ဆီးရီးယားမြောက်ပိုင်းတွင် ထိုးစစ်သစ်ဆင်နွှဲရန်မရှိကြောင်း တူရကီကြေညာ၊ ၅-ရက်ကြာ အပစ်အခတ်ရပ်မှု သက်တမ်းကုန်လုဆဲတွင် ရုရှား၊ တူရကီခေါင်းဆောင်များ ထိပ်တန်းအဆင့် တွေ့ဆုံခဲ့။

ရုရှားနိုင်ငံ ပင်လယ်နက်အပန်းဖြေဆိပ်ကမ်း ဆိုချီမြို့တွင် ဗလာဒီမာပူတင်နှင့် တေရစ်အာဒိုဂန်တို့ထိပ်တန်းအဆင့် ဆွေးနွေးပြီးနောက် ဆီးရီးယားမြောက်ပိုင်း၌ ၅-ရက်ကြာ အပစ်အခတ်ရပ်စဲပြီးလျှင် ထိုးစစ်သစ်ဆင်နွှဲရန် မရှိကြောင်း တူရကီက ကြေညာသည်ဟု Russia Today က ယနေ့ရေးသားသည်။

အဆိုပါ နှစ်နိုင်ငံခေါင်းဆောင်တို့ဆွေးနွေးပွဲတွင် တူရကီ၏ “ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး “ ရည်မှန်းချက် နယ်မြေ၌ ရုရှားစစ်ဖက်ရဲတပ်ဖွဲ့ဝင်များနှင့် ဆီးရီးယားဝန်ထမ်းများ ချထားရန် သဘောတူညီချက် ရရှိခဲ့သည်ဆို၏။

တူရကီက သတင်းထုတ်ပြန်ရာတွင် ဆီးရီးယားမြောက်ပိုင်း၌ ထိုးစစ်သစ်ဆင်နွှဲရန်မရှိကြောင်း၊ ၎င်းအစား သန်းနှင့်ချီသော ဆီးရီးယားဒုက္ခသည်များ ဘေးကင်းစွာနေရပ်ပြန်ရေးအတွက် “ ငြိမ်းချမ်းရေးစြင်္ကန် “ တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် တူရကီအား ခုခံမည့်ကာ့ဒ်တို့နှင့် အတူ အမေရိကန်တပ်ဖွ့ဲဝင် ၁,၀၀၀ ခန့် တပ် စွဲထားသည်။ တူရကီစစ်ရေးအရကျူးကျော်ဝင်ရောက်လာလျှင် နှစ်နိုင်ငံတပ်များ ထိပ်တိုက်တွေ့မည့် ခြိမ်းခြောက်မှုမှာ လပေါင်းများစွာ ကြာမြင့်ခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်တွင်မူ တူရကီစစ်လမ်းကြောင်း တစ်လျှောက်မှ အမေရိကန်တပ်ဖွဲ့ဝင်အားလုံး ရုတ်သိမ်းသွားခဲ့ပြီဖြစ်သည်။ အမေရိကန်၏ဆုတ်ခွာမှုမှာ ကာ့ဒ်တို့နှင့် ဆီးရီးယားအစိုးရတို့ ညှိနှိုင်းဆွေးနွေးရန် လမ်းခင်းပေးသလို ဖြစ်ခဲ့ရသည်။ အာဆတ်အစိုးရအတွက် ၇-နှစ်ကျော်ကြာ ပြည်တွင်းစစ်ပွဲနောက်ပိုင်း အရှေ့မြောက်နယ်စပ်တစ်လျှောက် နယ်မြေများအား စိုးမိုးထိန်းချုပ်ခွင့်ရရှိသွားခဲ့သည်။ ဆီးရီးယားသမ္မတ ဘာရှာအာဆတ်သည် အရှေ့မြောက်ပိုင်း အိုင်ဒဲလ်ဗ်သို့ ရောက်ရှိသွားပြီး အစိုးရတပ်များ၊ ပြည်သူ့စစ်များနှင့် တွေ့ဆုံသည်။

လွန်ခဲ့သည့် အင်္ဂါနေ့အထိ ဝါရှင်တန်က ကာ့ဒ်တို့အပေါ်မြှောက်စားနေခြင်းကို အဆုံးသတ်ရန်နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားစေရေး အမေရိကန်ကဖိအားပေးရန် တူရကီက တောင်းဆိုခဲ့သည်။ သို့သော် ကာ့ဒ်တို့ထွက်ခွာရန် နာရီ ၁၂၀ ပြီးဆုံးသည်အထိ အပစ်အခတ်ရပ်စဲထားရန် လိုအပ်ကြောင်းသာ အမေရိကန်က အကြောင်းပြန်ခဲ့ကြောင်း သိရှိရသည်။

