စစ်ရေးဆိုင်ရာကုန်သွယ်ခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ကြောင်း ဝန်ခံသော်လည်း ဆော်ဒီသို့ စစ်လက်နက်ရောင်းချမှုပြန်လည်စတင်ရန် ဗြိတိန်ဆုံးဖြတ်။ လူ့အခွင့်အရေးအချိုးဖောက်ဆုံးအဖြစ် ဗြိတိသျှအစိုးရသည် မိမိကိုယ်မိမိ ဒါဏ်ခတ်ပိတ်ဆို့သင့်ဟု ဆို

စစ်ဘေးဒါဏ်သင့် ယီမင်တွင် ပါဝင်တိုက်ခိုက်လျှက်ရှိသော ဆော်ဒီဦးဆောင်သည့် ပင်လယ်ကွေ့ ညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ရေးဆိုင်ရာကုန်သွယ်ခြင်းမပြုရန် ရှုတ်ချမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေလင့်ကစား ဗြိတိန်က အဆိုပါနိုင်ငံများကို စစ်ရေးလေ့ကျင့်ပေးလျှက်ရှိသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

ဗြိတိန်တော်ဝင်ရေတပ်မတော်သည် ဆော်ဒီအာရေဗျနှင့် ယူအေအီးမှ ရေတပ်အရာရှိများအား ညွှန်ပြလေ့ကျင့်ပေးလျှက်ရှိပြီး ၎င်းနိုင်ငံများ၏ ပင်လယ်ရေကြောင်း တားဆီးပိတ်ဆို့မှုများကြောင့် ယီမင်နိုင်ငံတွင် စစ်ဒါဏ်သင့် အရပ်သား သန်းပေါင်းများစွာတို့မှာ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်ဆို၏။

၂၀၁၅ ခုနှစ်တွင် စက်တင်ဘာလတွင် ယူအေအီးရေတပ်မှ အရာရှိတစ်ဦးသည် အင်္ဂလန်တောင်ပိုင်း၌ ရက်သတ္တ ၄-ပတ်ကြာ စစ်ဖက်သင်တန်းတက်ရောက်ခဲ့သည်။ သင်တန်းတွင် “ တန်ပြန်တစ်ပတ်ရိုက်နည်း “ “ တားဆီးရေယာဉ်အား တက်ရောက်ရှာဖွေနည်း “ တို့ပါဝင်သည်။ လအနည်းငယ်အကြာတွင် ဆော်ဒီဦးဆောင်သောညွန့်ပေါင်းအဖွဲ့က ယီမင်အပေါ် ပိတ်ဆို့မှု စတင်ခဲ့ပြီး ဟူသီသူပုန်တို့ထိန်းချုပ်ထားသည့် ဟော့ဒိုင်ဒါဆိပ်ကမ်းအား ဗုံးကြဲခဲ့ရာ ကုန်တင်ချ ယန္တယားများ၊ ကုန်ပစ္စည်းသိုလှောင်ရုံများနှင့်အတူ ဂိုဒေါင်များရှိ လူသားချင်း စာနာမှုဆိုင်ရာ အရေးကြီးပစ္စည်းများပါ ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။

ထိုမှ ၆-လကြာပြီးနောက် ဗြိတိသျှတော်ဝင်ရေတပ်မတော်အရာရှိများသည် ဆော်ဒီအာရေဗျတွင် ရေတပ်အရာ ရှိ ၁၅-ဦးကို တစ်ပတ်ကြာ လေ့ကျင်သင်ကြားပေးခဲ့ကြောင်း၊ ၂၀၁၆ စက်တင်ဘာမှ ၂၀၁၇ မတ်လအတွင်း ဗြိတိန်သည် ဆော်ဒီနှင့် ယူအေအီးတပ်များအား ပင်လယ်ပြင်ဥပဒေနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများ သင်ကြားပေးခဲ့ကြောင်း၊ ယီမင်နိုင်ငံတွင် ထိခိုက်ပျက်စီးမှုများ အလျှင်အမြန် ဖြစ်ပေါ်ခဲ့ရသည့် ၂၀၁၉-ခုနှစ်အထိ ဗြိတိသျှ ရေတပ်မတော်နှင့် ဆော်ဒီဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့ဝင်နိုင်ငံများ ဆက်သွယ်မှုရှိနေခဲ့ကြောင်း၊ လုံခြုံရေးအဆင့် လျှော့ချလိုက်သော စာရွက်စာတန်းများအရသိရှိရသည်။

ဗြိတိန်၏ လေ့ကျင့်သင်ကြားပေးမှုများသည် ယနေ့တိုင်အောင် ဆက်လက်တည်ရှိနေကြောင်း၊ ဆော်ဒီရေတပ်မတော်သို့ အကြံပေးအဖြစ် ဗြိတိန်ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး ၁-ဦးအပါအဝင် အရာရှိ ၅-ဦး ငှားရမ်းထားကြောင်း၊ ဗြိတိန်၏ အကြီးဆုံးလက်နက်ကုမ္ပဏီဖြစ်သော BAE Systems သည် ဆော်ဒီရေတပ်နှင့် စာချုပ်ချုပ် ဆိုထားကြောင်း စစ်ရေးဖြစ်စဉ် စောင့်ကြည့်လေ့လာသူတို့က ပြောဆိုသည်။

