ဂျိုးဘိုင်ဒင်အတွက် အာရှ စစ်ယမ်းအိုးကြီး မဟာဗျူဟာ နေရာ ၃-ခု၊ အမေရိကန်စစ်သင်္ဘောများအား တရုတ်ရေတပ်နှင့် လေတပ်က ခြေရာခံစောင့်ကြည့်၊ အငြင်းပွားရေပြင် တောင်တရုတ်ပင်လယ်ရောက် အမေရိကန်လေယာဉ်တင်သင်္ဘော၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအသစ်တွေ့ရှိ၊


တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက ၎င်းတို့ ပိုင်ဆိုင်သည်ဟု အခိုင်အမာပြောဆိုလျှက်ရှိသော ကျွန်းများအနီးသို့ အမေရိကန်ရေတပ်မတော်၏ စစ်သင်္ဘောက ဗုဒ္ဓဟူးနေ့တွင် ခုတ်မောင်းရောက်ရှိလာသည်။ အငြင်းပွားရေပြင်တွင် သမ္မတသစ် ဂျိုးဘိုင်ဒင်အစိုးရလက်ထက် အမေရိကန်၏ စစ်ရေးတည်ရှိမှုကို အရှိန်မြှင့်တင်ပေးခြင်းအဖြစ် လွန်ခဲ့သော သီတင်းပတ်များအတွင်း ဒုတိယအကြိမ်မြောက် စစ်သင်္ဘောရောက်ရှိလာခြင်း ဖြစ်သည်ဟု CNN ( Feb.17,2021 ) က ရေးသားသည်။

..  
ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော #ယူအက်စ်အက်စ်_ရပ်ဆဲလ် သည် ၁.၃ သန်း စတုရန်းမိုင်ကျယ်ဝန်းသော ရေကြောင်းလမ်း၏ တောင်ဘက်ပိုင်းရှိ #စပရက်လီကျွန်းများမှ ရေမိုင် ၁၂ မိုင်အကွာအဝေးအထိ #လွတ်လပ်စွာရေကြောင်းသွားလာခြင်းစစ်ဆင်ရေး ( FONOP ) အဖြစ် ခုတ်မောင်းလာခြင်းဖြစ်သည်။ အဆိုပါ ရေပြင်တစ်ခုလုံးနီးပါးမှာ တရုတ်က ၎င်း၏ အချုပ်အခြာပိုင်နက်အဖြစ် သတ်မှတ်ထားသည်။

..    
တရုတ်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့တွင် ပြဋ္ဌာန်းထားသည့် တရားမဝင်ကန့်သတ်မှုများကို စိန်ခေါ်သည့် အနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ အပြစ်ကင်းစင်သော လွတ်လပ်စွာ ရေကြောင်းသွားလာခြင်း ဖြစ်ကြောင်း အင်ဒိုပစိဖိတ် စစ်နယ်မြေ အမေရိကန် အမှတ် ၇ ရေတပ်မတော်၏ သတင်းထုတ်ပြန်ချက်ကို ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ဂျိုးကိုင်လီက ရှင်းပြသည်။

..    
တရုတ်နိုင်ငံက ထင်သာမြင်သာရှိသောကျောက်တန်းများနှင့် သဲခုံများအား ခိုင်ခန့်သည့် လူလုပ်အတုကျွန်းများအဖြစ်အသွင် ပြောင်းလဲ၍ ဒုံးကျည်များ၊ လေယာဉ်ပြေးလမ်းနှင့် လက်နက်စံနစ်များ ဖြည့်တင်းနေချိန်တွင် စပရက်လီကျွန်းတန်းဆက်အား ၎င်းတို့လည်းပိုင်ဆိုင်ကြောင်း ဗီယက်နမ်၊ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က အခိုင်အမာ ပြောဆိုလျှက်ရှိသည်။

