စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း သက်သေထွက်ဆိုခဲ့သည့် တပ်ပြေး မြန်မာစစ်သား ၂-ဦးကို နိုင်ငံတကာရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရာတွင် တရုတ်က ကြိုးကိုင်ခဲ့ဟု အိန္ဒိယမီဒီယာဖော်ပြ။ တရုတ်ထောက်လှမ်းရေးအေဂျင်စီက AA အား အကူအညီပေးခြင်းဖြစ်နိုင်ဟု ဆို


  
မြန်မာ့တပ်မတော်က ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသည့် မြန်မာစစ်သား ၂-ဦးတို့အား နိုင်ငံတကာရာဇဝတ်တရားရုံး ICC သို့ လွှဲပြောင်းပေးရာတွင် တရုတ်နိုင်ငံက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အိန္ဒိယအခြေစိုက် World is one news ( WION ) Nov 10, 2020 က ရေးသားသည်။ 

  
မြန်မာစစ်သားများဖြစ်သော မျိုးဝင်းထွန်း ( ၃၃-နှစ် ) နှင့် ဇော်နိုင်ထွန်း ( ၃၀-နှစ် ) တို့သည် မြန်မာနိုင်ငံအတွင်း၌ ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုရန် ICC သို့ ရောက်ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အနောက်ပိုင်း၌ ဒုက္ခသည်ဘင်္ဂါလီလူနည်းစုတို့အပေါ် မြန်မာ့တပ်မတော်က ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့ပါဝင်ခဲ့ပုံကို မြန်မာစစ်သားများက ဖြောင့်ချက်ပေးကြောင်း၊ ထိုသို့ ဝန်ခံသည့် ဗွီဒီယိုကို NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Fortify Rights က ထုတ်လွှင့်ခဲ့သည်ဟု The Zee News channel ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော WION က ဖော်ပြသည်။ 


မြန်မာ့တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ အဆိုပါ စစ်သား ၂-ဦးမှာ တပ်ပြေးများဖြစ်ပြီး အတင်းအကြပ် ဖိအားပေးမှုကြောင့် ထိုသို့ထွက်ချက်ပေးရခြင်း ဖြစ်နိုင်ကြောင်းပြောဆိုသည်။ စစ်သား ၂ – ဦး၏ ဖြောင့်ချက်ကို နိုင်ငံတကာတရားခုံရုံး ( ICJ ) ၌ မြန်မာအား တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံက အသုံးပြုလိမ့်မည်ဟု မျှော်လင့်ရသည်။ 

  
သတင်းရင်းမြစ်များအရ သြဂုတ်လလယ်ပိုင်း၌ ၎င်းစစ်သားများကို မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရ်ှသို့၎င်း ထိုမှ ICC တည်ရှိရာ နယ်သာလန်သို့ ပြောင်းရွှေ့ရာ၌ အဆင်ပြေချောမောစေရန် တရုတ်က ကူညီခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် မြန်မာစစ်သား ၂ ဦး ကိစ္စနှင့်ပတ်သက်၍ ICC က လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိချေ။ 

  
ယခုဖြစ်စဉ်တွင် ပြည်နယ်အတွင်း မြန်မာ့တပ်မတော်မှ တပ်ပြေးများကို ရှာဖွေတွေ့ရှိခဲ့သည့် ရခိုင်သောင်းကျန်းသူ အုပ်စုတစ်စုဖြစ်သော AA နှင့် ပတ်သက်ကြောင်းလည်း ပေါ်ပေါက်လာသည်။ တရုတ်ထောက်လှမ်းရေး အေဂျင်စီ – လုံခြုံရေးဝန်ကြီးဌာနသည် AA အား အကူအညီပေးပုံရကြောင်း ညွှန်ပြနေသည်။ 

  
ထိပ်တန်းမြန်မာစစ်ခေါင်းဆောင်များက တရုတ်ဆန့်ကျင်ရေးမှတ်ချက်များကို ပြောဆိုနေသည့်အချိန်တွင် ယခုကဲ့သို့ ဖြစ်လာကြောင်း တွေ့ရှိရသည်။ 

  
အင်အားကြီးနိုင်ငံတစ်ခုက မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအား လက်နက်နှင့် ပစ္စည်းများထောက်ပံ့နေခြင်းဖြစ်ပြီး ထိုအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆိုးရွားစွာ ထိခိုက်ခဲ့ရကြောင်း ရုရှားရုပ်မြင်သံကြားနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ 

  
စင်စစ်အားဖြင့်မူ ယခုနှစ်စောစောပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်စဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစေရန် မြန်မာစစ်ခေါင်းဆောင်များက အားထုတ်ခဲ့ခြင်းဖြစ်သည်။ 



(( ယခုသတင်းကို WION က ၎င်း၏ Twitter နှင့် Facebook စာမျက်နှာတို့တွင် လွှင့်တင်ခဲ့ပြီး၊ Euro-Burma Office ကလည်း ကူးယူဖော်ပြကြောင်း တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ )) 


#တပ်ပြေးမြန်မာစစ်သားများ #နိုင်ငံတကာရာဇဝတ်တရားရုံးသို့လွှဲပြောင်းပေးရာတွင်တရုတ်ကြိုးကိုင် 
#AAနှင့်တရုတ်ချိတ်ဆက်ရှို 


(((WION., Nov 10, 2020, “How China played a key role in handing over Myanmar soldiers to international criminal court. By: Sidhant Sibal ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.wionews.com/world/how-china-played-a-key-role-in-handing-over-myanmar-soldiers-to-international-criminal-court-342248. 
https://www.facebook.com/WIONews/posts/1593606440849985 
https://twitter.com/WIONews/status/1326210512464478208 
http://www.euro-burma.eu/news/show/42937/ 

1+

Leave a Reply

Your email address will not be published.