ကြာသပတေးနေ့ ဆီးရီးယားအနောက်မြောက်ပိုင်း စစ်မျက်နှာတွင် ဆီးရီးယားအစိုးရတပ်များ၏ လေကြောင်းထိုးစစ်ကြောင့် တူရကီတပ်များ၌ မယုံကြည်နိုင်ဖွယ် အတုံးအရုံးကျဆုံးမှုဖြစ်ခဲ့ရသည်။ ဆယ်စုနှစ်မျှကြာခဲ့ပြီသော ဆီးရီယားစစ်ပွဲမှာ ရုရှားနှင့် နေတိုးစစ်စာချုပ်အဖွဲ့ဝင် တူရကီတို့၏ တိုက်ရိုက်စစ်ပွဲအဖြစ် အသွင်ပြောင်းလဲလာနိုင်ကြောင်း ဘင်္ဂလားအခြေစိုက် bdnews24 က New York Times အား ကိုးကား၍ ယနေ့ရေးသားသည်။
တူရကီတပ်ဖွဲ့ဝင် ၃၃-ဦးကျဆုံး၍ ၃၀ ကျော်ဒါဏ်ရာရရှိခဲ့ကြောင်း ထိခိုက်တပ်ဖွဲ့ဝင်များ
ရောက်ရှိလာသည့် တူရကီတောင်ပိုင်း ဟာတေခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။ ဆီးရီးယားအစိုးရက
လေကြောင်းမှ ဆက်လက်ထိုးနှက်နေဆဲဖြစ်သော်လည်း ယခုရက်သတ္တပတ်လေကြောင်းထိုးစစ်၌ ရုရှားဂျက်တိုက်လေယာဉ်တို့
အများဆုံးပါဝင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။
ထိုအတွက် တူရကီအစိုးရအနေဖြင့် စစ်အင်အားကြီးရုရုားနှင့် ထိပ်တိုက်မတွေ့လိုသဖြင့် ဒေါသတကြီး
တိုက်ရိုက်အပြစ်တင်ခြင်းမရှိသော်လည်း တူရကီမြို့တော် ရုရှားသံရုံးရှေ့တွင် သမ္မတ ဗလာဒီမာပူတင်ရှုတ်ချပွဲ-
ရုရှားဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။
ကြာသပတေးနေ့ညနေပိုင်း၌ တူရကီအစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးကျင်းပသည်။ တူရကီတို့က ဆီးရီးယားအနောက်မြောက်ပိုင်း
အိုင်ဒဲလ်ဗ်ခရိုင်မှ ဆီးရီးယားအစိုးရတပ်များအား တန်ပြန်ထိုးစစ် စတင်လျှက်ရှိကြောင်း
ဒေသန္တရသတင်းစာများက ဖော်ပြသည်။
ဆီးရီးယားတွင် ဆန္ဒပြပြည်သူများအား အင်အားသုံးနှိမ်နင်းရာမှ ၉-နှစ်ကျော် စစ်မီးတောက်လောင်ခဲ့ပြီး
ယနေ့တိုင် မငြိမ်းသတ်နိုင်သေးချေ။ တူရကီသည် အဆိုပါစစ်ပွဲတွင် ရုရှားကျောထောက်နောက်ခံပြု
ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ဖယ်ရှားရေး အတိုက်အခံတို့ကို ကာလကြာမြင့်စွာ ထောက်ပံ့ ခဲ့ပြီးဖြစ်သည်။
ဆီးရီယားပြည်တွင်းစစ်သည် ယခုထိ လူပေါင်း ၆-သိန်းနီးပါး သေကြေစေခဲ့ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း
၇-သန်း၊ ဒုက္ခသည်ပေါင်း ၁၁-သန်းသာလျှင်မဟုတ်ပဲ အိုင်အက်စ်( IS, ယခင် ISIS ) ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားများကို
မွေးထုတ်ပေးမိရက်သားဖြစ်ခဲ့ပြီး နိုင်ငံတကာလုံခြုံရေးနှင့် ပထဝီနိုင်ငံရေးတို့ကို
ခြောက်လှန့်ရာ ရောက်လျှက်ရှိသည်။
လောလောဆယ် ဆီးရီးယားစစ်ပွဲဆိုသည်မှာ စုစုပေါင်း ၂၅ – ခုထက်မနည်းသည့် လက်နက်ကိုင်အဖွဲ့အစည်းတို့သည်
(၁) အာဆတ်အစိုးရ-ဟဇ်ဘိုလာ-အီရန်-ရုရှား ( ၂ ) အာဆတ်ဖြုတ်ချ ရေး ဆီးရီးယားသူပုန် ( ၃
) အစ္စလာမ်မစ် နိုင်ငံတော်ထူထောင်သူ အိုင်အက်စ်,IS ( ၄ ) အမေရိကန်ကျော ထောက်နောက်ခံပြု
ကာ့ဒ်ဒီမိုကရက်စ်တပ်( SDF )နှင့် YGP ကာ့ဒ် ဟူ၍ အုပ်စုကြီး ၄-စုအသွင် အချင်းချင်းအပြန်အလှန်
မီးကုန်ယမ်းကုန် စစ်ခင်းနေကြခြင်းဖြစ်သည်။ အုပ်စု ၁-စုတွင် ဒေသတွင်းနှင့် ပြည်ပစစ်အင်အားကြီးနိုင်ငံတို့၏
ကိုယ်စားပြုဟု ဆိုနိုင်သော လက်နက်ကိုင်တပ်များ ပါဝင်နေသည်။
ဆက်တိုက် စစ်ရေးအသာရလာသော အစိုးရတပ်များသည် နိုင်ငံ့အနောက်မြောက်ပိုင်း သူပုန်တို့နောက်ဆုံး
ခြေကုတ်ယူရာ အိုင်ဒဲလ်ဗ်ခရိုင်ကို ရုရှားစစ်လေယာဉ်များအကူအညီရယူလျှက် အပြင်းအထန်ထိုးစစ်ဆင်ခြင်းဖြင့်
တူရကီနယ်စပ်အနီး နောက်ထပ် စစ်ဘေးရှောင် ၁-သန်း ဖြစ်ပေါ်လာခဲ့ရသည်။
လတ်တလောတွင် အစိုးရနှင့် သူပုန်နှစ်ဖက်စလုံးက စစ်ရှိန်မြှင့်တင်လျှက်ရှိရာတွင် သူပုန်ထောာက်ပံ့တူရကီနှင့်
ဆီးရီးယားအနောက်မြောက်ပိုင်းဝေဟင်အား စစ်ရေးထိန်းချုပ်ထားသည့် ရုရှားတို့ ထိပ်တိုက်တွေ့လာရသည်။
ဆီးရီးယားအစိုးရတပ်များ ပိတ်ဆို့ဝိုင်းရံလျှက်ရှိသော တူရကီတို့တပ်စွဲထားသည့် လက်ရှိနေရာမှ
ရုရှားတပ်များက အပစ်အခတ်ရပ်စဲပြီး ဆုတ်ခွာသွားရန် အာဒိုဂန်ကတောင်းဆိုသည်။
ဆီးရီးယားအစိုးရတပ်များ စစ်ဦးတွင် ရှိနေသည့် တူရကီတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာတို့မှာ
လေကြောင်း အကူအညီမရရှိပဲ အစိုးရတပ်များ၏ ဖြတ်တောက်ပိတ်ဆို့ ထိုးနှက်ခြင်းကို အလူးအလဲခံနေရသည်။
ရုရှားသည် ဆီးရီးယားအစိုးရကို လေကြောင်းအကာအကွယ်ပေးရာ၌ ပါဝင်နေပြီး၊ ခရိုင်အတွင်း သေဆုံးသူ
၃၀၀ ကျော်မှာ ရုရှားလေတပ်က ဆေးရုံ-စာသင်ကျောင်းနှင့် ဒေသခံတို့၏ နေအိမ်အဆောက်အအုံများအား
ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဖြစ်သည်ဆို၏။
