စွမ်းအင်လိုအပ်ချက်စစ်ပွဲနှင့် အနေတတ်မလား အသေသတ်မလား


နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများလူနှေမှုအဆင့် မြှင့်တင်ရန် လျှပ်စစ်ဓါတ်အားမှာ မရှိမဖြစ် လိုအပ်ပါသည်။ 

နေရောင်ခြည်သုံးစွမ်းအင်စက်ရုံဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်မှန်း ယခုခေတ်တွင် လူအတော်များများ သိရှိကြသည်။ အလားတူပင် ကျောက်မီးသွေးစွမ်းအင်စက်ရုံတို့မှာ ပတ်ဝန်းကျင်ညစ်ညမ်းကြောင်းနှင့် ကမ္ဘာ့ရာသီဥတုကို ထိခိုက်ကြောင်း လူတိုင်းသိကြပါသည်။ 

နေရောင်ခြည်စွမ်းအင်မှာ အလွန်ဈေးကြီးသည်။ ၎င်းစက်ရုံအကြီးစား တစ်ရုံတည်ဆောက်၍ ထွက်လာသည့် လျှပ်စစ်မှာလည်း အတန်အသင့်အရွယ်အစားရှိသော မြို့တစ်မြို့အား ဖြန့်ဖြူးယုံသာရသည်။ သို့သော် ကျောက်မီးသွေးစွမ်းအင်စက်ရုံ တစ်ရုံဆောက်သည့် ကုန်ကျစရိတ်မှာ စွမ်းရည်တူ နေရောင်ခြည်စွမ်းအင်စက်ရုံတစ်ရုံထက် အများကြီး နည်းသည်။ ထွက်လာသည့် လျှပ်စစ်စွမ်းအင်မှာ အဆမတန် များပြား၍ ဖြစ်သည်။ 

ထို့ကြောင့်လည်း ကျောက်မီးသွေးစွမ်းအင်စက်ရုံကို ကမ္ဘာအရပ်၌ အောင့်သက်သက်နှင့် ကြိတ်မှိတ်သုံးနေကြခြင်းဖြစ်တော့သည်။ 

ဤအတွက် ယနေ့ကမ္ဘာကြီးတွင် “ အနေတတ်မလား အသေသတ်မလား “ ရွေးခြယ်ကြသည့် စွမ်းအင်စစ်ပွဲ ( စွမ်းအင်လိုအပ်ချက်စစ်ပွဲ ) ခင်းကျင်းနေကြသည်ဟု တင်စားပြောဆိုကြခြင်းဖြစ်သည်။ 

လူဦးရေ သန်း ၁၆၀ ကျော်ရှိသော ယနေ့ဘင်္ဂလားဒေ့ရှ်၏ ၈၅ ရာနှုန်းတွင် လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်ကြပြီဖြစ်သည်။ စွမ်းအင်လိုအပ်ချက်၏ ၉၀ ရာနှုန်းမှာ ကျောက်မီးသွေးအပေါ် မှီခိုနေရသည်။ စက်ရုံပေါင်း ၂၉-ရုံ တည်ဆောက်မည်ဖြစ်ရာ ယခုနှစ်ဆန်းပိုင်းတွင် ၁၃၆၀ မီဂါဝပ် ထုတ်ယူနိုင်မည့် နိုင်ငံ၏ အကြီးဆုံးစက်ရုံကို ဖွင့်လှစ်ခဲ့သည်။ နျူကလီယာစွမ်းအင်စက်ရုံကိုလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါအတားအဆီးကြားမှ အပူတပြင်း တည်ဆောက်လျှက်ရှိရာ ၂၀၂၃-ခုနှစ်တွင် စတင်လည်ပတ်ရန် မျှော်မှန်းထားသည်။ 

