်အအုံကို ဒုံးကျည်ထိမှန်ခဲ့ခြင်းအား ပြန်လည် သတိရမိပါသည်။

မေလ ၈-ရက်နေ့တွင် ပဲ့ထိန်းလမ်းညွှန် ဒုံးကျည် ၅-စင်းဖြင့် တိုက်ခိုက်ခံရသဖြင့် သံရုံးအတွင်း ရှိနေသူ တရုတ် ဂျာနယ်လစ် ၃-ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့ရသည်။

ထို့ပြင် ၂၀၁၅-ခုနှစ် အောက်တိုဘာတွင် ယီမင်နိုင်ငံရှိ #နယ်စည်းမခြား_ဆရာဝန်များအဖွဲ့ Doctors Without Borders ( MSF ) ဆေးရုံကို ဆော်ဒီအာရေးဗီးယား ဦးဆောင်သော ညွန့်ပေါင်းလေတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းအပါအဝင် စာသင်ကျောင်းနှင့် ကျောင်းဘတ်စ်ကားများကို လေကြောင်းမှ တိုက်ခိုက်ခြင်း။

၂၀၁၅-ခုနှစ် အောက်တိုဘာလတွင် အာဖဂန်နစ္စတန်နိုင်ငံရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ #ကမ်ဒက်ဇ်_ဆေးရုံကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၃-ဦးအပါအဝင် လူ ၄၂-ဦး သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်များအားလုံတို့မှာ မှားယွင်းမှုဖြစ်ကြောင်း အမေရိကန်နှင့် ဆော်ဒီတို့က ဝန်ခံပါသည်။ 

ယခုသတင်းပါ ဂါဇာကမ်းမြှောင်ရှိ မီဒီယာများအဆောက်အအုံ ဖြစ်စဉ်တွင်မူ အစ္စရေးက တစ်နာရီကြာမျှ ကြိုတင်သတိပေးပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။   ။သတင်းဘာသာပြန်သူ )))


#ဂါဇာမီဒီယာများအဆောက်အအုံကို_အစ္စရေးလေကြောင်းမှတိုက်ခိုက်၍_ပြိုလဲပျက်စီး

(((AFP., May 16th, 2021,” AP ‘shocked and horrified’ by Israeli attack on media building in Gaza. ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/middle-east/2021/05/15/death-toll-rises-as-violence-rocks-gaza-israel-and-west-bank
https://www.dhakatribune.com/world/middle-east/2021/05/15/death-toll-rises-as-violence-rocks-gaza-israel-and-west-bank
https://www.washingtonpost.com/wp-srv/inatl/longterm/balkans/stories/belgrade050899.html
https://www.ruleoflaw.org.au/msf-attack-mistake-war-crime/
https://www.vice.com/en/article/kz9zxy/exclusive-saudi-arabia-admits-bombing-msf-hospital-in-yemen-but-faults-msf 

+1

Leave a Reply

Your email address will not be published.