တူရကီမှာ ၎င်းတပ်များအတွက် ခုခံရေး ပက်ထရီယော့မစ်ဆိုင်းလ်များ ပေးပို့ရန် ခွာပြဲနေသည့်
အမေရိကန်ထံ တောင်းခံနေရပြီး နေတိုးတပ်ဖွဲ့ဝင်တို့ကလည်း ဆီးရီးယားအနောက်မြောက်ပိုင်းတွင်
“ လေယာဉ်မပျံသန်းဇုံ “ သတ်မှတ်ခြင်းဖြင့် အိုင်ဒဲလ်ဗ်ဒေသခံ ၃-သန်းတို့အား အကာအကွယ်ပေးရန်
တောင်းဆိုသည်။
သို့သော် အမေရိကန်ရော နေတိုးပါ ဆီးရီးယားအနောက်မြောက်ပိုင်း စစ်ရေးစွက်မှုမှန်သမျှသည်
ရုရှားနှင့် ထိပ်တိုက်တိုးနိုင်သည့်အတွက် ဝေးဝေးက ရှောင်လျှက်ရှိသည်။ ရုရှားထံမှ
S-400 ဒုံးကျည်စံနစ်အားဝယ်ယူသဖြင့် တူရကီအပေါ် ပက်ထရီယော့မစ်ဆိုင်းလ်ရောင်းချရန် အမေရိကန်က
ဆိုင်းငံ့ထားသည်။ ဆီးရီးယား-တူရကီနယ်စပ်အနီးမှ ဆုတ်ခွာသွားခဲ့သော အမေရိကန်သည် ဆီးရီးယား
အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် အိုင်အက်စ်တို့ အင်အားစုစည်းလာခြင်းနှင့် ဆီးရီးယားနယ်မြေမှ
ရေနံတွင်းများအား ကာကွယ်ရန်ဟုဆိုကာ တပ်ဖွဲ့ဝင် ၅၀၀ ခန့် ပို့လွှတ်ထားသည်။
ရုရှားကလည်း ဆီးရီးယားအနောက်မြောက်ပိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမည်ဆိုသမျှကို
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗီတိုသုံးကာ ပယ်ချလျှက်ရှိသည်။
အိုင်ဒဲလ်ဆိုသည်မှာလည်း အာဆတ်အစိုးရဆန့်ကျင်ရေး အတိုက်အခံ ၁.၅သန်းခန့် အပါအဝင် ဆီးရီးယားဒေသအသီးသီးမှ
ရောက်ရှိလာသူ စုစုပေါင်း ၃-သန်းခန့်အိုးအိမ်ထူထောင်ရာဖြစ်ပြီး၊ သူပုန်များသာမက အကြမ်းဖက်သမားများဖြစ်သည့်
ဂျီဟဒ်ဝါဒီ ဘာသာရေး အစွန်းရောက်တို့ပါ ရောနှောလျှက်ရှိကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
((( bdnews24, 28 Feb. 2020, “Airstrike hits Turkish forces in Syria. “ ကို
#HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#ဆီးရီးယားအနောက်မြောက်ပိုင်းလေကြောင်းထိုးစစ်တူရကီအထိနာ #ရုရှား-တူရကီနှင့်ဆီးရီးယားစစ်ပွဲ
https://bdnews24.com/world/middle-east/2020/02/28/airstrike-hits-turkish-forces-in-syria
https://www.rt.com/news/481918-nato-turkey-no-aid/
https://www.rt.com/news/481908-erdogan-adviser-war-russia/
https://www.rt.com/news/481904-syria-has-full-right-to-fight-terrorism/