ဆင်းရဲနိုင်ငံများ၌ ကာကွယ်ဆေး မရရှိသေးခြင်းမှာ ပြဿနာကြီးတစ်ခုဖြစ်လာ။ ထုတ်လုပ်သမျှဆေးအားလုံးကို ချမ်းသာနိုင်ငံကြီးများက ကြားဖြတ်၍ အများဆုံးရရှိနေ။ ဆေးထုတ်လုပ်သူနှှင့် ချမ်းသာနိုင်ငံကြီးများ နားလည်မှုလုပ်ခြင်းဖြင့် ၂၀၂၁-ခုနှစ်ထုတ်လုပ်သမျှ၏ ထက်ဝက်ကို ဥရောပသမဂ္ဂက သိမ်းကြုံးဝယ်ယူ


ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသောနိုင်ငံတို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးထောက်ပံ့မှုများ မရရှိသေးခြင်းမှာ ပြဿနာကြီးတစ်ရပ်အဖြစ် ရှင်းလင်းစွာမြင်တွေ့နေရပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်သမျှ အများစုကို ချမ်းသာနိုင်ငံကြီးများက ရရှိနေကြောင်း၊ နိုင်ငံများအနေဖြင့် ဆေးထုတ်လုပ်သူတို့နှင့် နားလည်မှု ယူနေကြခြင်းမှ ရပ်တန့်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြင်းထန်သော စကားအသုံး အနှုန်းများဖြင့် သောကြာနေ့တွင် ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။..  
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ WHO ညွှန်ကြားရေးမှူးချုပ် #တက်ဒရို့စ်အက်ဒ်ဟာမွန်ဂေးဘရီးယပ်စ် က ပြောဆိုရာ၌ ( ကူးစက်ကပ်ရောဂါ ဖြစ်ပွားလျှက်ရှိသောကမ္ဘာကြီး၌ ) မည်သည့်နိုင်ငံတွင်မျှ အခွင့်ထူးမရှိကြောင်း၊ ကာကွယ်ဆေးရရှိရန် တန်းစီစံနစ်ကို ကြားဖြတ်ခွင့်မရှိကြောင်း၊ ကာကွယ်ဆေးအထောက်အပံ့မရရှိသော နိုင်ငံအချို့ ရှိနေသေးသည်ဖြစ်၍ ( ကမ္ဘာ့လူဦးရေ ) အားလုံးကို ကာကွယ်ဆေး ထိုးနှံပေးရန် လိုအပ်ကြောင်း ရှင်းလင်းသည်။ ..
ထို့ပြင် ကာကွယ်ဆေးအား နိုင်ငံပိုင်လက်ဝါးကြီးအုပ်နေခြင်းကို ရှုတ်ချကြောင်း၊ နိုင်ငံများနှင့် ဆေးဝါးထုတ်လုပ် သူတို့အကြား အကျိုးတူ အပေးအယူလုပ်နေခြင်းများကို ရပ်တန့်ရန်၊ လိုအပ်သည်ထက် ပိုမိုများပြားစွာ မှာယူထားသော ကာကွယ်ဆေးအားလုံးကို Covax ကာကွယ်ဆေးခွဲဝေပေးရေးဌာနသို့ ချက်ခြင်းလွှဲပြောင်းပေးရန် တောင်းဆိုလိုက်ကြောင်း သိရှိရသည်။.. 
WHO အကြီးအကဲဖြစ်သူက မည်သည့်နိုင်ငံများဖြစ်ကြောင်း အမည်နာမ ဖော်ပြခြင်းမရှိသော်လည်း ၂၀၂၁-ခုနှစ်၌ ဥရောပသမဂ္ဂအနေဖြင့် Pfizer နှင့် BioNTech တို့ထံမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး နောက်ထပ်ဆေးပမာဏ သန်း ၃၀၀ ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ အရေအတွက်မှာ ယခုနှစ်အတွင်း တစ်ကမ္ဘာလုံး ကာကွယ်ဆေးထုတ်လုပ်သမျှ၏ ထက်ဝက်ကို ဥရောပသမဂ္ဂက ရရှိသွားခြင်းနှင့် တူကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။ ..
ဗြိတိန်နှင့် တောင်အာဖရိကတွင် ပိုမိုကူးစက်လွယ်သော ( ဗီဇပြောင်း ) ဗိုင်းရပ်စ်မျိုးကွဲများအား တွေ့ရှိရခြင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို လွှမ်းမိုးရန် ခြိမ်းခြောက်လျှက်ရှိနေသည်။ နိုင်ငံအစိုးရတို့၏ ကာကွယ်ဆေးထိုးနှံပေးရန် အခက်အခဲမှာလည်း အရှိန်မြင့်တက်လာခဲ့ရသည်။ ..
ကူးစက်ရောဂါကုသကာကွယ်တိုက်ဖျက်ရေးရှေ့တန်းစည်းတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးလုပ်သားများမှာ မည်သည့်နေရာတွင် နေထိုင်စေကာမူ ကာကွယ်ဆေး ထိုးနှံပေးရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေး လက်ဝါးကြီးအုပ်ခြင်းမှာ လူ့အသိုင်းအဝိုင်းအတွင်း ရောဂါကူးစက်ခံရရန် အန္တရာယ်အများဆုံးအခြေအနေတွင် ရှိနေသူတို့ကို ပိုးကူးစက်သေဆုံးစေရန် ခွင့်ပြုခြင်းပင်ဖြစ်ကြောင်း WHO အရေးပေါ်ဆေးပညာရှင် မိုက်ယန်း၏ အဆိုကို တက်ဒရိုစ်က ထပ်လောင်းပြောဆို၍ ကာကွယ်ဆေးထုတ်လုပ်သူတို့အနေဖြင့် အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ ဖြန့်ဝေပေးရန် တိုက်တွန်းလိုက်သည်ဆို၏။..
၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးဝယ်ယူရန် ငွေကြေးအကန့်အသတ် သို့မဟုတ် နည်းလမ်းမရှိပဲဖြစ်နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံပေါင်း ၉၂ ခုတို့အား အကူအညီပေးရန် #Covaxကာကွယ်ဆေးခွဲဝေပေးရေးဌာန ၏ ( ရန်ပုံငွေကို ) အမေရိကန်ဒေါ်လာ ၆ ဘီလီယံမှ ၇ ဘီလီယံသို့ တိုးမြှင့်ကြောင်း ယခုရက်သတ္တပတ်စောစောပိုင်း၌ WHO က ကြေညာခဲ့သည်။..   
ယခုအချိန်အထိ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်၊ ဆွစ်ဇာလန်နှင့် အစ္စရေးနိုင်ငံတို့ အပါအဝင် ချမ်းသာနိုင်ငံများသည် ကာကွယ်ဆေးခွဲတမ်းကို ကျော်လွန်ကာ Pfizer နှင့် မိတ်ဖက် BioNTech, Moderna နှင့် AstraZeneca တို့ကဲ့သို့ ကုမ္ပဏီကြီးများ၏ ကာကွယ်ဆေးများကို ရရှိသွားခဲ့ကြသည်။..  
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်သည် ကမ္ဘာတစ်ဝှန်းလုံး၌ လူပေါင်း ၈၈ သန်းနီးပါးကို ရောဂါကူးစက်စေပြီး ၁.၉ သန်းခန့် အသက်ဆုံးရှုံးနေရပြီ ဖြစ်သည်။..  
ယခုသီတင်းပတ်များအတွင်း နိုင်ငံအများအပြားတို့၌ ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာသော်လည်း ကူးစက်မှုနှေးကွေးစေရန် ကာကွယ်ဆေးများ မဖြန့်ဝေရသေးကြောင်း၊ နိုင်ငံအချို့တွင် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ရောဂါပျံ့နှံနေပြီး၊ ရောဂါနှင့် လိုက်လျောညီထွေမရှိပဲ နေထိုင်ခြင်းမှာ အလေ့အထ တစ်ခုပမာ ဖြစ်လာ၍ ကူးစက်ရောဂါကို ပိုမို ဆိုးရွားစေကြောင်း WHO က ပြောဆိုသည်။ ….
(( လူ့အခွင့်ရေးနှင့် တန်းတူညီမျှရေးကို တွင်တွင်ပြောဆိုနေသည့် နိုင်ငံကြီးများမှာ သေလောက်သည့် ကူးစက်ကပ်ဘေးနှင့် ကြုံရသောအခါ အခြားနိုင်ငံသားတို့အား အသက်ရှိသည်ဟုပင် အလေးမထားပါ။ မိမိနိုင်ငံ-မိမိနိုင်ငံသားတို့သာလျှင် အဓိကဖြစ်ကြောင်း မျက်နှာဖုံးကွာကျ၍ ဇာတိ ဘီလူးရုပ်ပေါ်လာပြီဖြစ်သည်။ ..
ဘယ်သူ ဘာပြောပြော ချောက်ဂု စိုက်မည်လည်း မဟုတ်ပါ။ အထူးသဖြင့် ကုလသမဂ္ဂနှင့် WHO တို့ကဲ့သို့ ၎င်းတို့ ရန်ပုံငွေအများဆုံးထည့်ဝင်၍သာ လုပ်ငန်းလည်ပတ်ရသည့် နိုင်ငံတကာအဖွဲ့အစည်းမျိုးဆိုသည်မှာ နိုင်ငံငယ်များအပေါ်တွင်သာ သြဇာညောင်းသည်။ ချမ်းသာနိုင်ငံကြီးများအတွက် သူတို့ အိတ်ထဲက ဖားလို အချိန်မရွေး ထုတ်ရိုက်ပစ်နိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 
.. 
#ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး #ဆေးကုမ္ပဏီများနှင့်ချမ်းသာနိုင်ငံကြီးများနားလည်မှုယူ 
..
((( Reuters., 9 January 2021, “ WHO tells rich countries: Stop cutting the vaccines queue.”ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.reuters.com/article/us-health-coronavirus-who/who-tells-rich-countries-stop-cutting-the-vaccines-queue-idUSKBN29D2AK 
.. 
https://www.dhakatribune.com/world/2021/01/09/who-tells-rich-countries-stop-cutting-the-vaccines-queue 

Leave a Reply

Your email address will not be published.