စစ်ဘက်ဝန်ထမ်းများ မိမိကိုယ်မိမိ သတ်သေမှုတိုးပွားလာနေခြင်းကို စုံစမ်းစစ်ဆေးမည်ဟု သြစတြေးလျဝန်ကြီးချုပ် ကြေညာ။ ၂၀၀၁-ခုနှစ်မှစ၍ လက်ရှိနှင့် စစ်မှုထမ်းဟောင်း ၅၀၀ ကျော် အဆုံးစီရင်ခဲ့ကြ။ အစိုးရက တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် လူအများ ဒေါသတကြီး တောင်းဆို


သြစတြေးလျတပ်မတော်အတွင်း စစ်ဘက်ဝန်ထမ်းများ၏ မိမိကိုယ်မိမိ သတ်သေသည့် အရေအတွက် တိုးပွားလာနေခြင်းမှာ အများပြည်သူတို့အကြား ဒေါသဖြစ်စေခဲ့ပြီး အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် ဖိအားပေးမှု ပြင်းထန်လျှက်ရှိသည်။ ထိုအတွက် စုံစမ်းစစ်ဆေးရန် တော်ဝင်ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း #ဝန်ကြီးချုပ်_စကော့မောရစ်ဆင်က ကြေညာသည်ဟု Russia Today(Apr 19,2021) က ရေးသားသည်။

…  
အစိုးရ၏ ကိန်းဂဏန်းများအရ ၂၀၀၁ ခုနှစ်မှ စ၍ လက်ရှိနှင့် ယခင်စစ်မှုထမ်းဟောင်းများအကြား မိမိကိုယ်ကို အဆုံးစီရင်သူ ဦးရေမှာ ၅၀၀ ကျော်ရှိခဲ့ကြောင်း၊ ထိုအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုဖြစ်သော်လည်း စစ်မှုထမ်းဟောင်းများနှင့် စစ်ဘက်ဆိုင်ရာ မိသားစုတို့အနေဖြင့် စိတ်သက်သာရာ ရရှိကြလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အဆိုပါဖြစ်စဉ်ကိုလည်း ကုစားနိုင်မည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ်က သတင်းထောက်များအား ရှင်းပြသည်။

…   
စစ်သားတစ်ဦး၏ မိခင် ဂျူလီအန်းဖင်နေးအမည်ရှိ အမျိုးသမီးကြီးမှာ သားဖြစ်သူ တာဝန်ထမ်းဆောင်ရာမှ ပြန်လည်ရောက်ရှိလာပြီးနောက် မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သည်။ ထိုအတွက် အများပြည်သူတို့အကြား၌ မကြေနပ်မှုတိုးပွားလာပြီး အစိုးရအနေဖြင့် တပ်မတော်အတွင်း တိုးတက်ကောင်းမွန်အောင် ထောက်ပံ့ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။

…  
အထူးတိုက်ခိုက်ရေး တပ်ဖွဲဝင်ဟောင်းတစ်ဦးကမူ ဂျူလီအန်းဖင်နေးဖြစ်စဉ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်၏ သတင်းထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းကို ပထမခြေလှမ်းအဖြစ်သာ သတိထား လက်ခံရမည်ဖြစ်ပြီး အစစ်အမှန်အပြောင်းအလဲသို့ ဦးတည်သည့် စုံစမ်းစစ်ဆေးမှု ဖြစ်ရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် ပြဿ နာ၏ သဘောသဘာဝကို အမှန်တကယ်နားလည်ရေးအတွက် စစ်မှုထမ်းဟောင်းများနှင့် စကားပြောဆိုရန် လိုအပ်ကြောင်း ဝေဖန်သည်။

…   
တော်ဝင်ကော်မရှင်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ရည်မှန်းထားပြီး တွေ့ရှိချက်နှင့် အကြံပြုချက်များကို အစိုးရထံ ၂-နှစ်အတွင်း တင်ပြရမည်ဖြစ်သည်။ အပြောင်းအလဲများကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများကို ကြီးကြပ်ရန်အတွက် ကော်မရှင်နာမင်းကြီးတစ်ဦးကို အစိုးရက သီးခြားခန့်အပ်မည်ဖြစ်ကြောင်း သိရှိရသည်။

