စည်းကျော်လျှင် တူရကီ၏စီးပွားရေး ချေမှုန်းခံရမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်၊ အဆုံးမရှိသောအဓိပ္ပါယ်မဲ့စစ်ပွဲမှ နှုတ်ထွက်ရမည်ဟု ဆီးရီးယားမှ အမေရိကန်တပ်များ ဆုတ်ခွာ

ဆီးရီးယားအရှေ့မြောက်ပိုင်းမှ အမေရိကန်တပ်များ ဆုတ်ခွာရန် ဒေါ်နယ်ထရမ့်က ရုတ်တရက်အမိန့်ပေးပြီးနောက် စည်းကျော်လာလျှင် တူရကီ၏ စီးပွားရေးကို ချေမှုန်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်သည်ဟု BBC က ယနေ့ရေးသားသည်။ 

အမေရိကန်တပ်များ ဆုတ်ခွာသွားခြင်းမှာ တူရကီက နယ်စပ်ကိုဖြတ်ကျော်၍ ဆီးရီးယားအရှေ့မြောက်ပိုင်းတလျှောက်တွင်ရှိနေသော ကာ့ဒ်တို့အား တိုက်ခိုက်ရန်လမ်းဖွင့်ပေးသလိုဖြစ်ခဲ့ရသည်။ ထိုဆုံးဖြတ်ချက်ကို ကာကွယ်သည့်အနေဖြင့် ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter စာမျက်နှာ ဒေါသတကြီးရေးသားထားချက်များကို တစ်သီတစ်တန်းကြီး တွေ့မြင်နေရသည်ဆို၏။ 

ဆီးရီးယားတစ်ဝှမ်းလုံးတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့် တပ်စွဲထားရာ ၂-ဒါဇင်ခန့်ကို ရုတ်သိမ်းပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအဆိုအရ သိရှိရသည်။ သို့သော် ဆီးရီးယားအရှေ့မြောက်ပိုင်း နယ်စပ်တွင် အမေရိကန်လက်နက်ကြီးတင်ယာဉ်များ၊ မိုင်းရှင်းယာဉ်နှင့် ပြောင်းတွဲစက်သေနတ်တင်ယာဉ်များပါဝင်သည့် စစ်ဖက်ကားတန်းရှည်ကြီး၏ မြေပြင်သတင်းရုပ်သံကို Russia Today ကလွှင့်တင်သည်။


ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူများကို နှိမ်နင်းရာ၌ ကာ့ဒ်တပ်ဖွဲ့များမှာ အမေရိကန်၏ အရေးပါသော မဟာမိတ်များဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာသွားခြင်းအပေါ် ပြင်းထန်စွာဝေဖန် ကြရာ၌ ဒေါ်နယ်ထရမ့်၏ ရီပတ်ဘလစ်ကင်ပါတီ မိတ်ဆွေများပါ ပါဝင်လာသည်။ 


အမေရိကန်တပ်များဆုတ်ခွာခြင်းသည် မဟာမိတ် ကာ့ဒ်တို့အား နောက်ကျောဒါးနှင့်ထိုးခြင်းအဖြစ် နှိုင်းယှဉ်ရှုတ်ချခံရသည်။ တူရကီတို့၏ တိုက်ခိုက်မှုကြောင့် အဆိုပါနယ်မြေမှ ကာ့ဒ်တို့ပါ ထွက်ခွာသွားရလျှင် လစ်ဟာသွားသောနေရာတွင် အိုင်အက်စ် ( IS ) ဘာသာရေးအစွန်းရောက် အကြမ်းဖက်များ ဝင်ရောက်သောင်းကျန်းကြဦးမည်ဖြစ်သည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ချရာ၌ တာဝန်ရှိသူသည်လည်း အကြမ်းဖက်သမားပင်ဖြစ်ကြောင်း ဝေဖန်ခံရသည်။


တနင်္လာနေ့တွင် တူရကီကာကွယ်ရေးဝန်ကြီးဌာနက “ စစ်ဆင်ရေးအတွက် အလုံးစုံကြိုတင်ပြင်ဆင်မှု စတင်ပြီ “ ဖြစ်ကြောင်း Twitter ၌ ရေးသားလွှင့်တင်ခဲ့သည်။ 

