စင်္ကာပူတွင် လော်ဟေးတရုတ်နှစ်ကူးစားဝိုင်း စားသောက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားကြောင်းတွေ့ရှိ။ တရုတ်ပြည်လည်းမရောက်ဖူး-ကူးစက်ခံရသူနှင့်လည်း ထိတွေ့ခဲ့ဖူးသူမဟုတ်ဟုဆို။ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ရောဂါလက္ခဏာမပြပဲ ရှိသူမှ တစ်ဆင့်ရောဂါကူးစက်နိုင်ခြင်း ရှိ-မရှိ စစ်ဆေးလျှက်ရှိ

စင်္ကာပူတွင် အသက် ၄၁-နှစ်အရွယ် နိုင်ငံသားတစ်ဦးမှာ မိတ်ဆွေတစ်စုနှင့်အတူ လော်ဟေးတရုတ်နှစ်သစ်ကူးစားဝိုင်း စားသောက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသည်ကိုတွေ့ရှိရပြီး အနည်းဆုံး လူ ၈-ဦးထက်မနည်းကို Quarantine ရောဂါခြေချုပ်ချထားရသည်ဟု Strait Times သတင်းစာက ယနေ့ရေး သားသည်။ ( သတင်းစာအချို့တွင် Quarantine ချထားသူ ၂၉-ဦးရှိ )

အဆိုပါ ဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားသူသည် မိတ်ဆွေ ၂၀-ခန့်နှင့်အတူ ဂျိုရောင်းရှိ တရုတ်စားသောက်ဆိုင်တွင် တရုတ်နှစ်သစ်ကူးစားဝိုင်း စားသောက်ခဲ့သည်ဆို၏။ ထိုမှတစ်ပါး တရုတ်ပြည်သို့လည်းမရောက်ဖူး ကူးစက် ခံရသည်ဟု သံသယရှိသူနှင့်လည်း ထိတွေ့ခဲ့ဖူးသူမဟုတ်ကြောင်း သိရှိရသည်။

ယခုဗိုင်းရပ်စ်ကူးစက်ခံရသူသည် နှစ်သစ်ကူးစားသောက်ခဲ့သည့် ဇန်နဝါရီ ၂၈ တွင် စတင်ဖျားနာပြီး၊ ၂၉, ၃၀ ရက်နေ့များ၌ အထွေထွေရောဂါကု ဆေးခန်း ၂-ခုသို့ အသီးသီးသွားရောက်ပြသခဲ့သည်။ ဖေဖော်ဝါရီ ၃-ရက်နေ့တွင် မောင့်အဲလိဇဘက်နိုဗီနာဆေးရုံ၌ ဆက်လက်ပြသခဲ့သည်။

စင်္ကာပူနိုင်ငံ၌ ရောဂါကူးစက်ပျံ့ပွားမှု သတိပေးချက်ကို လိမ္မော်ရောင်အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ယနေ့ကြေညာသည်။ ယခုသတိပေးချက်မှာ နေရာအနှံ့ ထိန်းချုပ်မရသော ကူးစက်ရောဂါပြန့်နှံ့မှု ( အနီရောင် ) အဆင့်အောက် ဖြစ်သည်။ နောက်ဆုံးတွေ့ရှိရသော ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၃-ဦးမှာ တရုတ်နိုင်ငံသို့ ရောက်ဖူးခြင်းမရှိ၊ ကူးစက်ခံထားရသူနှင့် ထိတွေ့ခဲ့ဖူးသူများ လည်း မဟုတ်ချေ။

2019 n-CoV ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာပြသခြင်းမရှိသူများထံမှ တစ်ဆင့်ကူးစက်နိုင်သည်ဟု မျှော်လင့်ရပြီး၊ စင်္ကာပူနိုင်ငံ၌ ယခုနောက်ဆုံးတွေ့ရသည်မှာ ထိုသို့ ဟုတ်-မဟုတ် အရင်း အမြစ်ရှာဖွေနိုင်ခြင်း မရှိသေးချေ။

ယခုထိ စင်္ကာပူတွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူ ၃၃-ဦးရှိခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်၌ စိုးရိမ်အခြေအနေရှိသူ ၂-ဦး၊ ကုသပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂-ဦးရှိသည်။

((( The Strait Times., Feb-07,2020, “Coronavirus: 41-year-old infected Singaporean had lohei lunch with colleagues; at least eight now quarantined.By: Cara Wong, Tan Tam Mei ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#လော်ဟေးတရုတ်နှစ်သစ်ကူးစားဝိုင်း #ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီးရောဂါလက္ခဏာမပြသူ

https://www.straitstimes.com/singapore/coronavirus-41-year-old-infected-man-had-lohei-lunch-with-colleagues-at-least-eight-now?cx_testId=20&cx_testVariant=cx_1&cx_artPos=6#cxrecs_s

https://www.straitstimes.com/singapore/health/coronavirus-new-measures-to-kick-in-as-singapore-moves-to-code-orange

0

Leave a Reply

Your email address will not be published.