ဆီးရီးယားအရှေ့မြောက်ပိုင်းနယ်မြေအတွင်း တူရကီစစ်ရေးကျူးကျော်မှုအရှိန်မြှင့်လာစဉ် စစ်လမ်းကြောင်းပေါ်မှ အမေရိကန်တပ်များဆုတ်ခွာနေ။ ဆီးရီးယားအစိုးရက မြောက်ပိုင်းသို့ မြောက်ပိုင်းသို့ တပ်များစေလွှတ်လျှက်ရှိ

ဆီးရီးယားအရှေ့မြောက်ပိုင်းနယ်မြေအတွင်းပိုင်းသို့ တူရကီစစ်ရေးကျူးကျော်မှုအရှိန်မြှင့်လာစဉ် စစ်လမ်းကြောင်းပေါ်၌ တပ်စွဲထားသည်ဟု သိရှိရသောနေရာမှ အမေရိကန်တပ်များ အလျှင်အမြန်ဆုတ်ခွာနေသည်ကို တွေ့ရှိရကြောင်း၊ ထိုစဉ် အရှေ့မြောက်ပိုင်းသို့ ၎င်းတို့၏ တပ်များ စေလွှတ်လျှက်ရှိကြောင်း ဆီးရီးယားအစိုးရက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

ဒေသစံတော်ချိန် မွန်းလွဲ ၃-နာရီတွင် အမေရိကန်တပ်များ စတင်ဆုတ်ခွာသည်ဟု လုံခြုံရေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များအား ကိုးကားလျှက် တူရကီအစိုးရပိုင် “ အနာဒိုလူသတင်းဌာန “ က ဖော်ပြသော်လည်း ပင်တာဂွန်၏ အတည်ပြုချက် မရရှိချေ။ အမေရိကန်အကဲကြည့်တပ်များသည် အရ်အယ်လ်အာရပ် ခေါ် မဟာဗျူဟာမြောက်အရေးပါသည့် “ ခိုဘာနီ “ မြို့တွင် တပ်စွဲထားခြင်းဖြစ်ပြီး လွန်ခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ တူရကီက အမြောက်ကြီးများဖြင့် စတင်ပစ်ခတ်ခြင်းခံရသည်။ တူရကီ၏ ပစ်ခတ်မှုမှာ တမင်ရည်ရွယ်ခြင်း ရှိ-မရှိနှင့် ထိခိုက် ပျက်စီးမှုသတင်းများ ရှင်းလင်းစွာ မသိရချေ။ 

ခိုဘာနီ တောင်ဖက် ခရီးတစ်နာရီခန့်အကွာတွင် အန်အက်ဆာမြို့တွင် “ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသဗဟို” အခြေစိုက်ထားပြီး အဆိုပါမြို့မှလည်း အမေရိကန်တပ်ဖွဲ့ဝင်အနည်းငယ် စတင်ဆုတ်ခွာလျှက်ရှိသည်ကို တွေ့ရှိရသည်။ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တို့သည် ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် စိုးမိုးမှု ချဲ့ထွင်လာဟန်ရှိပြီး တူရကီပိုင်နက်ဘက်တွင်လည်း ဆီးရီးယားသူပုန်များ ပြန်လည်စုရုံးလာသည်ကို တွေ့မြင်ရကြောင်း Washington Post က ရေးသားသည်။ ဆီးရီးယားမြောက်ပိုင်းအရေးပါသော M4 အဝေးပြေး လမ်းမကြီးကို တူရကီကျောထောက်နောက်ခံပြု သူပုန်တို့ ထိန်းချုပ်ရန် ချဉ်းကပ်လာစဉ်ကတည်းက အဆိုပါ နယ်မြေမှ အမေရိကန်တပ်များ ဆုတ်ခွာပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်သည်။ 

  
အမေရိကန်တပ်များသည် ဆန့်ကျင်ဘက်စစ်တပ် ၂-ခု၏ကြားတွင် ပိတ်မိနေပြီး ပြန်လည်ခုခံရန် အလွန်ခက်ခဲသည့်အခြေအနေတွင် ရောက်ရှိနေကြောင်း၊ ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်ကို လွတ်ကင်းရာသို့ ရွှေ့ပြောင်းရန် စီစဉ်လျှက်ရှိကြောင်း တစ်ဟုန်ထိုးချီတက်လာနေသည့် တူရကီတပ်ဖွဲ့ဝင် ၁၅,၀၀၀ တို့ကို တားဆီးနိုင်မည့် နည်းလမ်းမတွေ့ရသေးကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စ်ပါက ပြောဆိုသည်။