လွန်ခဲ့သောနှစ်တွင် အမေရိကန်က တူရကီမှပို့ကုန်များအပေါ် အခွန်တိုးမြှင့်ခဲ့ပြီး ထိပ်တန်းအရာရှိကြီးအား ဒါဏ်ခတ်ပိတ်ဆို့ခြင်းမှာ နေတိုးစစ်စာချုပ်အဖွဲ့ဝင် နှစ်နိုင်ငံအကြား ဆက်ဆံပိုမိုဆိုးရွားစေရန် အကြောင်းတစ်ခုဖြစ်ခဲ့ရသည်။ 

တူရကီသမ္မတအာဒိုဂန်ကမူ တူရကီနယ်မြေအတွင်းရောက်ရှိနေသည့် ဆီးရီးယားဒုက္ခသည် ၃.၆ သန်းတို့အတွက် နယ်စပ်တစ်လျှောက် ကာ့ဒ်တို့အား တိုက်ခိုက်ပြီး Safe Zone တည်ဆောက်ရန် ရည်မှန်းထားကြောင်း ပြောဆိုသည်။ ယမန်နေ့တွင် အီရတ်-ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်တို့ကို တူရကီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု Russia Today က ဖော်ပြသည်။ 



တူရကီက ကာ့ဒ်ဆန့်ကျင်ရေး ထိုးစစ်ဆင်ရန်ပြင်ဆင်နေချိန်တွင် အမေရိကန်အတွက် အဓိပ္ပါယ်မဲ့ပြီး အဆုံးမရှိသောစစ်ပွဲမှ နှုတ်ထွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ ဆီးရီးယားတွင် ဆက်နေခြင်းဖြင့် ရည်မှန်းချက်မရှိသော စစ်ပွဲသံသရာ၌ နစ်သည်ထက် နစ်လာနေကြောင်း၊ ကာ့ဒ်တို့သည် အမေရိကန်အတွက် တိုက်ခိုက်ပေးခဲ့ကြောင်း၊ သို့သော် ထိုအတွက် ကိရိယာတန်ဆာပလာများနှင့် ငွေကြေးအလုံးအရင်းသုံးစွဲခဲ့ရကြောင်း၊ ကာ့ဒ်တို့သည် တူရကီအားဆန့်ကျင်တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်ချီနေပြီး အမေရိကန်က စစ်ပွဲအတွင်းဝင်ရောက်လာသည်မှာ ၃-နှစ်နီးပါးခန့်သာရှိသေးကြောင်း ဒေါ်နယ်ထရမ့်က ပြောဆို၍ ဆီးရီးယားအရှေ့မြောက်နယ်ခြားဒေသတစ်လျှောက်တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာကြရန် အမိန့်ပေးခြင်းဖြစ်သည်။ 

၎င်းတို့အနီးအနားတွင် ရှိနေပြီး ၎င်းတို့ကိုယ်တိုင် မုန်းတီးလှသော အိုင်စစ်တိုက်ခိုက်ရေးသမားတို့အတွက် တာဝန်ယူရန်မှာ တူရကီ၊ ဥရောပ၊ ဆီးရီးယား၊ အီရန်၊ အီရတ်နှင့် ကာ့ဒ်တို့ဖြစ်သည်ကို ယခုပေါ်လွင်လာပြီဖြစ်ကြောင်း၊ ဥရောပနိုင်ငံများသည် အိုင်စစ်တို့နှင့် ပူးပေါင်းမှုကြောင့် ဆီးရီးယားတွင် ဖမ်းဆီးခံရသူ ၎င်းတို့နိုင်ငံသားများအား ပြန်လက်လွှဲပြောင်းလက်ခံရန် ပျက်ကွက်လျှက်ရှိကြောင်း၊ ၎င်းတို့ကို အမေရိကန်က တာဝန်မယူ နိုင်တော့ကြောင်း၊ မိုင် ၇,၀၀၀ ကျော်အဝေးမှ အမေရိကန်သည် အနားရောက်လာသည့် အိုင်စစ်တို့ကို စောင့် မျှော်ချေမှုန်းမည်ဆို၏။ 

