ဂျီဟဒ်ဝါဒီများအား သူရဲကောင်းအဖြစ်သတ်မှတ်ခဲ့စဉ် ပါကစ္စတန်စစ်တပ်က အယ်လ်ကိုင်ဒါအကြမ်းဖက်တို့ကို လေ့ကျင့်ပေးခဲ့ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဝန်ခံ


၂၀၀၁-ခုနှစ် စက်တင်ဘာ ၁၁-ရက်နေ့ တိုက်ခိုက်မှုကြောင့် အပြစ်တင်ခြင်းခံရသော အယ်လ်ကိုင်ဒါအကြမ်းဖက်အုပ်စုကို ၁၉၈၀ ခုနှစ်တစ်ဝှိုက်တွင် ပါကစ္စတန်စစ်တပ်က လေ့ကျင့်ပေးခဲ့ကြောင်း၊ သို့သော် ဆိုဗီယက်တို့အား တိုက်ခိုက်ရန်ရည်ရွယ်ရင်းဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက ဝန်ခံသည်ဟု Russia Today က ယနေ့ ရေးသားသည်။ 


ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် အမေရိကန်နိုင်ငံ၌ရောက်ရှိနေသော ပါကစ္စတန်ဝန်ကြီးချုပ်သည် နယူးယောက် နိုင်ငံခြားဆက်ဆံရေးရုံးသို့ သွားရောက်ရာ၌ တက်ရောက်သူတို့၏ မေးခွန်းများ မေးမြန်းခြင်းခံရသည်ဆို၏။ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်သည် ၂၀၁၁-ခုနှစ် အမေရိကန်နေဗီဆီးလ်များ သုတ်သင်ခြင်းမခံရမီအထိ ပါကစ္စတန်၏အကူအညီရရှိခဲ့သည်ကို စုံစမ်းစစ်ဆေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အင်မရန်ခန်းက ယခုကဲ့သို့ ဖြေကြားခဲ့ကြောင်း သိရှိရသည်။ 

  
ကက်ရှ်မီးယားအနီး နိုင်ငံ့အရှေ့ပိုင်းတွင် ပါကစ္စတန်စစ်တက္ကသိုလ်တည်ရှိရာ အဘော့တဘက်မြို့၌ ပုန်းအောင်းနေသော အိုစမာဘင်လာဒင်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ သို့သော်မည်ကဲ့သို့ သုံးသပ်ခဲ့သည်ကို မိမိ မသိရှိပါကြောင်း၊ ပါကစ္စတန်တပ်မတော်နှင့် အကြမ်းဖက်အုပ်စုတို့အကြား အဆက်အသွယ်ရှိသည့် ရလာဒ်ကြောင့် ဖြစ်ဟန်တူကြောင်း ဝန်ကြီးချုပ်က မှန်းဆပြောကြားသည်။ 

  
ပါကစ္စတန်တပ်မတော်၏ ပြည်တွင်းထောက်လှမ်းရေး [Inter-Services Intelligence] ISI သည် ထိုစဉ်က ဆိုဗီယက်တို့အား တိုက်ခိုက်နေသည့် အယ်လ်ကိုင်ဒါနှင့် ၎င်းအုပ်စုများကို လေ့ကျင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့်  ပါကစ္စတန်နှင့်အယ်လ်ကိုင်ဒါတို့အကြား ဆက်နွယ်မှုရှိခဲ့ပြီး ဆက်နွယ်ရန်လည်း ရှိခဲ့ကြောင်း၊ သို့သော် 9/11 ဖြစ်စဉ်အပြီးနောက်ပိုင်းတွင် ပြောင်းပြန် ဆန့်ကျင်ဆုံးဖြတ်၍ ၎င်းတို့နှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ကြောင်း၊ ထိုစဉ်က ကျွန်တော်တို့အား ပါကစ္စတန်တွင် ဆန့်ကျင်သူများ ပေါ်လာပြီး တပ်မတော်မှာပင် လက်မခံသူများ ရှိခဲ့ကြောင်း ပြောကြားသည်။ 