  
၎င်းတို့၏ တပ်များသည် ကာ့ဒ်တို့ထိန်းချုပ်ရာနယ်မြေအတွင်း ၁၉-၂၀ မိုင်ခန့် ထိုးဖောက်နိုင်ခဲ့ကြောင်းနှင့် ထိုမှ မိုင်-၂၀ ရှည်လျှားသော “ Safe Zone “ တည်ဆောက်လျှက်ရှိကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။ 
ထိုစဉ်အတောအတွင်း တူရကီတို့ရှိရာ ဆီးရီးယားမြောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များဖြန့်ချရန် အာဆတ်အစိုးရနှင့် သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း ကာ့ဒ်အထူးဒေသ ခေါင်းဆောင်များက ပြောဆိုသည်။ ဆီးရီးယားမြောက်ပိုင်း အလက်ပိုခရိုင် မန်ဘစ်မြို့သို့ ဆီးရီးယားအစိုးရတပ်များ ဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း လက်ဘနွန်အခြေစိုက် Al Mayadeen က သတင်းပေးပို့သည်။ အဆိုပါမြို့သည် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တို့ရှိရာ ခိုဘာနီမြို့နှင့် မိုင် ၄၀ ခန့်ကွာတွင်တည်ရှိပြီး ဆီးရီးယားတပ်မတော်အနေဖြင့် ၄၈-နာရီအတွင်း အရောက်ချီတက်နိုင်ဖွယ်ရှိသည်။ လက်ဘနွန်သတင်းစာ၏ ရေးသားချက်မှာ မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်နှင့် ကိုက်ညီကြောင်း Russia Toady က အတည်ပြုသည်။ 


သဘာဝဓါတ်ငွေ့နှင့် ရေနံတွင်းများတည်ရှိရာ အဆိုပါနယ်မြေသို့ ဆီးရီးယားတပ်မတော်ဝင်ရောက်သွားခြင်းမှာ တူရကီတို့အတွက် အလွန်ပြင်းထန်သော ဖိအားတစ်ရပ်ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ပြောဆိုသည်။ လက်ရှိအခြေအနေမှာ ဆီးရီးယားနှင့် တူရကီအိမ်နီးချင်း နှစ်နိုင်ငံအကြား စစ်မက်ဖြစ်ပွားရန် သေချာလာပြီး သံတမန်နည်းလမ်းကို အသုံးပြူရန်မှလွဲ၍ အခြားမရှိကြောင်း ဝေဖန်လျှက်ရှိသည်။ 

  
( ယခုဖြစ်စဉ်တွင် အလွန်ရိုးစင်းသော သဘာဝဓမ္မလမ်းကြောင်းဟောင်းကြီးကို တွေ့မြင်ရသည်။ ဆီးရီးယားမြောက်ပိုင်းအား ကာကွယ်ရန်မှာ အချုပ်အချာအာဏာပိုင်ဖြစ်သူ အာဆတ်အစိုးရနှင့် ဆီးရီးယားတပ်မတော်အပေါ် တာဝန်ပုံကျသွားခြင်းဖြစ်သည်။ ကာ့ဒ်ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတစ်ဖက်သပ်ထူထောင် သည့် နိုင်ငံသားလက်နက်ကိုင်များဖြစ်ပြီး ဆီးရီးယားသူပုန်ဆိုသည်မှာ ဒေသတွင်းနိုင်ငံအသီးသီးမှ ရောက်ရှိနေသူ သူပုန်များဖြစ်သည်။

၈-နှစ်ကြာ ပြည်တွင်းစစ်၌ ခြေကုန်လက်ပန်းကျနေသော ဆီးရီးယားတပ်မတော်အနေနှင့်မူ ဥရောပစစ်အင်အားကြီး တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တို့ကို ခက်ခဲစွာ ရင်ဆိုင် ရတော့မည်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် ဆီးရီးယားအစိုးရနှင့် စစ်တပ်လောက် ICC, ဂျီနိုဆိုက်၊ စစ်ရာဇဝတ်များနှင့် စွပ်စွဲခံရသော အဖွဲ့အစည်းမျိုး မရှိချေ။ 

