ဂန္ထဝင်ဘောလုံးအကျော် မာရာဒိုနား၏ အသုဘအခန်းအနား တက်ရောက်သူ များလွန်း၍ ဆိုင်းငံ့ရ၊ သေမ္မတအိမ်တော်ဝင်းအတွင်း ဒေါသထွက်နေသော မကြေနပ်သူများနှင့် ရဲတပ်ဖွဲ့ဝင်များတို့ အဓိကရုန်းဖြစ်

  
အာဂျင်တီးနားနိုင်ငံတွင်  ဗုဒ္ဓဟူးနေ့၌ ကွယ်လွန်သွားခဲ့သည့် အသက် ၆၀ အရွယ် ဂန္ထဝင်ဘောလုံးအကျော် ယေဂိုအာရမန်ဒို မာရာဒိုနာအား နောက်ဆုံးဂုဏ်ပြုနှုတ်ဆက်ရန်  ထောင်သောင်းချီသည့် လူအများမှ မြို့တော် ဗွေနိုဆိုင်ရစ်စ်သို့ စုရုံးရောက်ရှိလာကြသည်။ သို့သော်လည်း အသုဘအခန်းအနားအား အစိုးရက ရုတ်တရက် ဆိုင်းငံ့လိုက်သဖြင့် ဒေါသထွက်နေသော မကြေနပ်သူများက အစိုးရအိမ်တော်အတွင်း ဝင်ရောက်ရန်ကြိုးစားကြသည်ဟု Russia Today က ယနေ့ရေးသားသည်။


သတင်းရုပ်သံများအရ အာဂျင်တီးနားမြို့တော်တွင် ဘောလုံးသူရဲကောင်းအား ကြီးကျယ်ခန်းနားစွာ ဂုဏ်ပြုလိုသည့် လူထောင်သောင်းများစွာတို့ကို တွေ့မြင်နေရသည်။ ထိုသို့ လူအမြောက်အများ အစုအပုံလိုက် စုဝေးကြ ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ကျန်းမာရေးအတွက် ပြဿနာဖြစ်ယုံမက အများပြည်သူ လုံခြုံရေးအတွက်လည်း စိုးရိမ်ဖွယ်ဖြစ်လာခဲ့သည်။

  
မာရာဒိုနာ၏ ရုပ်အလောင်းထားရှိရာ သမ္မတအိမ်တော်ဖြစ်သော “ကာဆာရိုဆတာ နန်းတော် “ အတွင်း ဝင်ရောက်လာသူများမှာ တစ်စထက်တစ်စ ပိုမိုများလာပြီး ၎င်းတို့ကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များက ကူညီခဲ့သည်။ ထိုနောက်ပိုင်း အစိုးရနန်းတော်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းသည့် ဘောလုံးပရိဿတ်တို့သည် ထောင်မတ်ထားသော အတားအဆီးများကို ဖျက်ဆီးကြ၍ ရဲများနှင့် လုံးထွေးသတ်ပုတ်မှုများ ဖြစ်ပွားခဲ့သည်။ အသုဘအခန်းအနားအား စောစီးစွာအဆုံးသတ်မည်ဖြစ်ကြောင်း ကြေညာသည့်အခါ လူအုပ်ကြီးမှာ စိုးရိမ်ပူပန်လာသည်ဆို၏။ 


ရဲတပ်ဖွဲ့ဝင်များသည် ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်ကို အဓိကရုန်းနှိမ်နင်းရေးဒိုင်းများဖြင့် ကာကွယ်ရင်း လူအုပ်ကြီးအား နောက်ဘက်သို့ရောက်အောင် ကြိုးစားနေကြပုံကို ရုပ်သံများတွင် တွေ့မြင်ရသည်။ ရာဘာကျည်ဆံနှင့် မျက်ရည်ယိုဗုံးများလည်း အသုံးပြုသည်။ တိုက်ရိုက်သတင်းရုပ်သံရိုက်ကူးတင်ဆက်လျှက်ရှိသည့် မီဒီယာတို့မှာ ခဲနှင့်ပစ်ပေါက်လျှက်ရှိသည့် အမည်မသိလူအုပ်ကြီးနှင့် ရာဘာကျည်ဆန်များဖြင့် ပတ်ခတ်နေသည့် ရဲတပ်ဖွဲ့ဝင်များကြား အလိုလိုရောက်ရှိသွားသည်။ 

အပြန်အလှန်ပစ်ခတ်နေကြသည့် ညှပ်ပူးညှပ်ပိတ် အနေအထားတွင် သတင်းရိုက်ကူးရေးအဖွဲ့သားအချို့ ဒါဏ်ရာအနည်းငယ်ရရှိကြောင်း သိရှိရသည်။ 


ဗုဒ္ဓဟူးနေ့တွင် မာရာဒိုနားသည် အသက် ၆၀ အရွယ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူသည် မသေဆုံးမီ နှစ်ပတ်အလိုတွင် ဦးနှောက်ခွဲစိတ်ကုသမှုမှ ပြန်လည်ကောင်းမွန်လာခဲ့သူဖြစ်သည်။ 



(( မာရာဒိုနားကို ကမ္ဘာအရပ်ရပ် ဘောလုံးဝါသနာရှင်များ အသည်းစွဲဖြစ်လေရာ အာဂျင်တီးနားနိုင်ငံသားတို့အတွက်ဆိုလျှင် ပြောစရာမရှိတော့ပါ။ သူသည် အာဂျင်တီးနားအတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား တစ်ဦးဖြစ်သည်။ 

တစ်နိုင်ငံလုံးချစ်သော မာရာဒိုနားသည် အောင်မြင်နေဆဲတွင် မူးယစ်ဆေးဝါး စွဲလန်းသွားခဲ့သည်။ မာရာဒိုနာအား မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးရသော ရဲတပ်ဖွဲ့ဝင်များမှာ ဝမ်းနည်းစွာ မျက်ရည်ကျရသည်အထိ ဖြစ်ရသည်ကို ရုပ်သံတွင် တွေ့ရဖူးပါသည်။ ။ သတင်းဘာသာပြန်သူ ))

  
#မာရာဒိုနာ_ေယဂိုအာရမန္ဒိုမာရာဒိုနာ 


((( Russia Today., 26 Nov, 2020 , “Maradona funeral SUSPENDED as crowds of mourners attempt to enter government palace (VIDEOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/507946-maradona-funeral-suspended-argentina/ 

0

Leave a Reply

Your email address will not be published.