၂၀၁၅-ခုနှစ်မှစတင်ကာ ဆော်ဒီ ဦးဆောင်သော ပင်လယ်ကွေ့ညွန့်ပေါင်းအဖွဲ့က ယီမင်ရှိ ဟူသီသူပုန် ဆန့်ကျင်ရေး စစ်ရေးဖြင့် စွက်ဖက်ခဲ့သည်။ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနှင့် မင်္ဂလာအခန်းအနားများမကျန် ဗုံးကြဲတိုက်ခိုက်ခြင်း၊ တားဆီးပိတ်ဆို့ခြင်းများမှာ ဥပဒေနှင့် မညီကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ် ချခဲ့ကြသည်။ ပင်လယ်ကွေ့ညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးဆောင်ရွက်ချက်များမှာ ယီမင်နိုင်ငံအား အကြောသေသလိုဖြစ်ကာ လူသန်းပေါင်းများစွာတို့ကို ငတ်မွတ်ခေါင်းပါးစေကြောင်း၊ ယီမင်ပဋိပက္ခတွင် လူ ၁-သိန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး နိုင်ငံအတွင်း နေထိုင်သူ ၈၀ ရာနှုန်းခန့်တို့မှာလည်း နိုင်ငံတကာအထောက်အပံ့ အပေါ် မှီခိုနေရကြောင်း ယီမင်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုသည်။

သို့သော် ယီမင်တွင် လူသားမျိုးနွယ်ဆိုင်ရာ ကပ်ဆိုးကြီး ဆိုက်ရောက်ရခြင်းမှာ အဆိုပါ ပဋိပက္ခတွင် ဗြိတိန်နိုင်ငံ ပါဝင်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ ဆော်ဒီ၏ ဆောင်ရွက်မှုများမှာ စစ်ရာဇဝတ်မှုအဖြစ် ဗြိတိန်အစိုးရအနေဖြင့် စိုးရိမ်ဖွယ်ရှိသော်လည်း သီးခြားဖြစ်စဉ်အဖြစ် သုံးသပ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ယာယီ ရပ်ဆိုင်းထားခဲ့သည့် ဆော်ဒီအာရေဗျသို့ လက်နက်ရောင်းချမှုအစီအစဉ်ကို ပြန်လည်စတင်မည်ဟု ဗြိတိန်နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။

လွန်ခဲ့သည့် ဇူလိုင် ၆-ရက်နေ့တွင် လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသော စွတ်စွဲချက်ဖြင့် နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို အင်္ဂလန်နိုင်ငံက ဗီဇာဆိုင်းငံခြင်း၊ ဘဏ္ဍာငွေကြေးဆိုင်ရာ တားဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုအတွက် ဗြိတိန်သည် ကုလသမဂ္ဂအဖွဲ့ကြီးနှင့်အတူ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာတွင် “ နိုင်ငံတကာ ဗြိတိန် “ ဖြစ်လာကြောင်း အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရက်ဗ်က ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။

သို့သော် ဗြိတိန်က စွပ်စွဲခံရသူများမှာ လက်နက်ရောင်းသူများလည်းမဟုတ်၊ ဝီကီလိခ်ထူထောင်သူ ဂျူလီယန်အက်ဆေ့န်ချ်အား ဘယ်လ်မက်ရှ်အကျဉ်းထောင်တွင် ဖမ်းဆီးထားခြင်းလည်းမရှိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်သဖြင့် အရေးယူရမည်ဆိုလျှင် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်သူဖြစ်သည့် ဗြိတိန်မှာ မိမိကိုယ်မိမိ ဒါဏ်ခတ်ပိတ်ဆို့ရမည်ဖြစ်ကြောင်း Reply တုန့်ပြန်ရေးသားခြင်းဖြင့် ပြောင်လှောင်ကြသည်ကို တွေ့ရှိရသည်။

((( Russia Today., 8 Jul, 2020, “Report finds UK enabled ‘unlawful’ Saudi-led naval blockade of Yemen, as London resumes arms sales to Riyadh” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဆော်ဒီသို့_စစ်လက်နက်ရောင်းချမှုပြန်လည်စတင်ရန်_ဗြိတိန်ဆုံးဖြတ်။ လူ့အခွင့်အရေးအချိုးဖောက်ဆုံးအဖြစ်_ဗြိတိသျှအစိုးရသည်_မိမိကိုယ်မိမိ_ဒါဏ်ခတ်ပိတ်ဆို့သင့်ဟုဆို

https://www.rt.com/uk/494119-uk-saudi-embargo-yemen-training/

https://www.rt.com/uk/494063-saudi-arms-sales-yemen/

https://www.rt.com/uk/493777-saudi-military-training-uk/

https://www.rt.com/uk/493938-foreign-sanction-human-rights-violators/

0

Leave a Reply

Your email address will not be published.