ဆီးရီးယားတပ်ဖွဲ့ဝင် ၂,၅၀၀ ကျော်ကို ချေမှုန်း၍ တင့်ကားနှင့် လက်နက်ကြီးများစွာတို့ကို ဖျက်ဆီးခဲ့ဟု တူရကီသမ္မတဆို။ အစသာရှိသေးပြီး တူရကီ၏ အင်အားအစစ်အမှန်ကို မပြရသေးဟု ပြော။ ရုရှားနှင့် အီရန်ကို တူရကီ သတိပေး

တူရကီ၏ အကြိမ်ပေါင်းများစွာ စစ်ဆင်တိုက်ခိုက်မှု့ကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင် ၂,၅၀၀ ကျော်ကို သေဆုံးပြီး တင့်ကားနှင့်လက်နက်ကြီးဒါဇင်ပေါင်းများစွာတို့ကို ပျက်စီးသွားသည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောဆိုလိုက်ပြီး ၎င်းမှာ အစသာရှိသေးပြီး တူရကီ၏ အင်အားအစစ်အမှန်ကို မပြရသေးကြောင်း ကြုံးဝါးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

တနင်္လာနေ့ အာဏာရ AK ပါတီဝင်များနှင့် တွေ့ဆုံရာတွင် တူရကီသမ္မတ တေရစ်အာဒိုဂန်၏ ပြောဆိုချက်အရ ဆီးရီးယားဘက်မှ စစ်သားနှင့်လက်နက်ကိုင် ၂,၅၅၇-ဦးသေဆုံးပြီး၊ တင့်ကား ၁၃၅-စီးနှင့် အမြောက်ကြီး ဒါဇင်များစွာ အပါအဝင်၊ ရော့ကက်စံနစ်အမျိုးမျိုး၊ လေကြောင်းရန်ကာကွယ်ရေး စက်သေနတ်ကြီးများစွာတို့ကို တူရကီက ဖျက်ဆီးလိုက်ကြောင်း ဖော်ပြသည်။ သွေးတိုးစမ်းလာသည့် ပွဲဦးထွက် အစပိုင်းမှာပင် လူ-လက်နက် များစွာဆုံးရှုံးသွားရပြီး တူရကီ၏ စွမ်းရည်ကို သွေးအလူးလူးနှင့် နာကြင်စွာ မြည်းစမ်းသွားကြရပြီဖြစ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် ဆီးရီးယား၏တိုက်ခိုက်မှု့မှာ ဘာရှာအာဆတ်အစိုးရအား ထောက်ပံ့လျှက်ရှိသော အီရန်-ရုရှားတို့က တူရကီ၏ အကြမ်းဖက်ဝါဒကိုဆန့်ကျင်ရာရောက်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ “ အီရန်နဲ့ ရုရှားကို နောက်တစ်ကြိမ် ထပ်ပြောပါ့မယ်။ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး၊ ဆီးရီးယားကနေပြီး ခင်ဗျားတို့ နိုင်ငံဆီကို ဦးတည်နေတဲ့ လူတွေကို ထိန်းသိမ်းရင်း တူရကီဟာ လူသားမျိုးနွယ်အကြပ်အတည်းကို ဖြေရှင်းနေပါတယ်၊ တစ်ဖက်ကလဲ ကိုယ့်နိုင်ငံ အမျိုးသားလုံခြုံရေးကို ဆောင်ရွက်နေရပါတယ် “ ဟုပြောဆိုသည်။

ဖေဖော်ဝါရီ ၂၇-ရက်နေ့တွင် ဆီးရီးယားအနောက်မြောက်ပိုင်း စစ်မျက်နှာ၌ သူပုန်တို့ နောက်ဆုံးခြေကုပ်ယူရာ အိုင်ဒဲ့လ်ဗ်ခရိုင်ကို အာဆတ်အစိုးရတပ်များက လေကြောင်းထိုးစစ်ဆင်ခဲ့ရာ ရုရှားဂျက်တိုက်လေယာဉ် အများအပြားပါဝင်ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ ရုရှား၏ တစ်ဖက်သပ်ဝေဟင်စိုးမိုးမှုရယူထားသော အဆိုပါနယ်မြေ လေကြောင်းတိုက်ခိုက်မှု့ကြောင့် တူရကီတပ်ဖွဲ့ဝင် ၃၄-ဦးကျဆုံးခဲ့သဖြင့် ၂၀၁၆-ခုနှစ် တူရကီ၏ ဆီးရီးယားကျူးကျော်မှုနောက်ပိုင်း တစ်ရက်အတွင်း အများဆုံးသေဆုံးရသော တူရကီစစ်သားဦးရေဖြစ်သည်။

တူရကီက ဒရုန်းလေယာဉ်များအသုံးပြု၍ ဆီးရီးယားအား လေကြောင်းမှတိုက်ခိုက်ပုံ တိုက်ပွဲဖြစ်စဉ်သတင်းမှတ်တမ်းရုပ်သံတိုကလေးကို ဖေဖော်ဝါရီ ၂၉-ရက်နေ့တွင် တူရကီကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ AFP မှတစ်ဆင့် ထုတ်လွှင့် ကြောင်း VOA က ယမန့်ဖော်ပြသည်။

အဆိုပါ တူရကီ၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် ဆီးရီးယား တပ်ဖွဲ့ဝင် ၁၉-ဦး ကျဆုံကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားစစ်ပွဲစောင့်ကြည့်သူများက ပြောဆိုကြောင်း BBC က ယနေ့ရေးသားသည်။

