“ ငါ့နိုင်ငံထဲ.. ကိုရိုနာဗိုင်းရပ်စ်သယ်မလာနဲ့.. ” ။ လန်ဒန်လူငယ်တစ်စုတို့က ယူနီဗာစီတီ ကောလိပ်မှ စင်္ကာပူကျောင်းသားအား “ ကိုရိုနာဗိုင်းရ့ပ်စ်ကောင် “ ဟု ဆိုကာ ဝိုင်းဝန်းထိုးကြိတ်

ဗြိတိန်ရောက် စင်္ကာပူနိုင်ငံသား ကျောင်းသားတစ်ဦးအား လူငယ်တစ်စုက ဝိုင်းဝန်းထိုးကြိတ်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုသည့် လူမျိုးရေးခွဲခြားမှုအဖြစ် လန်ဒန်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းလျှက်ရှိသည်ဟု Strait Times ( ST ) က ယနေ့ရေးသားသည်။

ဖေဖော်ဝါရီ ၂၄-ရက် ည ၉း၁၅ နာရီခန့်တွင် တော့တမ်ဟမ်ကုတ်မြေအောက်ရထားဘူတာရုံအနီး အောက်စ်ဖို့လမ်းမပေါ်၌ အဆိုပါအခင်းဖြစ်ပွားမှုမှာ လူမျိုးကွဲပြားမှုအပေါ်သည်းမခံသော စော်ကားတိုက်ခိုက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ST ၏ အမေးကို ဖြေကြားသည်။

မျက်နှာတွင် ဖူးယောင်သွားအောင် ထိုးကြိတ်ခံရသူမှာ အသက် ၂၃-နှစ်အရွယ်ရှိသူဖြစ်သည်ဆိုခြင်းမှတစ်ပါး နစ်နာသူနှင့်ပတ်သက်၍ လန်ဒန်ရဲတပ်ဖွဲ့က အသေးစိတ်ပြောဆိုခြင်းမရှိချေ။

သို့သော် လန်ဒန်ယူနီဗာစီတီကောလိပ်တွင် တတိယနှစ် ဥပဒေပညာသင်ယူလျှက်ရှိသူအဖြစ် ST က သိရှိထားသည့် ဂျိုနသန်မောက်ဆိုသူ ကျောင်းသားတစ်ဦးက ဖြစ်ပွားပုံနှင့်ပတ်သက်၍ ဖူးယောင်နေသော မျက်စိတစ်ဖက်ပါ ကိုယ်တိုင်ရိုက်ဓါတ်ပုံနှင့်အတူ မတ် ၃-ရက် ယနေ့ Facebook လူမှုကွန်ရက်၌ ရေးသားလွှင့်တင်ထားသည်ကို တွေ့ရှိရသည်။

အောက်စ်ဖို့လမ်းမပေါ်တွင် လမ်းလျှောက်လာသော ဂျိူနသန်မှာ လူငယ်တစ်စုအားဖြစ်ကျော်လာစဉ် အမှတ်မထင် ပြန်လှည့်ကြည့်မိသည်ဆို၏။ “ ကိုရိုနာဗိုင်းရပ်စ်ကောင် “ ဟု လူငယ်အုပ်စုမှ အော်လိုက်သံကို ကြားရသည်။ “ ငါတို့ကို ကြည့်ရဲသလား .. မင်းက “ ဟု မေးသူက ဂျိုနသန်၏ မျက်နှာအား ဆင့်ကာဆင့်ကာ ထိုးကြိတ်ပြီး ကျန်လူငယ်များအား အနီးလမ်းသွားလမ်းလာများက ဝိုင်းဝန်းဆွဲထားခဲ့ရသည်။

ဂျိုနသန်အား မထိုးကြိတ်မီ အခြားလူငယ်တစ်ဦးက “ ငါတို့နိုင်ငံထဲမှာ မင်း ကိုရိုနာဗိုင်းရပ်စ်ကို မလိုချင်ဖူးကွ ..“ အော်ဟစ်ပြောဆိုသည်။

ထိုးကြိတ်သူ လူငယ်များမှာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အခါ ထွက်ပြေးလွတ်မြောက်သွားကြသည်။ ယခုထိ လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပဲ၊ လုံခြုံရေးကင်မရာများမှ ဖမ်းယူထားသည့် ကျူးလွန်ကြောင်း သံသယရှိသူများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း၊ ST က အသေးစိတ် ပိုမိုသိရှိနိုင်ရန် ကျောင်းသားဂျိုနသန်နှင့် ဆက်သွယ်ရန်ကြိုးစားလျှက်ရှိသည်ဟု သတင်း၌ ဆက်လက် ဖော်ပြသည်။

((( Strait Times., 3 Mar 2020, “ Coronavirus: UK police investigating ‘racially motivated’ attack on Singaporean student in London. By: Jean Iau “ ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်နှင့်လန်ဒန်လူမျိုးရေးခွဲခြားမှု

https://www.straitstimes.com/singapore/singaporean-student-in-london-seeks-eyewitnesses-after-coronavirus-related-taunt-and
0

Leave a Reply

Your email address will not be published.