အနောက်နိုင်ငံမီဒီယာများသည် ၎င်းတို့၏စစ်တပ်နှင့် အစိုးရက ၎င်းတို့နိုင်ငံသားများအပေါ် တရားလက်လွတ် လုပ်ဆောင်လာလျှင် လက်တစ်ဆုံးနှိုက်၍ ဖွင့်ချရာတွင် Whistle-Blowers  ပီသလှသည်။ သို့သော် ၎င်းတို့နိုင်ငံ အသီးသီး၏ အုပ်ချုပ်ရေး-ကာကွယ်ရေးနှင့် ဆန့်ကျင်ဖက်ဖြစ်သော နိုင်ငံ-အဖွဲ့အစည်းများအကြောင်းနှင့် ပတ်သက်လာလျှင် ၎င်းမီဒီယာများက သူရဲကောင်းလုပ်၍ ရေးခြင်းအလွန်ရှားပါးလှသည်။ ဥပမာအားဖြင့် CNN သည် သမ္မတဒေါ်နယ်ထရမ့်နှင့် တစ်စက်လေးမှ မသင့်မြတ်ချေ။ သို့သော် ဗင်နီဇွဲလားလက်ရှိအစိုးရနှင့် ပတ်သက်လျှင် CNN သည် အမေရိကန်အစိုးရဖက်မှ ရပ်တည် သတင်းရေးနေသည်။ အမေရိကန်နှင့် မဝေးလှဟု ဆိုနိုင်သော နိုင်ငံတွင် ရုရှားနှင့် တရုတ်လွှမ်းမိုးသော လက်ဝဲဝါဒီအစိုးရသာ အခြေခိုင်သွားခဲ့လျှင် အမေရိကန်၏ အမျိုးသားလုံခြုံရေးဆိုသည်မှာ ဘယ်လိုဖြစ်သွားနိုင်သည်ကို လူတိုင်း နားလည်ကြပါသည်။ 
ဖွံံဖြိုးစ နိုင်ငံငယ်များတွင် ခေတ်မီသတင်းဆက်သွယ်ရေးနည်းပညာ နောက်ကျလှသည်။ ပြည်သူလူထုအကြား မြန်နှုန်းမြင့် အင်တာနက်သုံးစွဲနိုင်မှုတွင်လည်း ဘာမှ မကြာသေးချေ။ ထိုသို့သောနိုင်ငံမျိုးတွင် ပါဝါအမာ “ သေနတ်-အမြောက် စစ်လက်နက် “ သုံးသည်ထက် သတင်းမီဒီယာ “ ပါဝါအပျော့ “ ကို သုံးလျှင် ပို၍တွက်ခြေကိုက်ပြီး လူကြားကောင်းလှသည်။ ICC , Genocide ကို ကောင်းစွာနားမလည်၊ ခေတ်နောက်ကျနေသော သတင်းဖတ်ပရိဿတ်ကြားတွင် မိမိလိုရာ ” နာနာရေတိမ်နှစ်ပေးမည့်” မီဒီယာဒလံများကို မွေးမြူထားတတ်ယုံမက အလွှာအသီးသီး၌လည်း တက်ကြွလှုပ်ရှားသူ အရေခြုံခိုင်းပြီး အကာအကွယ်ပေးထားတတ်သည်။ 

  
ထို့ကြောင့် သတင်းမီဒီယာအားနည်းသော နိုင်ငံများတွင် သက်ဆိုင်ရာအုပ်ချုပ်ရေး-ကာကွယ်ရေး၌ “ အောက်ဖဲချည့် ” နာနာ လှန်လေ့ရှိသူများသည် ပြည်ပ ထောက်ပံ့ကြေးစား ခိုင်းတာလုပ် ပြောတာရေးသည့် “ တစ်ဘဝစံ ပုပ်စော်နံ ကိုယ်တော်ကြီးများ “ ဖြစ်နေလေ့ရှိကြောင်း တွေ့ရှိနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))


(( အောက်တိုဘာ- ၁၄၊ ၂၀၁၉ Russia Today., 14 Oct, 2019.” US troops ‘leave’ Kobani as Turkish incursion advances and Kurds make deal with Damascus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/470871-us-troops-pullout-kobani-turkey-damascus/ 

1+

Leave a Reply

Your email address will not be published.