ဆိုင်ဘာတိုက်ခိုက်ခံရဖွယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဘဏ်များအား သတိပေး၊ ဘဏ်အချို့ ATM စက်များ စောင့်ကြပ်ကြည့်ရှု့မှုတိုးမြှင့်၍ ဝန်ဆောင်မှုခေတ္တရပ်ဆိုင်း။ “ ကော့စတာရက်တို “ ကြေးစား ဆိုင်ဘာသူလျှိုအုပ်စုနှင့် မြောက်ကိုရီးယား ” ဘီဂယ်ဘွိုင်းဇ် “ ဟက်ကာအုပ်စု”


ဆိုင်ဘာတိုက်ခံရဖွယ် ခြိမ်းခြောက်ခံရကြောင်းသတိပေးချက်ကို ဘဏ္ဍာရေးအင်စတီကျူးရှင်းများဆိုင်ရာဋ္ဌာနက လွန်ခဲ့သည့် ကြာသပတေးနေ့၌ ထုတ်ပြန်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းရှိ ဘဏ်များတွင် ATM စက်အသုံးပြုရာ၌ စောင့်ကြည့်ရှု့မှု တိုးမြှင့်လိုက်ကြပြီး ဘဏ်အချို့မှာ ATM ဝန်ဆောင်မှုကို ခေတ္တ ရပ်ဆိုင်းလိုက်ကြသည်ဟု bdnews24 ယမန်နေ့ရေးသားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရဋ္ဌာန၏ သတိပေးစာတွင် ၂၀၁၆-ခုနှစ်၌ ဘင်္ဂလားဒေ့ရှ်ဘဏ်များ၏ သီးသန့်နိုင်ငံခြားငွေကြေးစံနစ်အား ဆိုင်ဘာ-လုယက်မှု ကျူးလွန်ခဲ့ဖူးသော BeagleBoyz ” ဘီဂယ်ဘွိုင်းဇ် “ အမည်ရှိ မြောက်ကိုရီးယား ဟက်ကာအုပ်စုက ယခုတိုက်ခိုက်မှုတွင် ပါဝင်လျှက်ရှိကြောင်း၊ ATM စက်များမှ ငွေများကိုထုတ်ယူရန်နှင့် ဘဏ်အချင်းချင်းကြား ငွေကြေးလွှဲပြောင်းရာတွင် အသုံးပြုသည့် SWIFT ကွန်ယက်ကို ဖောက်ထွင်းရန် ကြိုးစားနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်ဆို၏။

အဆိုပါ ခြိမ်းခြောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် “ ရူပါလီဘဏ်” နှင့် အခြားဘဏ်အချို့က ၎င်းတို့၏ ATM စက်များ အသုံးပြုမှုကို စနေနေ့ည ၁၁ နာရီမှ တနင်္ဂနွေည ၇ နာရီအထိ ယာယီရပ်ဆိုင်းခဲ့သည်။ ATM ဝန်ဆောင်မှု ခေတ္တရပ်နားမည့် အကြောင်းကိုလည်း ဘဏ်အသုံးပြုသူများထံ လက်ကိုင်ဖုန်းမှတစ်ဆင့် စာတို SMS ပေးပို့ခဲ့ကြောင်း တွေ့ရှိရသည်။

“ အက်ဂရာနီ “ အမည်ရှိ အခြား အစိုးရဘဏ်တစ်ခု၏ အုပ်ချုပ်မှုဒါရိုက်တာနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ မိုဟာမက်ရှမ်အူလ်အစ္စလာမ်က ပြောဆိုရာတွင် ညွှန်ကြားချက်များရရှိပြီးနောက် ဆိုင်ဘာလုံခြုံရေးစံနစ်များအား ပိုမိုအဆင့်တိုးမြှင့်ခဲ့ကြောင်း ရှင်းပြသည်။

သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ကွန်ပျူတာအကြမ်းဖက်မှု တုန့်ပြန်ရေးအဖွဲ့ (CIRT) မှ စစ်စတမ်ကျွမ်းကျင်ပညာရှင် “ တာယီကီအမ်ဘာကော်လာကမူ မြောက်ကိုရီးယားဟက်ကာများ၏ ခြိမ်းခြောက်မှု ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မျှ မရရှိခဲ့ကြောင်း၊ တောင်အာရှငွေကြေးအဖွဲ့အစည်းများအား ပစ်မှတ်ထားသည့် CostaRicto “ ကော့စတာရက်တို “ အမည်ရှိ ကြေးစားဆိုင်ဘာသူလျှိုအုပ်စု၏ ခြိမ်းခြောက်မှု ရရှိပြီးနောက် ဝဘ်ဆိုက်တွင် သတိပေးချက် လွှင့်တင်ခဲ့ကြောင်း၊ ကော့စတာရက်တိုတို့၏ ဆိုင်ဘာတိုက်ခိုက်မှဖြစ်လျှင် မည်သို့မျှ ကြောက်စရာမရှိကြောင်းနှင့် ပုံမှန်သတိပေးချက်သာဖြစ်ကြောင်း ပြောဆိုသည်။ သြဂုတ်လကုန်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြောက်ကိုရီးယားဟက်ကာအုပ်စု၏ အန္တရာယ်များကို သတိပြုကြရန် နှိုးဆော်ချက် ထုတ်ပြန်ခဲ့ဖူးပြီး ယခုဖြစ်စဉ်တွင်မူ စနေနေ့ညအထိ သတိပေးချက်ထုတ်ပြန်သော ဘင်္ဂလားဒေ့ရှ်ဘဏ်ကို မတွေ့ခဲ့ရှိရပေ။

(( လွန်ခဲ့သော ၂၀၁၃-ခုနှစ်ခန့်က ဖြစ်မည်ထင်ပါသည်။ ထိုစဉ်က ပြည်ပနိုင်ငံအချို့တွင် မြန်မာအား ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် နိုင်ငံတော်အလံကို ခြေဖြင့်နင်းကာ ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအပေါ် သိမ်းကြုံး၍ ရိုင်းပြစော်ကားရောက်သည်ကို မခံမရပ်နိုင်ဖြစ်ကြသည့်အတွက် မြန်မာဟက်ကာများနှင့် အရှေ့အလယ်ပိုင်းနေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဦးဆောင်သော အိမ်နီးချင်းနိုင်ငံမှ ဟက်ကာများတို့ ဆိုင်ဘာစစ်ပွဲဖြစ်ပွားလေတော့သည်။ ပွဲ စတင်ပြီး မကြာမီ ၎င်းတို့၏နိုင်ငံပိုင်နှင့် စီးပွားရေးလုပ်ငန်းဝဘ်ဆိုက်များ အတုန်းအရုံး ကျဆုံးခဲ့သော်လည်း မြန်မာဘက်တွင် ထိခိုက်မှု အလွန်နည်းကြောင်း အမှတ်ရမိပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ မြန်မာဟက်ကာများတွင် နိုင်ငံတကာအဆင့်အရည်အချင်းရှိသူများပါဝင်နေသည်ကလည်း အကြောင်းတစ်ခုဖြစ်ပြီး အဆိုပါနိုင်ငံများ၌ e-government ခေါ် ကွန်ပျူတာများထိန်းချုပ်သည့် အွန်လိုင်းကွန်ယက်စံနစ် ဖွံံ့ဖြိုးအားကောင်း လည်ပတ်နေခြင်းကြောင့် အဓိကဖြစ်ပါသည်။ ကျွန်တော်တို့ဆီ၌ ကွန်ပျူတာတွင် အချက်အလက်သိုမှီး၍ အချင်းချင်းချိတ်ဆက်အသုံးပြုသည့် e-government စံနစ်မှာ မည်မည်ရရ မရှိသေးပဲ ယခုတိုင် အသက်ဝင်ရန် တိုင်ကြိုး စားနေ ရဆဲဖြစ်သည်။

ဘဏ်အချင်းချင်းကြားတွင် အသုံးပြုသည့် ကွန်ယက်စံနစ်မှာ အခြား အရပ်ဘက်သုံးများနှင့် မတူညီပဲ ဆိုင်ဘာလုံခြုံရေးစံနစ်လည်း သီးခြားဖြစ်၍ အလွန်မြင့်မားကြောင်း သိရှိရပါသည်။ ။ သတင်းဘာသာပြန်သူ ))

#ဘင်္ဂလားဒေ့ရှ်ဘဏ်များဆိုင်ဘာတိုက်ခိုက်ခံရဖွယ်သတိပေးချက်ထုတ်ပြန် #ကော့စတာရက်တိုကြေးစားဆိုင်ဘာသူလျှိုအုပ်စု #မြောက်ကိုရီးယားဘီဂယ်ဘွိုင်းဇ်ဟက်ကာအုပ်စု

((( bdnews24., 22 Nov 2020 .” Bangladesh puts banks on alert over possible cyber-attack.By: Abdur Rahim Harmachi.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

https://bdnews24.com/economy/2020/11/22/bangladesh-puts-banks-on-alert-over-possible-cyber-attack

0

Leave a Reply

Your email address will not be published.