စူပါဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲလာသော အပူပိုင်းမုန်တိုင်း “ အမ်ပန် “ ဘင်္ဂလားဒက်ရှ်သို့ ဦးတည်၊ ကိုရိုနာကူးစက်ကပ်ရောဂါကြုံတွေ့နေရစဉ် နောက်ထပ်သဘာဝဘေးအန္တရာယ်အတွက် Evacuation ဖြင့် ဘင်္ဂလားဒက်ရှ်ကြိုတင်ပြင်ဆင်။

ဘင်္ဂလားပင်လယ်အော်ရှိ အပူပိုင်းမုန်တိုင်း “ အမ်ပန် “ သည် အလွန့်အလွန် အင်အားကောင်းသော စူပါဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲလာပြီးနောက် ဘင်္ဂလားဒက်ရှ်နိုင်ငံသို့ ဦးတည်လျှက်ရှိကြောင်း ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ရေးသားသည်။

စူပါဆိုင်ကလုန်း “ အမ်ပန် “ သည် အင်္ဂါနေ့နှောင်းပိုင်းနှင့် ဗုဒ္ဓဟူးနေ့ညနေအတောအတွင်း ဘင်္ဂလားဒက်ရှ်ကမ်းရိုးတန်းအား ဖြတ်သန်းလိမ့်မည်ဖြစ်ကြောင်း မိုးလေဝသဋ္ဌာ၏န၏ သတိပေးချက်၌ ဖော်ပြထားသည်ဆို၏။

ဘင်္ဂလားဒက်ရှ်မိုးလေသဋ္ဌာန၏ မုန်တိုင်း အထူးသတိပေးချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်ပိုင်းနှင့်ကပ်လျက် ပင်လယ်ပြင်ရှိ အလွန်ပြင်းထန်သောဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ရွေ့လျားစဉ် အလွန့်အလွန် အင်အား ကောင်းသော စူပါဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ဘင်္ဂလားဒက်ရှ် ကူလနာနှင့် စစ်တကောင်းကမ်းခြေသို့ဖြတ်သန်းစဉ် မြောက်-အနောက်မြောက်ဖက်သို့ လမ်းကြောင်း ကွေးညွတ်သွားဖွယ်ရှိကြောင်း၊

ဆိုင်ကလုန်းဗဟို၏ ၅၅-မိုင်ခန့်အတွင်း တစ်နာရီ လျှင် မိုင် ၁၄၀ ခန့်နှုန်းဖြင့် လေပြင်းများတိုက်ခတ်လျှက်ရှိပြီး မိုးသက်လေပြင်းကျစဉ် တနာရီ ၁၅၂-မိုင်အထိ မြင့်တက်နိုင်ကြောင်း၊ မုန်တိုင်းဗဟိုချက်အနီးတစ်ဝှိုက်ရေပြင်၌ အလွန်လှိုင်းကြီးမည်ပြီး ကမ်းရိုးတန်းအနိမ့်ပိုင်းဒေသများတွင် မုန်တိုင်းကြောင့် ပုံမှန်ဒီရေထက် ၅ ပေ ပိုမိုမြင့်တက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ်းရိုးတန်းတစ်လျှောက် ခရိုင် ( ၁၄ ) ခု၊ ချာကျွန်းကမ်းလွန်ဒေသတို့နှင့် ရေကြောင်းဆိပ်ကမ်းများအတွက် အန္တရာယ်သတိပေးချက် အမှတ်အသား အဆင့် ( ၇ ) ကို လွှင့်တင်ထုတ်ပြန်ထားပြီး၊ မုန်တိုင်းလမ်းကြောင်း ပေါ်ရှိ ကမ်းရိုးတန်းဒေသ ထိခိုက်လွယ်ဧရိယာနေထိုင်သူ လူ ၅-သန်းခန့်ကို အသင့်ပြင်ဆင်ထားသော ဘေးလွတ်ရာခိုလှုံရေးစခန်း ၁၂,၇၈၀ ဆီသို့ အင်္ဂါနေ့ ( ယနေ့ ) နံနက်မှ စတင်၍ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရှိရသည်။

ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းရာတွင် ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ကလေးသူငယ်များအား ဦးစားပေးမည်ဖြစ်ပြီး စခန်း၌ ခိုလှုံစဉ်ကာလနေထိုင်သူတိုင်း ရောဂါကာကွယ်ရေးမျက်နှာဖုံးများ ဝတ်ဆင်ထားကြရန် အကြံပြုထားသည်။ မိသားစုတစ်စုနှင့်တစ်စု သီးခြားထားရှိရာတွင် ကိုရိုနာရောဂါကာကွယ်ရေးအတွက် အစိုးရ သတ်မှတ်ထားသော Social Distancing လူချင်းနီးကပ်မှု တားဆီးရေးပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာနိုင်ကြရန် စခန်တိုင်းတွင် ပညာပေးအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ကြမည်ဖြစ်သည်။

