ဆန့်ကျင်ကန့်ကွက်မှု့များနှင့် ဖိအားပေးမှုများကြောင့် သမ္မတနှုတ်ထွက်ပေးသော်လည်း ဘိုလစ်ဗီးယားတွင် အကြမ်းဖက်ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေ။ ဒေါ်နယ်ထရမ့်ထက် ပို၍ ကျော်ကြားလာသည့် သမ္မတဖြုတ်ချခံရမှု့တွင် အမေရိကန်နှင့် တရုတ်တို့ဆက်နွယ်ဟုဆို

ရာထူးမှ ဖယ်ရှားခြင်းခံရသော ဘိုလစ်ဗီးယားသမ္မတ အက်ဗိုမော်ရလိစ်ထောက်ခံသူတို့သည် မိမိကိုယ်မိမိ ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ကြေညာသူ ဂျင်းနီအင်ဇီအား ရာထူးမှ နှုတ်ထွက်ပေးရန် ဆန္ဒပြလျှက်ရှိကြသည်။ ယခင်ရက်သတ္တပတ်ပေါင်းများစွာဆန္ဒပြပွဲများဖြင့် ဖရိုဖရဲဖြစ်နေသော မြို့တော် လာပစ်ဇ်၏လမ်းမကြီးများပေါ်တွင် ထောင်သောင်းများစွာသောကန့်ကွက်သူများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့အကြား အဓိကရုန်းများဖြစ်ပွားလျှက်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဗုဒ္ဓဟူးနေ့တွင် ဘိုလစ်ဗီးယားအမျိုးသားအလံနှင့် ဋ္ဌာနေတိုင်းရင်းသားအလံတို့ကို လွှင့်ထူလျှက် မောရလိစ်ထောက်ခံကြောင်း ကြွေးကြော်ချီတက်လာကြသူတို့သည် အဓိကရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အင်အားအလုံးအရင်းဖြင့် တားဆီးခြင်းကို ရင်ဆိုင်ခဲ့ရသည်။

ဆန္ဒပြသူတို့အား ဋ္ဌာနေတိုင်းရင်းသား ပြည်သူ့စစ်အုပ်စုခေါင်းဆောင် ပွန်ချိုရိုဂျို့စ်ဦးဆောင်လျှက် မြို့လယ်ပိုင်း သမ္မတနန်းတော်သို့ ဦးတည်ချီတက်လာကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ပေါက် လူစုခွဲခဲ့ပြီး ဆန္ဒပြသူများက ကျောက်ခဲ၊ လက်ဖြစ်လက်နက်များဖြင့် ပြန်လှန်ပစ်ခတ်ကြကြောင်း မြင်တွေ့ကြရသည်။

အတင်းအကြပ်ဖယ်ရှားခြင်းခံရသော သမ္မတမောရလိစ်သည် ယခုရက်သတ္တပတ်စောစောပိုင်းကပင် နိုင်ငံရေး ခိုလှုံရန် မက္ကဆီကို နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ ဤတွင် အတိုက်အခံ ဆီးနိတ်အမတ် ဂျင်းနီအင်ဇီက သူသည်သာလျှင် ကြားဖြတ်အစိုးရ၏ သမ္မတဖြစ်ကြောင်း ကြေညာသည်။ ဖယ်ရှားခြင်းခံရသော မောရလိစ်၏ ဆိုရှယ်လစ်ပါတီအမတ်များက ဂျင်းနီ၏ ကြေညာချက်မှာ ဘိုလစ်ဗီးယားဖွဲ့စည်းပုံနှင့်အညီ ဖြစ်ရန်လိုကြောင်း ကန့်ကွက်ကြပြီး တရားမဝင်ဟု သပိတ်မှောက်လျှက်ရှိသည်။

မောရလိစ်နှုတ်ထွက်ရာတွင် ဘိုလစ်ဗီးယား စစ်ဖက်ထိပ်တန်းခေါင်းဆောင်တို့၏ ဖိအားပေးမှု့လည်းပါဝင်သည်။ လွန်ခဲ့သည့် အောက်တိုဘာလ သမ္မတရွေးကောက်ပွဲတွင် မသမာမှု့များကျူးလွန်သည်ဟု ကန့်ကွက်ဆန္ဒပြမှု့များ ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်အခြေစိုက် “ အမေရိကနိုင်ငံများအဖွဲ့  “ OAS ကလည်း ရွေးကောက်ပွဲ၌ ဆိုးရွာစွာမူမမှန်မှု့ကြောင်းတွေ့ရှိသည်ဟု ကြေညာခဲ့သည်။ ၁၄-နှစ်ကြာ အာဏာရရှိခဲ့သည့် မောရလိစ်၏ ဆိုရှယ်လစ်ခေါင်းဆောင်များ နှုတ်ထွက်ရခြင်းအပေါ် အမေရိကန်နှင့် ၎င်း၏မိတ်ဆွေ OAS အဖွဲ့ဝင်နိုင်ငံများက ဒီမိုကရေစီအောင်ပွဲအဖြစ် အူမြူးနေစဉ် ဘိုလစ်ဗီးယားတွင် မငြိမ်မသက်ဖြစ်လာမည့်အရေးမှာ စိုးရိမ်ဖွယ်ဖြစ်လာခဲ့သည်။

