ငှက်ဖျားရောဂါကု ဆေးဝါးအချို့ကို ပြည်ပပို့ကုန်အဖြစ် အိန္ဒိယအစိုးရက ပြန်လည်ခွင့်ပြု။ ကိုဗစ်နိုင်တင်းအတွက် လိုအပ်ဟန်တူသည့် ငှက်ဖျားကုဆေးဝါးများတင်ပို့မှုကို အိန္ဒိယက တားဆီးနေခြင်းမှ မပယ်ဖျက်လျှင် လက်တုန့်ပြန်မည်ဟု ဒေါ်နယ်ထရမ့် ဖိအားပေးခဲ့

ကိုဗစ်နိုင်တင်းရောဂါကုသရာတွင် အသုံးဝင်ဟန်တူသော ဆေးဝါးအချို့ကို အိန္ဒိယအစိုးရက ပြည်ပပို့ကုန်အဖြစ် တားဆီးထားခြင်းမှ ဖျက်သိမ်းပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပြီးနောက် နာရင်ဒြာမိုဒီအစိုးရက ငှက်ဖျားရောဂါကုဆေး hydroxychloroquine ဟိုက်ဒရောက်ဆီကရိုလိုကွင်းနှင့် အကိုက်အခဲ ပျောက်ဆေး paracetamol ပါရာစီတမောလ်တို့ကို ပြည်ပသို့ ပြန်လည်တင်ပို့ပြုလိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 

စောစောပိုင်း၌ အိန္ဒိယအစိုးရသည် ပြည်တွင်းလိုအပ်ချက်ကြောင့် ဆေးဝါးအချို့ကို ပြည်ပတင်ပို့ခွင့် တားမြစ်ထားခဲ့ရာ အဆိုပါ ဆေးဝါး ၂-မျိုးလည်းပါရှိသည်ဆို၏။ လွန်ခဲ့သော တနင်္ဂနွေနေ့၌ နာရင်ဒြာမိုဒီထံ ဒေါ်နယ်ထရမ့်က တယ်လီဖုန်းဆက်သွယ်ရာတွင် ကိုဗစ်နိုင်တင်းရောဂါ ကုသရေးအတွက် ဆေးဝါးများလိုအပ်လျှက်ရှိကြောင်း ပါရှိသည်။ သို့သော် နောက်ပိုင်းတွင် မိုဒီအနေဖြင့် အမေရိကန်လိုအပ်သည့် ဆေးဝါးများကို ဆက်လက်တားဆီးနေပါလျှင် ထရမ့်အစိုးရက လက်တုန့်ပြန်ရလိမ့်မည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်ဟု သိရှိရသည်။ 

အင်္ဂါနေ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်၌ အိန္ဒိယ၏ ဆေးဝါးထုတ်လုပ်မှုအပေါ် ရပ်တည်လျှက်ရှိသည့် အိမ်နီးချင်းနိုင်ငံအားလုံးအတွက် ဟိုက်ဒရောက်ဆီကရိုလိုကွင်းနှင့် ပါရာစီတမောလ်တို့ကို သင့်လျှော်သော အရေအတွက် ပမာဏအတွင်း ပြည်ပတင်ပို့ရန် ခွင့်ပြုလိုက်ကြောင်း၊ ကူးစက်ကပ်ရောဂါကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည့် နိုင်ငံအချို့အတွက်လည်း မရှိမဖြစ် လိုအပ်သောဆေးဝါးများအား ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဆို၏။ 

ငှက်ဖျားရောဂါကုဆေး ဟိုက်ဒရောက်ဆီကလိုရိုကွင်းကို ကိုဗစ်နိုင်တင်းကုသရန် အလားအလာကောင်း တစ်ခုအဖြစ် အမေရိကန်သမ္မတက အမွှန်းတင်လိုက်ပြီးလျှင် ၎င်းအနေဖြင့် ရောဂါကူးစက်ခံရလျှင် တစ်နေ့တစ်လုံး ကိုယ်တိုင်သောက်မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု Russia Today က ( ဧပြီ-၀၅၊ ၂၀၂၀ ) ရေးသားသည်။ 

ကိုဗစ်-နိုင်တင်းရောဂါအပေါ် ဟိုက်ဒရောက်ဆီကရိုလိုကွင်း၏ ထိရောက်မှုမှာ စမ်းသပ်ဆဲဖြစ်သော်လည်း အမေရိကန်အစိုးရအနေဖြင့် ကြိမ်ရေ ၂၉-သန်းစာ ပမာဏရှိ အဆိုပါဆေးဝါးများကို သိုလှောင်ထားပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်သည်။ 