အမေရိကန်သည် ဆိုဗီယက်သိမ်းပိုက်ထားသော အာဖဂန်နစ္စတန်ကို ခုခံစည်းရုံးရန် ပါကစ္စတန်ကို အကူအညီပေးခဲ့ကြောင်း၊ ၁၉၈၀ ပြည့်နှစ်တစ်ဝှိုက်တွင် ဂျီဟဒ်ဝါဒီတို့အား သူရဲကောင်းအဖြစ် မှတ်ယူခဲ့ကြကြောင်း၊ သို့သော် 9/11 အပြီးတွင် ပါကစ္စတန်အစိုးရတို့သည် အစွန်းရောက်ဝါဒီတို့နှင့် ခွာပြဲခဲ့ပြီးဖြစ်ကြောင်း သီးခြားအမေးကို အင်မရန်ခန်းက ဖြေကြားသည်။

  
အယ်လ်ကိုင်ဒါ Al-Qaeda အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို ဆိုဗီယက်-အာဖဂန်စစ်ပွဲပြီးဆုံးကာနီး ၁၉၈၈-ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဆိုဗီယက်တို့သိမ်းပိုက်ထားသော အာဖဂန်တွင် ပုန်ကန်ဆန့်ကျင်ကြရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်၊ ပါကစ္စတန်အပါအဝင် အခြားနိုင်ငံတို့၏ တစ်ချိန်က အမွှမ်းတင် ပွဲထုတ်ခြင်းခံရသော မူဂျာဟေဒင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

  
(( အာဖဂန်ပြည်တွင်းစစ် ပထမပိုင်းသည် ၁၉၇၉-ခုနှစ် ဆိုဗီယက်တပ်များ ကျူးကျော်ဝင်ရောက်ချိန်မှ စတင်ခဲ့သည်။ ကနဦးအစတွင် ဆိုဗီယက်တို့အား ခုခံသူတို့မှာ မော်ဝါဒီသူပုန်များနှင့် မူဂျာဟေဒင်များဖြစ်သည်။ ၁၉၈၈ -ခုနှစ်တွင် အယ်လ်ကိုင်ဒါကို ဖွဲ့စည်းပြီး၊ ၁၉၈၉-ခုနှစ်တွင် အာဖဂန်မှ ဆိုဗီယက်တပ်များဆုတ်ခွာခြင်းဖြင့် မူဂျာဟေဒင်တို့ အနိုင်ရရှိသည်။ ကဘူးမြို့တော်ကို တာလီဘန်တို့ သိမ်းယူနိုင်ခဲ့သည်။ ၂၀၀၁-ခုနှစ် စက်တင်ဘာ ၁၁-ရက်နေ့တွင် နယူးယောက်ခ်၌ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်ဦးဆောင်သောနေတိုးတပ်များက အာဖ ဂန်အား စစ်ရေးကျူးကျော်စွက်ဖက်မှု့ဖြင့် တာလီဘန်အစိုးရကို ဖြုတ်ချခဲ့သည်။ 

  
အယ်လ်ကိုင်ဒါကို ၁၉၈၈-ခုနှစ်တွင် အာဖဂန်၌ ဖွဲ့စည်းသည်။ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီတွင် အမေရိကန်၊ အိန္ဒိယနှင့် မြန်မာစသည်တို့အား ဂျီဟဒ်စစ်ကြေညာကြောင်း “ အိုစမာဘင်လာဒင်ဖတ္တဝါ “Osama bin Laden’s Fatwa ခေါ် ဘာသာရေးအမိန့်ကို အယ်လ်ကိုင်ဒါတို့က ထုတ်ပြန်သည်။ 
ထိုစဉ်က အယ်လ်ကိုင်ဒါအကြောင်း အလွန်လူသိနည်းသည့်အပြင် ဆိုရှယ်လစ်နိုင်ငံများ ဆက်တိုက်ပြိုကွဲစ နိုင်ငံရေးအပြောင်းအလဲများရင်ဆိုင်နေရသည့် ကမ္ဘာတစ်ဝှမ်းလုံးမှာပင် သတိပြုမိသူ အနည်းငယ်သာ ရှိခဲ့သည်။ လေ့လာသူများကမူ အိုင်အက်စ် ( IS ) ထက် မနီးရိုးစွဲ ရေသောက်မြစ်ဖြစ်သော အယ်လ်ကိုင်ဒါက ပို၍ကြောက်စရာ ကောင်းသည်ဟု ဆိုကြပါသည် ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 24 Sep, 2019,” Pakistani Army trained Al-Qaeda, but back when ‘jihadis were heroes’, PM Khan admits.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/469484-khan-pakistan-trained-al-qaeda/ 
https://www.theglobalist.com/osama-bin-ladens-fatwa-against-america/ 

4+

Leave a Reply

Your email address will not be published.