..  
လွန်ခဲ့သော ၁၂-ရက်က တောင်တရုတ်ပင်လယ် အနောက်မြောက်ရေပြင် ပါရာဆဲလ်ကျွန်းများအနီးတွင် ဖျက်သင်္ဘော #ယူအက်စ်အက်စ်_ဂျွန်မက်ကိန်းက အလားတူ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဖျက်သင်္ဘော ရပ်ဆဲလ်က ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင် အမေရိကန်လေယာဉ်တင်သင်္ဘော USS Theodore Roosevelt #ယူအက်စ်အက်စ်_သီအိုဒိုရူးစ်ဗဲ့လ် နှင့် USS Nimitz ယူအက်စ်အက်စ်_နီမစ်ဇ် တို့၏ လေယာဉ်တင်သင်္ဘော ၂-စီးပူးတွဲလျှက် ရှားရှားပါးပါး စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ရက်သတ္တပတ်မပြည့်မီလည်း ဖြစ်သည်ဆို၏။

..   
ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဂျိုးဘိုင်ဒင်အစိုးရက သတင်းထုတ်ပြန်ရာ၌ အမေရိကန်မဟာမိတ်များ၊ အထူးသဖြင့် တရုတ်နိုင်ငံနည်းတူ အဆိုပါကျွန်းများအား ပိုင်ဆိုင်ကြောင်း ပြောဆိုလျှက်ရှိသည့် ဖိလစ်ပိုင်နှင့်ဂျပန်ကဲ့သို့ ဒေသတွင်း မိတ်ဖက်နိုင်ငံများအပေါ် နိုင်ငံအချင်းချင်းကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်အရ အမေရိကန်က အကာအကွယ်ပေးရန်ဝတ္တရားရှိကြောင်း ထပ်လောင်း ကတိပြုထားသည်။

..   
တရုတ်ကမူ အမေရိကန်ရေတပ်မတော်၏ လှုပ်ရှားမှုများမှာ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုကို မီးထိုးပေးခြင်းဖြစ်၍ လုံခြုံရေးနှင့် အချုပ်အချာအာဏာပိုင်မှုကို စိုးရိမ်ဖွယ် ချိုးဖောက်ရာရောက်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထူးတလည် လျှော့ပါးစေကြောင်း၊ တောင်တရုတ်ပင်လယ်အတွင်း ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသော အခြေအနေများကို ဖန်တီးလျှက်ရှိရာတွင် တမင်ရည်ရွယ်၍ ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ် နှင့် လေတပ်တို့သည် အမေရိကန်ဖျက်သင်္ဘောများအား ခြေရာခံစောင့်ကြည့်လျှက်ရှိပြီး အဆိုပါရေပြင်မှ ထွက်ခွာသွားရန် သတိပေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

..   
သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အိမ်ဖြူတော်မှ ထွက်ခွာသွားခြင်းဖြင့် တရုတ်-အမေရိကန်တင်းမာမှု ခေတ္တရပ်တန့်သွားလိမ့်မည်ဟု ထင်မြင်ချက်များမှာ လုံးဝမှားယွင်းခဲ့ပြီဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒန်သည် ကျမ်းသစ္စာကျိန်ဆိုပြီး များမကြာမီ တရုတ်နိုင်ငံသည် သီးခြားကိုယ်ပိုင်အုပ်ချုပ်လျှက်ရှိသော ထိုင်ဝမ်ကျွန်းအနီး တိုက်ခိုက်ရေးလေယာဉ်နှစ်ဒါဇင်ကျော်ပျံသန်းခဲ့သည်။ ၎င်း၏ကမ်းရိုးတန်းစောင့်တပ်များအနေဖြင့် နိုင်ငံခြားရေယာဉ်များအား ပစ်ခတ်ခွင့်ပြုသည့် ဥပဒေကိုလည်း ပြဌာန်းခဲ့သည်။ ထိုစဉ်အတွင်း အမေရိကန်ရေတပ်ကလည်း လေယာဉ်တင်သင်္ဘောနှင့် တိုက်ခိုက်ရေး စစ်ရေယာဉ်အုပ်စုကို တောင်တရုတ်ပင်လယ်သို့ စေလွှတ်ခဲ့သည်ဟု CNN ( Jan. 28, 2021 ) က ရေးသားသည်။