အတိအကျ စမ်းသပ်ရသေးခြင်းမရှိ၊ အလွန်အန္တရာယ်များသော ဆေးဝါးကို တာဝန်ယူမှုမပါပဲ အရောင်တင် ပြောဆိုမှုအတွက် ရှုတ်ချဝေဖန်မှုများ ထွက်ပေါ်လာခဲ့သော်လည်း လူနာအနေဖြင့် ကုထုံးအပေါ် ရွေးချယ်ခွင့်ရှိကြောင်း ဒေါ်နယ်ထရမ့်က စိတ်အားထက်သန်စွာ ချေပပြောဆိုသည်။ 

သာမန်အားဖြင့် ငှက်ဖျားရောဂါကုသရာတွင်အသုံးပြုလေ့ရှိသည့် ဆေးဝါးအမျိုးမျိုးကို ကိုဗစ်နိုင်တင်းရောဂါ ကုသရာတွင် ကုထုံးတစ်ရပ်အဖြစ်ထည့်သွင်းရန် အခြေအတင် အငြင်းပွားမှုမှာ ယခုအကြိမ်သည် ပထဆုံးမဟုတ်ချေ။ အမေရိကန် ကျန်းမာရေးဌာနနှင့် သမ္မတဒေါ်နယ်ထရမ်အစ ရုရှားဆေးသိပ္ပံပညာရှင်အဆုံး အဖွဲ့အစည်း ပုဂ္ဂိုလ်ပေါင်းများစွာတို့ အကြိမ်ကြိမ် ငြင်းခုန်ခဲ့ကြပြီး ငြင်းခုန်နေကြဆဲဖြစ်သည်။ 

သို့သော် ကိုဗစ်နိုင်တင်းအတွက် ဟိုက်ဒရောက်ဆီကလိုရိုလိုကွင်းကောင်းသည်ဟု လူသိများထင်ရှားသူတို့ ပြောဆိုသည့်အခါတိုင်း လူအများ ကြောက်လန့်တကြား အပြေးအလွှား ဝယ်ယူစုဆောင်းလေ့ရှိကြသည်။ အိန္ဒိယအစိုးရကလည်း ၎င်းဆေးဝါးကို ရောဂါကပ်ဆိုက်ချိန် ပြည်တွင်းသုံးရန်ဦးစားပေး၍ ပြည်ပတင်ပို့ခြင်းမှ ဆိုင်းငံ့လိုက်သည်။ 

နောက်ဆက်တွဲအဖြစ် အရေပြားနာတာရှည်ရောဂါ၊ အဆစ်ရောင်လေးဖက်နာတို့အတွက် ကုသဆေးလည်းဖြစ်သည့် ဆေးဝါးများ ရှားပါးပြတ်လပ်မှုဖြစ်ပေါ်ရသည့် အဖြေသာထွက်ခဲ့သည်။ 

(( အနောက်တိုင်းဆေးဟု ကျွန်တော်တို့ဆီတွင် လူသိများသည့် ဆေးဝါးအများစုမှာ ဓါတုဗေဒပစ္စည်းများ ဖြစ်ကြပါသည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်က လက်ခံနိုင်သည့် အတိုင်းအတာ ပမာဏရှိကြောင်း လုံးဝသေချာပါသည်။ ထို့ပြင် ဘေးထွက်ဆိုးကျိုးလည်း ရှိတတ်ပြီး အချို့သော ရောဂါအခံရှိသူများအတွက် အသုံးပြုရန် မသင့်သော ဆေးဝါးများလည်း ရှိနေသည်။ 

ထို့ကြောင့် ဟိုက်ဒရောက်ဆီကလိုရိုကွင်းနှင့် ပတ်သက်၍ သတင်းအနေဖြင့်သာ သိရှိရန်ဖြစ်ပြီး မူရင်းမှ မလိုအပ် သော စာပုဒ်များ ချန်လှပ်ထားရပါသည်။ မည်သည့်ဆေးဝါးမဆို သက်ဆိုင်ရာ ဆရာဝန်ညွှန်ပြခြင်းမရှိပဲ စမ်းသပ်သုံးစွဲခြင်း မပြုသင့်ကြောင်း သတိပေးအပ်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 

((( Dhaka Tribune., Apr. 7, 2020, “India will allow some exports of anti-malaria drug after Trump appeal.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူဖော်ပြချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ ))) 

#ကိုဗစ်နိုင်တင်းအိန္ဒိယအမေရိကန် #ဟိုက်ဒရောက်ဆီကရိုလိုကွင်း 

https://www.dhakatribune.com/health/coronavirus/2020/04/07/india-will-allow-some-exports-of-anti-malaria-drug-after-trump-appeal 
https://www.rt.com/news/484998-trump-modi-hydroxychloroquine-coronavirus/ 
https://www.rt.com/news/484632-covid-19-game-changer-drugs/ 
https://www.rt.com/op-ed/484321-scientists-dispassionately-coronavirus-fear/ 
https://www.rt.com/news/484010-india-drug-export-ban-coronavirus/ 

0

Leave a Reply

Your email address will not be published.