(( ၂၀၁၁-ခုနှစ်တွင် အမေရိကန်ဦးဆောင် နေတိုးညွန့်ပေါင်းအဖွဲ့သည် ကုလသမဂ္ဂခွင့်ပြုချက်ဖြင့် လစ်ဗျား၌ အာဏာရှင်ဖယ်ရှားရေး၊ လစ်ဗျားလွတ်မြောက်ရေး R2P နှင့် လေယာဉ်မပျံသန်းရဇုံ ထူထောင် ကျူးကျော်စစ်ခင်းခဲ့သည်။ ကဒါဖီအသတ်ခံရပြီး လစ်ဗျားနိုင်ငံပြိုကွဲကာ ယနေ့တိုင်မပြီးဆုံးနိုင်သော ပြည်တွင်းစစ်မီးတောက် လောင်တော့မှ “ ခေါင်းကို ပျားတုပ်သည်မှာ နာကျည်းလွန်းလှသဖြင့် လှည်းဘီးအောက် ခေါင်းထိုးခံသော မြွေ“ အဖြစ်သို့ ရောက်ပြီဖြစ်ကြောင်း နိုင်ငံတကာနှင့် လစ်ဗျားပြည်သူများ နားလည်တော့သည်။ 

တစ်ချိန်တည်းမှာပင် ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့ရာ ယနေ့တိုင်အဆုံးမသတ်နိုင်သည့်အပြင် ငြိမ်းချမ်းရေး အရိပ်အယောင်မျှပင် မမြင်ရသေးချေ။ စင်စစ် ဆီးရီးယားစစ်ပွဲသည် နိုင်ငံတကာအင်အားကြီးနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများမှ ခန့်မှန်း အနည်းဆုံး ၂၂ ဖွဲ့အထက်တို့က အုပ်စုကြီး ၄-စုခွဲကာ အပြန်အလှန် မီးကုန်ယမ်းကုန် စစ်ခင်းနေခြင်းဖြစ်သည်။ 

ထိုထက်ပို၍ အသေးစိတ်ရလျှင် အထက်ပါအဖွဲ့အစည်းများ၏ အရှေ့-အနောက်၊ ဆွန်နီ-ရှီအာ အားပြိုင်မှု့ကို ပထဝီနိုင်ငံရေးအရ အရေးပါသော ဆီးရီးယားတွင် “ ကိုယ်စားပြုစစ်ပွဲ “ Proxy War ဆင်နွှဲနေကြခြင်းဖြစ်တော့သည်။ 

“ ဆီးရီးယားက ညစ်ပတ်တဲ့စစ် “ Dirty War on Syria အကြောင်း သတင်းတင်ပြတိုင်း လက်နက်ကိုင်အဖွဲ့ ၁၀၀ ကျော်၍ ရာစုနှစ်ထက်ဝက်ကျော်လာပြီဖြစ်သော မြန်မာနိုင်ငံပြည်တွင်းစစ်သည် ဆီးရီးယားစစ်ပွဲကဲ့သို့ ဖြစ်လာနေခြင်း ရှိ-မရှိ သုံးသပ်ကြရန် နှိုးဆော်ခဲ့ပါသည်။ 

ပထဝီနိုင်ငံရေးအရ အချက်အချာကျသောနေရာတွင်တည်ရှိသည့် မြန်မာနိုင်ငံတွင် လက်ရှိပြည်တွင်းစစ်ခင်းနေကြသည်မှာ ဘာ့ကြောင့်ဆိုသည်ကို မြန်မာနိုင်ငံသား ကျွန်တော်ပင်လျှင် အကြောင်းရင်းရှာရန် ဉာဏ်မမီ တော့ချေ။ ။ သတင်းဘာသာပြန်သူ ))   

((( အောက်တိုဘာ – ၀၈၊ ၂၀၁၉၊ BBC., 8 Oct, 2019 ,” Turkey-Syria border: Trump threatens to ‘obliterate’ Turkish economy” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်၍ ဆက်စပ်အခြားသတင်းများနှင့် ပူးတွဲဖော်ပြသည် )) 


https://www.bbc.com/news/world-middle-east-49966216 


https://www.rt.com/news/470361-us-syria-tribal-wars/ 


https://www.rt.com/news/470344-us-syria-turkey-kurds/ 


https://www.rt.com/news/470377-trump-threatens-obliterate-turkey-economy/ 


https://www.rt.com/news/470393-us-forces-withdraw-syria-turkey/ 

1+

Leave a Reply

Your email address will not be published.