အာရှ၏ ဘက်ထရီအိုးကြီးဖြစ်လာရန် စွမ်းအင်လက်ဦးမှု ရယူနေသော ဘင်္ဂလားဒေ့ရှ်သည် လောနိုင်ငံကဲ့သို့ ဆည်များဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်ခြင်း မရှိပါ။ ချောင်းမြောင်းနည်းပါးပြီး ရှိသည်တို့အနက် မြစ်တစ်စင်းမှာ လည်း အိန္ဒိယနှင့် မျှဝေသုံးစွဲနေရသည်။ 

စက်မှုဖွံ့ဖြိုးပြီး ဂျာမနီသည် ၂၀၀၄ – ၂၀၀၇-ခုနှစ်များတွင် ကမ္ဘာ ဆဋ္ဌမမြောက် လျှပ်စစ်စွမ်းအင်အများဆုံး အသုံးပြုနိုင်သည့် နိုင်ငံဖြစ်သည်။ ကျောက်မီးသွေးထွက်သောတိုင်းပြည်ဖြစ်၍ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ကျောက်မီးသွေးမှ ထုတ်ယူသည်။ ကျောက်မီးသွေးစက်ရုံများ ပိတ်သိမ်းရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတို့၏ ကန့်ကွက်ဆန္ဒပြမှုများကို ဂျာမနီအစိုးရက လိုက်လျှောနိုင်ခြင်း မရှိပါ။ လောလောဆယ် ကျောက်မီးသွေးစွမ်းအင်စက်ရုံများအား ရပ်တန့်လိုက်ရလျှင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု ကမ္ဘာ့အဆင့် ၄ နေရာမှ ထိုးစိုက်ဆင်းသွားမည့်ဒါဏ်ကို မခံနိုင်၍ ဖြစ်သည်။ 

နေရောင်ခြည်နှင့် လေအားကဲ့သို့ ပြန်လည်ပြည့်ဖြိုး မြဲ စွမ်းအင်စက်ရုံများလည်း တည်ဆောက်နေပြီး ကျောက်မီးသွေးစက်ရုံများကို တဖြည်းဖြည်းပိတ်သိမ်းသွားမည် ဖြစ်သည်။ ၂၀၃၅-ခုနှစ်အရောက်တွင် ဂျာမနီမြေပေါ်ရှိ ကျောက်မီးသွေးစက်ရုံများကို အပြီးတိုင် ဖယ်ရှားရန် ဆောင်ရွက်လျှက်ရှိသော်လည်း ၂၀၁၆ ခုနှစ်တွင် ထုတ်ယူရရှိသော လျှပ်စစ်ဓါတ်အား ၄၀ ရာနှုန်းမှာ ကျောက်မီးသွေးမှဖြစ်နေသည်။ 

လျှပ်စစ်ဓါတ်အားမှာ လူနေမှုအဆင့်အတန်း မြှင့်တင်ရာတွင် မရှိမဖြစ်စွမ်းအင်ဖြစ်သည်။ ပြည်ပမှ လာရောက်မည့် ရင်းနှီးမြှုပ်နှံသူတို့အတွက် လျှပ်စစ်ဓါတ်အားရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့မှုရှိမှသာ မျက်စိကျမည် ဖြစ်သည်။ 

လျှပ်စစ်ဓါတ်အား မစို့မပို့သာ ထုတ်လုပ်နေယုံနှင့် မပြီးနိုင်ပါ။ လျှပ်စစ်ဓါတ်အား ပေးစက်ရုံ မတည်ဆောက်နိုင်၍ ရှိပြီး မဟာဓါတ်အားလိုင်းများကို တိုးချဲသွယ်တန်းရလျှင်လည်း လျှပ်စစ်ဓါတ်အား လေလွင့်ဆုံးရှုံးမှု များပြားလာပြီး ကြီးမြင့်လာသည့် လျှပ်စစ် ၁-ယူနစ်ထုတ်လုပ်မှုစားရိတ်ကို သုံးစွဲသူများက ကျခံရမည်ဖြစ်သည်။ 