ယမန်နေ့ ( ဖေဖော်ဝါရီ ၁-ရက် ) တွင် ဆီးရီးယားအစိုးရတပ်များကတစ်ဖက်- တူရကီနှင့်သူပုန်များကတစ်ဖက် အကြိတ်အနယ် ပဋိပက္ခဖြစ်ပွားလျှက်ရှိသော အိုင်ဒဲ့လ်ဗ်စစ်မျက်နှာ၌ ဆီးရီးယားဂျက်တိုက်လေယာဉ် ၂-စီး ပစ်ချခံရကြောင်း၊ တိုက်လေယာဉ်မှူများမှာ လေထီးဖြင့် အချိန်မီခုန်ထွက်၍ ဘေးလွတ်ရာနယ်မြေသို့ ဆင်းသက်သွားကြကြောင်း၊ ဆီးရီးယားဘက်ကမူ တူရကီ ဒရုန်းလေယာဉ် ၃-စီးကို ပစ်ချဖျက်ဆီးခဲ့သည်ဟု သတင်းထုတ်ပြန်သည်ကို တွေ့ရှိရကြောင်း BBC သတင်းက ဆက်လက်ဖော်ပြသည်။

အိုင်ဒဲ့လ်ဗ်အပါအဝင် နိုင်ငံ့အနောက်မြောက်ပိုင်း ဝေဟင်အား လေယာဉ်ပျံသန်းခြင်းကို ဆီးရီးယားအစိုးရက တားမြစ်မိန့်ထုတ်ပြန်လိုက်ပြီး၊ လိုက်နာခြင်းမရှိလျှင် ရန်သူအဖြစ်မှတ်ယူမည်ဖြစ်ကြောင်း ကြေညာသည်။ ယမန်နေ့ ထိပ်တိုက်တွေ့မှုများအပြီး ရုရှားနိုင်ငံ၏ ဆီးရီးယားအနောက်မြောက်ပိုင်း လေကြောင်း ပျံသန်းမှုဆိုင်ရာထိန်းညှိရေးစင်တာက လတ်တစ်လောအခြေအနေအရ မည်သည့်တူရကီလေယာဉ်မဆို ဘေးအန္တရာယ် ကင်းရေးအတွက် ရေရှည်အာမခံနိုင်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။

ဆီးရီးယားအနောက်မြောက်ပိုင်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်အများအပြား ကျဆုံးခဲ့ရသော တူရကီသည် နိုင်ငံအတွင်း လက်ခံထားရသော ဆီးရီးယားစစ်ဘေးးုက္ခသည်အများစု အရှေ့အလယ်ပိုင်းရွှေ့ပြောင်းအခြေချသူများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိဟုဆိုကာ ထိန်းသိမ်းရေးစခန်းတံခါးများ ဖွင့်လွှတ်ပေးခဲ့သည်။

နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖျားနာ-သေဆုံးမှုကြောင့် နယ်မြေဖြတ်သန်းသွားလာမှုများကို စိုးရိမ်တကြီး စောင့်ကြည့် တားဆီးနေကြစဉ် တူရကီဒုက္ခသည်စခန်းများမှ ကလေးနှင့် မိန်းမများအပါအဝင် လူပေါင်း ၁၃,၀၀၀ ခန့်မှာ ယမန်နေ့တွင် တူရကီ-ဂရိနယ်စပ်သို့ ရောက်ရှိလာကြောင်း လူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့ အစည်းများအဆိုအရသိရှိရသည်။

ဒုက္ခသည်အချို့မှာ နှစ်နိုင်ငံနယ်ခြားမြစ်အား ကူးဖြတ်ရာမှ ရေနစ်သေဆုံးသူ ထောင် ဂဏန်းရှိနိုင်ကြောင်း၊ ဂရိလုံခြုံ ရေးအစောင့်များအား ကျောက်ခဲ ဖြင့်ပစ်ပေါက်ခြင်း ဂရိနိုင်ငံ နယ်ခြားသံဆူးကြိုး အတားအဆီးများအား ဖြိုလှဲဖျက်ဆီး၌ ဖြတ်သန်းဝင်ရောက် ရန်အားထုတ်သဖြင့် ဂရိနယ်ခြားစောင့် ရဲများက မျက်ရည်ယိုဗုံးများ ပစ်ပေါက်လူစုခွဲလျှက်ရှိကြောင်း France24 ( English ) ၏ ယနေ့သတင်းကဖော်ပြသည်။

ထိုစဉ်အတောအတွင်း တူရကီသမ္မတအာဒိုဂန်သည် လာမည့် ဖေဖော်ဝါရီ ၅-ရက်နေ့တွင် မော်စကိုသို့သွား ရောက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

((( Russia Today., 2 Mar, 2020, “Soldier & equipment losses for Syrian Army are just the beginning – Erdogan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဆီးရီးယားအနောက်မြောက်ပိုင်းတိုက်ပွဲ #တူရကှနှင့်ဆီးရီးယားအစိုးရတပ်များ #ဂရိနယ်စပ်ရောက်တူရကီထိန်းသိမ်းထားသည့်စစ်ဘေးဒုက္ခသည်များ

https://www.rt.com/news/482103-erdogan-syrian-troops-losses/

https://www.rt.com/news/482006-erdogan-russia-syria-fighting/

https://www.rt.com/news/482053-syrian-jets-downed-turkey/

https://www.bbc.com/news/world-middle-east-51701069

0

Leave a Reply

Your email address will not be published.