ဆန်တန်ချိန် ၃,၁၀၀ မက်ထရစ်တန်၊ ရိက္ခာခြောက် ၄၂,၀၀၀ အိတ်နှင့် တာကာငွေ သိန်း ၅၀၊ ကလေးသူငယ်များအတွက်အကူအညီ တာကာငွေ ၃၁ သိန်းကျော် ထောက်ပံ့ရန် ဘင်္ဂလားဒက်ရှ်အစိုးရက စီစဉ်ခဲ့ပြီးဖြစ်သည်။ စစ်တကောင်းဆိပ်ကမ်းအတွင်းတွင် ကျောက်ချရပ်နားထားသော သင်္ဘောအားလုံး ကုန်တင်ချလွယ်ကူ၍ ပိုမိုဘေးကင်းသော အပြင်ဖက်ကျောက်ချစခန်းများဆီသို့ ရွှေ့ပြောင်းကြရန်၊ စစ်တကောင်းမြို့နေအားလုံး အရေးပေါ် ဆက်သွယ်ရေးဖုန်းနံပါတ်များမှတဆင့် အချိန်နှင့်တပြေးညီ သတင်းအချက်အလက်နှင့် အကူအညီများ ရယူနိုင်ကြရန် စီစဉ်ထားသည်။

ကော့ခ်ဘဇားရှိ ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) စခန်းများတွင် မုန်တိုင်းသတိပေးချက် “ အမြင့်ဆုံးအဆင့် “ သတိပေးအလံလွှင့်တင်ထားခဲ့သည်။ ဘင်္ဂလားဒက်ရှ်လခြမ်းနီအသင်း (BDRCS)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနှင့်လခြမ်းနီအဖွဲ့များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လေ့ကျင့်ပေးထားပြီးဖြစ်သော ထောင်နှင့်ချီသည့် စေတနာ့ဝန်ထမ်းများက အဓိကသတင်းအချက်အလက်များကို မျှဝေရန်နှင့် ဘင်္ဂလားဒက်ရှ်၏ မုန်တိုင်းကျစဉ် မြေပြိုမှုများအတွက် ကြိုတင်ပြင်ဆင်လျှက်ရှိကြောင်း UNHCR ကပြောကြားသည်။

ဘင်္ဂလားဒက်ရှ်အစိုးရကမူ စူပါဆိုင်ကလုန်းမုန်တိုင်း ” အမ်ပန်“ မှာ ကောက်ပဲသီးနှံများအပေါ် အကြီးအကျယ်အကျိုးသက်ရောက်နိုင်ဖွယ်မရှိနိုင်ကြောင်းခန်မှန်းထားသည်၊ ဘာရိုစပါး ၁၀၀ ရာ ခိုင်နှုန်းသည် ဟိုးရ်ဒေသတွင် ရိတ်သိမ်းပြီးစီးခဲ့ပြီး အခြားဒေသများတွင် ၈၀% နှင့် အချို့သော ကမ်းရိုးတန်းဒေသများတွင် စပါး၏ ၉၀% ကိုရိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သို့သော် ၆၅ % ကိုသာ ရိတ်သိမ်းနိုင်ခဲ့သည့် ဘာရီစဲခရိုင် တောင်ပိုင်းဒေသရှိ တောင်သူလယ်သမားများမှာဆုံးရှုံးမှုအချို့ကြုံတွေ့ရနိုင်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( ဘင်္ဂလားဒက်ရှ်နှင့် အိမ်နီချင်းဖြစ်သော ကျွန်တော်များဆီတွင် ရေကြီးရေလျှံနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ Search and Rescue ဒုက္ခသည်-အကူအညီလိုအပ်သူ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးမှာ အတော်ပင် အားကောင်းမောင်းသန်ဖြစ်လျှက်ရှိသည်ဟု ကျွန်တော်တစ်ဦးတည်းအနေဖြင့် ထင်မြင်ပါသည်။ သို့သော် Evacuation ခေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ထုတ်ရေးတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်နိုင်သည်။

အထူးသဖြင့် ရေကြီးရေလျှံနှင့် မုန်တိုင်းကျရောက်သည့်အခါ ကျွဲနွားများပါ သေဆုံးရလေ့ရှိပါသည်။ ဘင်္ဂလားဒက်ရှ်သည် Evacuation တွင် အတော်လေး ကောင်းမွန်စွာ ဆောင်ရွက်နိုင်၍ မုန်တိုင်းကြိူက် မြေမျက်နှာသွင်ပြင်ပေးတွင် နိုင်ငံတည်ရှိနေသော်လည်း လူ့အသက်ပျက်စီးရခြင်းသာမက ကျွဲနွားသေဆုံးမှုများကိုပါ လျှော့ချနိုင်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., May 18th, 2020, “((( Dhaka Tribune., May 18th, 2020, “ Super cyclone Amphan barrels toward Bangladesh.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/2020/05/18/super-cyclone-amphan-barrels-towards-bangladesh

#စူပါဆိုင်ကလုန်းအမ်ပန်အတွက်ဘင်္ဂလားဒက်ရှ်ကြိုတင်ပြင်ဆင်

0

Leave a Reply

Your email address will not be published.