..  
တရုတ်အနေဖြင့် ပြိုင်ဘက်များ၏ရည်ရွယ်ချက်များနှင့် ၎င်း၏လုပ်ရပ်အပေါ် တုံ့ပြန်လိုစိတ်ရှိခြင်းကို အကဲဖြတ်ရန် ‘စမ်းသပ်မှုများ’ ကို မကြာခဏပြုလုပ်လေ့ရှိကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် ထိုင်ဝမ်အနီး သို့မဟုတ် တောင်တရုတ်ပင်လယ်တွင် အကြီးစားစစ်ရေး လေ့ကျင့်ခြင်း၊ တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း ဥပဒေအရဟုဆိုကာ နိုင်ငံရပ်ခြားသင်္ဘောများအား ရပ်တန့်စေခြင်းအထိ ပြုလုပ်လာဖွယ်ရှိသည်၊ တရုတ်အနေဖြင့် ဘိုင်ဒင်အစိုးရသစ်၏ ကာကွယ်ရေးရှေ့တန်းစည်းများမှာ မည်သည့်နေရာများဖြစ်သည်ကို သိရှိနိုင်ရေးအတွက် ကြိုးစားလာနိုင်သည်ဟု အမေရိကန် ပစိဖိတ်စစ်ဌာနချုပ် ပူးတွဲထောက်လှမ်းရေးဌာန၏ စစ်ဆင်ရေးဒါရိုက်တာ ကားလ်ရှုစတာက ဆိုပါသည်။

..   
လေ့လာသုံးသပ်သူများကမူ တရုတ်၏ အပြု အမူမှာ ဘိုင်ဒင်အစိုးရသစ်နှင့် ပေကျင်းအကြား ဆက်ဆံရေး မတည်ငြိမ်မှုအလားအလာများအနက် ကနဦးအစသာဖြစ်လိမ့်မည်ဟု ခန့်မှန်းကြသည်။ သို့သော်လည်း ဝါရှင်တန်အစိုးရသည် တရုတ်၏ အင်ဒို – ပစိဖိတ်ဒေသရှိ နယ်မြေပိုင်နက် တောင်းဆိုချက်အပေါ်မူတည်၍ ရပ်တည်သွားမည်ဖြစ်ကြောင်း လာမည့်အစိုးရအဖွဲ့ အတွင်းရေးမှူးများက ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခဲ့သည်။

..

ဤတွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးအတွက် ပေါက်ကွဲလုနီး ယမ်းအိုးကြီးသဖွယ် နေရာ ၃-ခုမှာ မဟာဗျူဟာအသွင် ပုံပေါ်လာသည်။ ( ၁ ) အရှေ့တရုတ် ပင်လယ်ရှိ တရုတ်- ဂျပန်- ထိုင်ဝမ်တို့ ပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသော ဆင်ကာကူဒီယောင်ရူကျွန်း ( ၂ ) တရုတ်က ဝေဟင်ပိုင်နက် အကြိမ်ကြိမ် ကျူးကျော်လျှက်ရှိသော ထိုင်ဝမ်ရေလက် ကြား၊ ( ၃ ) တရုတ်-ထိုင်ဝမ်-ဖိလစ်ပိုင်-ဘရူနိုင်း- မလေးရှား- ဗီယက်နမ်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသော တောင်တရုတ်ပင်လယ်တို့ဖြစ်သည်။

..   
ယခင်ကလည်း အမေရိကန်လေယာဉ်တင်သင်္ဘောများဖြစ်သော #ယူအက်စ်အက်စ်_နီမစ်ဇ် နှင့် ယူအက်စ်အက်စ်_ရော်နယ်ရီဂင်တို့သည် လွန်ခဲ့သည့်နှစ်၌ တောင်တရုတ်ပင်လယ်အား အတူတကွ ဖြတ်သန်းခဲ့ကြဖူးသည်။