မြန်မာအပါအဝင် ကမ္ဘာအရပ်ရပ်၌ မုန်သုန်ဝင်ထွက် နောက်ကျခြင်း၊ အပူလှိုင်း-အအေးလှိုင်းဖြတ်သန်းခြင်းနှင့် ရေကြီးရေလျှံခြင်းတို့မှာ မြန်မာနှင့်ဒေသတွင်းသာမက နိုင်ငံတကာ၌လည်း ဖြစ်ပေါ်လျှက်ရှိသည်။ သစ်တောများပြုန်းတီးခြင်းသည် ရာသီဥတုပြောင်းလဲစေသည့် အချက်တစ်ခုဖြစ်ပါသည်။ သို့သော် ရာသီဥတုဆိုသည်မှာ ခြံခတ်ထားကာ ကွက်ကွက်လေး ဖြစ်ပေါ်နေခြင်း လုံးဝမဟုတ်ပါ။ 

မြန်မာသည် နိုင်ငံတကာတွင် ဖန်လုံအိမ်ဓါတ်ငွေ့အများဆုံးထုတ်လွှတ်သော အိန္ဒိယနှင့် တရုတ်တို့အကြားတွင် တည်ရှိနေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်က ကျောက်မီးသွေးစက်ရုံများကို၎င်း လောနိုင်ငံက ဆည်များကို၎င်း တည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်ယူနေကြသည်။ 

ထိုအတွက် ကမ္ဘာ့ရာသီဥတုအပေါ် ရိုက်ခတ်မှု မလွဲမသွေ ဖြစ်ပေါ်ရန် သေချာနေပြီး မြန်မာအနေနှင့် ကွက်ကွက်လေး ကျန်နေမည် မဟုတ်ပါ။ ကျွန်တော်တို့က မည်မျှပင် ခြိုးခြံဆင်ခြင်စေကာမူ အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၏ ကမ္ဘာ့ရာသီဥတုအား ပြောင်းလဲစေသည့် လုပ်ဆောင်ချက်များဒါဏ်ကို မြန်မာအနေနှင့် မလွဲမသွေ ခံစားရပါမည်။ 

ထို့ကြောင့် စွမ်းအင် ထုတ်ယူရန် အမျိုးသားအဆင့် ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား ချမှတ်မှ ဖြစ်ပါတော့မည်။ 

စွမ်းအင်လိုအပ်ချက်စစ်ပွဲနှင့် အနေတတ်မလား အသေသတ်မလား 

အစဉ်လေးစားစွာဖြင့် 
#HtayOung, #OungMarine 

#စွမ်းအင်လိုအပ်ချက်စစ်ပွဲ_အနေတတ်မလား_အသေသတ်မလား

https://7day.news/205821?fbclid=IwAR36UYVKsHLPhcUtb2joYpX2XZa9HkxW5litsCeibHYmkj8ALdeJpySNYw8 
https://www.iea.org/countries/bangladesh 
https://www.eco-business.com/news/bangladesh-may-ditch-90-of-its-planned-coal-power/ 
https://www.dhakatribune.com/bangladesh/nation/2020/01/13/first-unit-of-payra-power-plant-goes-into-operation 
https://www.cleanenergywire.org/factsheets/germanys-dependence-imported-fossil-fuels 
https://www.bloomberg.com/news/features/2019-08-31/germany-election-dying-coal-mines-give-rise-to-populism-protest 
https://www.bangkokpost.com/world/1806074/campaigners-occupy-german-coal-mines-in-climate-protest 
https://bdnews24.com/economy/2020/07/12/rooppur-nuclear-power-plant-on-fast-track-despite-pandemic 
https://www.dhakatribune.com/bangladesh/dhaka/2020/01/02/dhaka-ranks-11th-worst-in-air-quality-index

0

Leave a Reply

Your email address will not be published.