(( ကိုလိုနီခေတ် #အင်္ဂလိပ်အရေးပိုင်_မောရစ်_ကောလစ်ကို စာဖတ်ဝါသနာရှင်အတော်များများ သိရှိပြီး ဖြစ်ပါလိမ့်မည်။ အရပ်ဘက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အရာရှိတစ်ဦးဖြစ်သူ မောရစ်ကောလစ်သည် မြန်မာတို့အပေါ် ချစ်ခင်လေးစားပြီး မြန်မာပြည်အတွင်း ၎င်း၏ အတွေ့အကြုံ ဖြစ်ရပ်မှန်များစွာတို့ကို ရေးဖွဲ့ မှတ်တမ်းတင်ခဲ့သူဖြစ်သည်။

…  
ပထမကမ္ဘာစစ်ဖြစ်ပွားချိန်တွင် မောရစ်ကောလစ်သည် ဗြိတိသျှတော်ဝင်_ကြည်းတပ်မတော်သို့ အရာရှိတစ်ဦးအဖြစ် ယာယီပြောင်းရွှေ့ အမှုထမ်းသည်။ ကောလစ်သည် တပ်ရင်း တစ်ရင်းစာမျှ ရှိမည်ဟု ခန့်မှန်းရသည့် မြန်မာစစ်သားများကို ဦးဆောင်ကာ မက်ဆိုပိုတေးမီးယား ခေါ် ယခု အီရတ်နိုင်ငံဖြစ်လာမည့်ဒေသ၌ တာဝန် ထမ်းဆောင်ရသည်။

…  
ကောလစ်၏ အရှေ့အလယ်ပိုင်းစစ်မြေပြင် အတွေ့အကြုံများတွင် မိမိကိုယ်မိမိ အဆုံးစီရင်ကြသော မြန်မာစစ်သားများအကြောင်းလည်း ပါဝင်သည်။

…  
ဂျပန်ခေတ်တွင်လည်း ကိုယ့်ကိုယ်ကို သတ်သေသော မြန်မာစစ်သားများအကြောင်း ဖတ်ရှု့ရဖူးပါသည်။ ကမ္ဘာအရပ်ရပ်ရှိ လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့များအတွင်း မိမိကိုယ်မိမိ သတ်သေသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်လေ့ရှိပြီး ၎င်းမှာ ထူးဆန်းသည့် စိတ်ဝေဒနာတစ်မျိုးဖြစ်ကြောင်းလောက်သာ ကျွန်တော်သိရှိပါသည်။

…  
သြစတြေးလျတပ်မတော်ကဲ့သို့  ခေတ်မီစစ်လက်နက်များကိုင်ဆောင်၍  ရိက္ခာ စစ်ဝတ်စုံမှအစ ထောက်ပံ့ပို့ဆောင်မှု အဆင့်မြင့်မားသည့် လက်နက်ကိုင်တပ်ဖွဲ့အတွင်း စစ်သည်များသာမက မိသားစုဝင်များပါ မိမိကိုယ်မိမိ အဆုံးစီရင်မှု များပြားလာရသည့် အကြောင်းရင်းများကို ကျွန်တော် ကိုယ်တိုင် ဗဟုသုတအဖြစ် အမှန်တကယ် သိရှိလိုပါသည်။ ။သတင်းဘာသာပြန်သူ))

(((Russia Today., 19 Apr, 2021,” Australian PM announces inquiry after public outrage over rising military suicides.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)))

#သြစတြေးလျတပ်မတော်အတွင်း_မိမိကိုယ်မိမိ_အဆုံးစီရင်မှုများပြား

https://www.rt.com/news/521470-australia-royal-commission-military-suicides/ 

0

Leave a Reply

Your email address will not be published.