..  
ထိုစဉ်အတောအတွင်း အမေရိကန် အမှတ် ၇ ရေတပ်မတော် ပစိဖိတ်စစ်ဒေသရှိ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်_သီအိုဒိုရူးစ်ဗဲ့လ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု အသစ်တွေ့ရှိရကြောင်း New York Times ( Feb. 16, 2021 ) က ရေးသားသည်။

..   
လွန်ခဲ့သည့်နှစ် နွေဦးကာလတွင် ဗိုင်းရပ်စ်ရောဂါကူးစက်မှု ဗဟိုသဖွယ်ဖြစ်ခဲ့သည့် အဆိုပါလေယာဉ်တင်သင်္ဘောတွင် စစ်သည် ၃-ဦးမှာ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိသည်ကို တနင်္ဂနွေနေ့တွင် တွေ့ရှိရသော်လည်း မည်သည့် ရောဂါလက္ခဏာမျှ ပြသခြင်းမရှိကြောင်း၊ ရေယာဉ်ပေါ်တွင် တပ်မတော်နှင့် ရောဂါထိန်းချုပ်ရေးစင်တာ CDC ၏ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျှက်ရှိပြီး အပြည့်အ၀ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း ရေတပ်မတော် အရာရှိများထံမှ သိရှိရသည်။

..  
လွန်ခဲ့သည့်နှစ် မတ်လတွင် သီအိုဒိုရူးစ်ဗဲ့လ်ရှိ စစ်သည် ၄,၈၀၀-ဦးတို့အနက် ၅၈၅-ဦးတွင် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းခံရပြီး ၁-ဦး သေဆုံးခဲ့သည်။ မိမိတို့စစ်သည်များမှာ စစ်တိုက်နေခြင်း မဟုတ်ပဲ သေဆုံးရခြင်းမှာ မသင့်လျှော်ကြောင်း အစချီလျှက် ရေတပ်မတော်အနေဖြင့် လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်ပျက်ကွက်လျှက်ရှိကြောင်း ရေယာဉ်မှူး ကပ္ပတိန်ဘာရတ်အီးခရိုဇီရာ၏ စာမျက်နှာ ၄-မျက်နှာပြည့် ရေးသားထားသည့် ရေတပ်အရာရှိချင်းပေးစာမှာ မီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းကြောင့် ခရိုဇီရာမှာ ရာထူးမှ ချထားခြင်းခံရသည်။ နောက်ပိုင်းတွင် ခရိုဇီရာက ရေတပ်မတော်မှ နှုတ်ထွက်သွားခဲ့သည်။

..    
(( မကြာသေးမီ ရက်များအတွင်း မိတ်တွေ ၅-ယောက်ထက်မနည်းက ကျွန်တော့်အား တူညီသော မေးခွန်းတစ်ခုကို မေးမြန်းလာကြပါသည်။ တောင်တရုတ်ပင်လယ်တွင် အမေရိကန်၊ ဗြိတိန်တို့၏ စစ်သင်္ဘောများ ရောက်ရှိနေပြီး မြန်မာအား ဒုံးကျည်နှင့် ပစ်လွှတ်တော့မည်ဆိုခြင်းမှာ မှန်ကန်ပါသလားဟူ၍ ဖြစ်သည်။ မိတ်ဆွေများ ပေးပို့သည့် သမ္မတဂျိုးဘိုင်ဒင်၏ ပို့စ်အောက်တွင် မြန်မာအား ကူညီပါ ရန် Copy, Paste မန့်များ၊ ထိုသို့ မန့်သည်ကို ပြောင်လှောင်ရှုတ်ချသော အနောက်နိုင်ငံသား ဖြစ်ဟန်ရှိသူတို့၏ Reply များကိုလည်း တွေ့မြင်ရပါသည်။ 

..