တိုင်းပြည်မှ ရုတ်တရက်ထွက်ခွာသွားသော သမ္မတမောရလီစ်က ဗုဒ္ဓဟူးနေ့တွင် မက္ကဆီကိုမှနေ၍ အမှာစကား ပြောကြားရာ၌  “ အမေရိကနိုင်ငံများအဖွဲ့  “ OAS အဖွဲ့ဝင် နိုင်ငံများအား မြောက်အမေရိကအင်ပါယာ၏ လက်သုံးတော်ခံများအဖြစ် ဝေဖန်ရှုတ်ချထားသည်။ ဂျင်းနီအန်းဇီ၏ ကြားဖြတ်သမ္မတဖြစ်ကြောင်းကြေညာခြင်း မှာ ၎င်းအား အာဏာသိမ်းဖြုတ်ချခြင်းကြောင်း သက်သေပြနေသည်ဟု စွပ်စွဲသည်။ လက်ရှိဖြစ်ပေါ်နေသော မငြိမ်မသက်မှုများအတွက် “ အမျိုးသား ညှိနှိုင်းဆွေးပွဲ “ ဖြင့် အဖြေရှာရန် တောင်းဆိုသည်။ 

ရက်ပိုင်းအတွင်း နိုင်ငံတကာသတင်းစာမျက်နှာတို့၌ မောရလီစ်ဖြုတ်ချခံရခြင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထက်ပင် လူစိတ်ဝင်စားမှု့ ပိုမိုလျှက်ရှိသည်။ ဘိုလစ်ဗီးယားသမ္မတဖယ်ရှားခံရခြင်းတွင် တရုတ်-အမေရိကန်တို့နှင့် ဆက်နွယ်လျှက်ရှိကြောင်း သတင်းများတွေ့ရှိရသည်။ သေချာသည်ကား ဘိုလစ်ဗီးယားလူထုကြီး ဖွတ်ဖွတ်ညက်ညက်ကြေစေရန် လမ်းကြောင်းပေါ် ရောက်နေခြင်းဖြစ်သည်။

(( ယခုအခါ ချီလီ၊ ဘိုလစ်ဗီးယား၊ လက်ဘနွန်၊ အီရတ်၊ ဟောင်ကောင်တို့တွင် ဆန္ဒပြပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။ ၎င်းတို့ကို Civil Disobedience ဟု လေ့လာသူများက ပြောဆိုသည်။ “  မြို့ပြမနာခံမှု့ “ “ လူထု ငြင်းဆန်မှု “ ဟု အဓိပ္ပါယ်ရပြီး အစိုးရ၏ အမိန့်၊ ညွန်ကြား၊ ဆုံးဖြတ်ချက်နှင့် ဥပဒေအချို့ စသည်တို့ကို လူစု လူဝေးဖြင့် ကန့်ကွက်ငြင်းဆန်ခြင်းဖြစ်သည်။

ထိုဝေါဟာအသုံးနှင့် ခပ်ဆင်ဆင် “ လူထုနည်းဖြင့် အာဏာဖီဆန်ခြင်း “ ကို တစ်ချိန်က သုံးစွဲခဲ့သူမှာ လက်ဝဲဝါဒီ ကွန်မြူနစ်များဖြစ်သည်။

နောက်ပိုင်း ဒီမိုကရေစီလိုလားသူများလက်ထက်တွင် “ လမ်းမပေါ် လူထုတိုက်ပွဲ “ များအဖြစ် ပြောင်းလဲသွားသည်ထင်၏။ အစိုးရအား ဆန့်ကျင်ရာတွင် လူစုလူဝေးဖြင့် လက်နက်မဲ့ဆန္ဒဖော်ထုတ်သည်ဆိုရာတွင်လည်း ကျောက်ခဲဖြင့်ပေါက်၊ ဓါတ်ဆီပုလင်းဗုံးဖြင့် ပစ်၊ သံပိုက်လုံးဖြင့် ရိုက်ကြခြင်းမှာ တစ်မူထူးခြားလေသည်။  ။ သတင်းဘာသာပြန်သူ ))

 ((( Russia Today., 13 Nov, 2019 ,” WATCH Morales supporters tear-gassed in clashes with riot police as Bolivians protest unelected ‘interim president’ (VIDEO).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/473372-bolivia-protest-tear-gas/

#ဘိုလစ်ဗီးယားမောရလိစ်လိုလားသူများ  #သမ္မတဖြုတ်ချခံရပြီးနောက်မငြိမ်မသက်ဆက်လက်ဖြစ်ပွား

0

Leave a Reply

Your email address will not be published.