ထင်ရှားကျော်ဇောသော သရုပ်ဆောင်မင်းသားကြီး ရှောင်ကွန်နရီ၏ သေဆုံးကြောင်းသက်သေခံလက်မှတ်အရ အဆုတ်ရောင်ခြင်းနှင့် နှလုံးအလုပ်မလုပ်နိုင်ခြင်းတို့ကြောင့် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရှိရသည်ဟု Russia Today က ယနေ့ရေးသားသည်။
TMZ မီဒီယာက ရရှိခဲ့သော သေစာရင်းတွင် ဂျိမ်းစ်ဘွန်းကြယ်ပွင့်ကြီးမှာ နျူမိုးနီးယားအဆုတ်ရောင်ခြင်းကြောင့် အသက်ရှူစံနစ်ပျက်စီးခြင်းနှင့် အသက်အန္တရာယ်ဖြစ်စေသော နှလုံးခုန်စည်ဝါးမမှန်ခြင်းတို့ကို ခံစားခဲ့ရကြောင်း ဖော်ပြထားသည်ဆို၏။
၂၀၀၃- ခုနှစ်ကတည်းက ရုပ်ရှင်ရိုက်ကူးခြင်းမှ အနားယူခဲ့သော စကော့လူမျိုး ကွန်နရီသည် လွန်ခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် ဘာဟားမားနိုင်ငံ၌ သေဆုံးခဲ့သည်။ သူသည် အချိန်အတန်ကြာ နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း အိပ်ပျော်နေစဉ် ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်ဟု ဇနီးဖြစ်သူ မစ်ရှဲလင်းရော့ဘာရွန် ပြောဆိုသည်။
အော်စကာဆုရ ရုပ်ရှင်သရုပ်ဆောင် ရှောင်ကွန်နရီသည် ဗြိတိသျှစပိုင် ဂျိမ်းစ်ဘွန်းအဖြစ် ၁၉၆၂-ခုနှစ်မှ စတင်၍ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ‘Dr. No’, ‘From Russia with Love’, နှင့် ‘Goldfinger’ အပါအဝင် ဂျိမ်းစ်ဘွန်းဇာတ်ကားပေါင်း ၇-ကား ရိုက်ကူးခဲ့သည်။
စပိုင်အဖြစ်သရုပ်ဆောင်ရာမှ လူသိများခဲ့သည့် ရှောင်ကွန်နရီ၏ ထူးခြားသော သရုပ်ဆောင်မှုကို ဒါရိုက်တာ ဂျော့လူးကပ်စ်နှင့် စတီဗင်စပီးလ်ဘတ်တို့၏ “ အင်ဒီယားနားဂျုန်း “ ၌ ကွဲပြားစွာ တွေ့မြင်ရပြီး အောင်မြင်မှု ရရှိခဲ့သည်။
ကွယ်လွန်ပြီးသူအကြောင်း မကောင်းပြောသည် မဟုတ်သော်လည်း ယောကျ်ားပီသလှသော ခန္ဓာကိုယ် အချိုးအစားပိုင်ရှင် ကွန်နရီသည် ရုပ်ရှင်ရိုက်ကူးရာတွင် အမျိုးသမီးများနှင့် ပြဿနာရှိတတ်သူဖြစ်ကြောင်း လူမှုကွန်ယက် ကီးဘုတ်စစ်သည်တော်တို့အကြား အတင်းအဖျင်းပြောဆိုမှုများ သောသောညံခဲ့သည်။
#ဂျိမ်းစ်ဘွန်းမင်းသားရှောင်ကွန်နရီကွယ်လွန်ရခြင်းမှာ_နျူမိုးနီးယားနှင့်နှလုံးရောဂါကြောင့်ဟုဆို
((( Russia Today., 29 Nov, 2020,” Sean Connery’s death certificate reveals he passed away from pneumonia & heart failure – report.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))
https://www.rt.com/news/508151-sean-connery-death-certificate/
https://www.rt.com/news/505144-sean-connery-women-problematic/
https://www.rt.com/uk/505141-sean-connery-actor-dies/