ထူးသော်လည်း မဆန်းသည့် သတင်းမှာ အမေရိကန်က မြန်မာအား စစ်ရေးဖြင့် အရေးယူတော့မည်ဟု ပို့စ်များ ရေးသားလွှင့်တင်နေသူတို့မှာ ပြည်ပရောက် မြန်မာများဖြစ်ပြီး၊ အချို့မှာ ဒုက္ခသည်အဖြစ် သူတစ်ပါးနိုင်ငံတွင် မှီခိုကပ်ရပ်နေကြရသူများ ဖြစ်နေသည်။

..
အမှန်စင်စစ် အဆိုပါရေပြင်တွင် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်စစ်သင်္ဘောများ ရောက်နေခဲ့ဖူးသည်မှာ ယခုမှ မဟုတ်ချေ။တောင်တရုတ်ပင်လယ်၏ အန္တရာယ်အလွန်များသည့် ရေပြင်သည် သန္တာကျောက်တန်းများဖြင့် ပြည့်နှက်လျှက် ရှိခြင်းကြောင့် ယနေ့တိုင် အပြည့်အ၀ တိုင်းတာဆန်းစစ်ခြင်း မလုပ်နိုင်သေးချေ။ သို့သော် ကမ္ဘာ့ကုန်သွယ်ရေကြောင်းသင်္ဘောများ ဖြတ်သန်းရာ မဟာဗျူဟာမြောက်ဧရိယာဖြစ်နေသည်။

..  
အဆိုပါရေပြင်ရှိ သန္တာကျွန်းများအား ပိုင်ဆိုင်သည်ဟု တရုတ်-ထိုင်ဝမ်-ဖိလစ်ပိုင်-ဘရူနိုင်း- မလေးရှား- ဗီယက်နမ်တို့အကြားအငြင်းပွားလျှက်ရှိသည်။ တရုတ်က ကျွန်းတုတည်ဆောက်သည်ဟု ဆိုရာတွင် အနောက်မြောက်ဖက်တွင် မြင်နေရသည့် ပါရာစဲလ်ကျွန်းအနီး၌ ဖြစ်သည်။

..   
အကယ်၍ တောင်တရုတ်ပင်လယ်မှ မြန်မာထံ ပစ်လွှတ်မည့် ဒုံးကျည်သည် တရုတ်နိုင်ငံတစ်စိတ်တစ်ပိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လောနိုင်ငံ ဝေဟင်များအား ဖြတ်သန်းလာရပါလိမ့်မည်။ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရန်သာလိုအပ်သည်။

..    
တောင်တရုတ်ပင်လယ် အငြင်းပွားမှုမှာ ဆယ်စုနှစ်မျှ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ တရုတ်က လေယာဉ်ပြေးလမ်းပါ ကျွန်းတုများ တည်ဆောက်လျှက်ရှိကြောင်း ထောက်လှမ်းသိရှိရသည့် လွန်ခဲ့သောနှစ်များမှ စတင်ကာ အဆိုပါ ရေပြင်သို့ အနောက်အုပ်စု၏ စစ်သင်္ဘောများ စုရုံးရောက်ရှိလာခဲ့သည်။     ။ သတင်းဘာသာပြန်သူ ))
..
((( CNN., February 17, 2021, “ US steps up challenges to Chinese-claimed islands in South China Sea. By: Brad Lendon ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))
….
https://edition.cnn.com/2021/02/17/asia/us-navy-south-china-sea-freedom-of-navigation-intl-hnk/index.html
https://edition.cnn.com/2021/01/28/asia/us-china-military-tensions-key-areas-intl-hnk-ml/index.html
https://www.nytimes.com/2021/02/16/world/covid-coronavirus-uss-roosevelt.html
https://edition.cnn.com/profiles/clarissa-ward-profile
https://asia.nikkei.com/Politics/International-relations/South-China-Sea/US-warship-sails-in-South-China-Sea-by-China-claimed-islands
https://www.straight.com/news/khalid-zaka-a-summary-of-south-china-sea-conflict#:~:text=One%20of%20the%20world’s%20busiest,Taiwan%2C%20Malaysia%2C%20and%20Brunei.&text=China%20claims%20more%20than%2080,Islands%20and%20the%20Spratly%20Islands

0

Leave a Reply

Your email address will not be published.