ရုရှား-တူရကီသဘောတူညီချက်အရဆိုလျှင် ၁၉၉၈-ခုနှစ် ဆီးရီးယား-တူရကီ “အဒါနာလုံခြုံရေးသဘောတူညီချက် ” ပြန်လည်အသက်ဝင်၍ ဆီးရီးယားအစိုးရအနေဖြင့် အရှေ့မြောက်ပိုင်း အချုပ်အခြာပိုင်ရာ မြို့ရွာများအား ပြန်လည်ထိန်းချုပ်ခွင့်ရရှိသည်။ နယ်စပ်တစ်လျှောက်တွင်မူ ရုရှား-တူရကီတပ်များ ပူးတွဲကင်းလှည့်ကြမည်ဖြစ်သည်။ ဆီးရီးယားအစိုးရတင်ပြသော ဖမ်းဆီးရမိ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေးအစွန်းရောက်အကြမ်းဖက်သမားများကိစ္စကိုလည်း တူရကီက သဘောတူသည်။

ပူတင်-အာဒိုဂန် “ ဆိုချီစခန်း “ သဘောတူညီချက်မှာ သွေးချောင်းစီးဆီးရီးယားပြည်တွင်းစစ်ပဋိပက္ခအဆုံးသတ်ရေးသို့ လျော့ကျသွားပြီး ဒေသအတွင်း အကြမ်းဖက်များ ခေါင်းထောင်လာမည်ကို သတိပေးနေသော အမေရိကန်အတွက်လည်း အပြုသဘောဆောင်အဆင့်သို့ ရောက်ရှိသည်။ သို့သော် ဒေသတွင်း အမေရိကန်သြဇာလွှမ်းမိုးမှုမှာ ကျဆင်းသွားပြီး ဥရောပသမဂ္ဂသာမက နေတိုးစစ်စာချုပ်အဖွဲ့နှင့်ပါ မပြေလည်သော တူရကီအား ရုရှားနှင့်ဆက်ဆံရေး ပိုမိုခိုင်မာသွားခြင်းဖြစ်ပေါ်လာသည်ဟု စစ်ရေး-နိုင်ငံရေးအကဲခတ်များက ပြောဆိုသည်။

(( အမေရိကန်သည် ကမ္ဘာ့အကောင်းဆုံးနည်းပညာ၊ စစ်အင်အားနှင့် ပညာရှင်များ ပိုင်ဆိုင်သည်။ နိုင်ငံတကာအဆင့် ထူးချွန်ထက်မြက်သော ပညာရှင်တို့သည် အမေရိကန်စစ်ဖက်နှင့် အစိုးရဋ္ဌာနအသီးသီးတွင် လစာငွေ ကောင်းကောင်းဖြင့် တာဝန်ထမ်းဆောင်နေကြသည်။

ထိုသို့ဆိုလျှင် ဆဒမ်ဟူစိန်တွင် လူအများအစုအပုံလိုက်သေစေသော လက်နက်များထုတ်လုပ်နေသည်ဟု ထောက်လှမ်းရေးသတင်းမှားရရှိရန်အကြောင်းမရှိပါ။ ကဒါဖီဖယ်ရှားရေး လစ်ဗျားကို R2P ရာမှ နိုင်ငံပြိုကွဲပြီး ယနေ့တိုင် စစ်မီးတောက်လောင်ခြင်းဖြင့် အမေရိကန်သာမက မိတ်ဖက်နိုင်ငံများ သားစဉ်မြေးဆက် အရှက်ရရန်လည်း မဖြစ်နိုင်ပါ။

ဆဒမ်ဟူစိန်ကို ကြိုးပေးလျှင် အီရတ်သာမက အာရပ်ကမ္ဘာတစ်ခုလုံး တစ်အုံ့နွေးနွေးဖြစ်ကြရလိမ့်မည်ဟု ကြိုတင်တွေးမိသင့်သည်။ ဆဒမ်ဟူစိန်ကို ဖြုတ်ချ၍ အမေရိကန်မြေတောင်မြှောက်ပေးခဲ့သော အီရတ်ဒီမိုကရေစီအစိုးရသည် ယနေ့ ဆီးရီးယားမှ ဆုတ်ခွာလာသော အမေရိကန်တပ်ဖွဲ့များကို သူ့နိုင်ငံထဲ ကြာကြာလက်မခံပဲ အမြန်ပြန်ထွက်သွားပါဟု ဗြောင်ပြောလာမည်ကို တွက်ဆပြီးဖြစ်သင့်သည်။ အမေရိကန်နှင့် ယှဉ်လျှင် ဇနပုဒ်သာသာ ဆီးရီးယားက ကျည်တစ်တောင့်မပစ်ရပဲ သူ့နယ်မြေ သူပြန်ရသွားပြီး နိုင်ငံသားဟောင်း သူပုန်ကာ့ဒ်တို့နှင့်လည်း နားလည်မှု အမြတ်ထွက်သွားသည်။

ကျွန်တော့်အထင်တော့ အသက်-သွေး-မျက်ရည်-ငွေကြေး-အချိန်-ဂုဏ်သိက္ခာတို့ အလဟဿဖြစ်ရခြင်းမှာ သူတစ်ပါးအခက် ကိုယ့်အကွက်ချောင်းသူတို့ ဖြစ်မြဲအတိုင်း “ မျက်စိထက် တိမ်ကကြီးမိခြင်း “ ဖြစ်သည်။ တိမ်ကြီးပုံ ကြီးနည်းမှာ မွေးရာပါမျက်စိ မမြင်သော စူဠာသမ္ဘာဝ၊ မဟာသမ္ဘာ၀ ဘရားဟုဒ်တို့ပင် အလင်းရစေသော မျက်စိအထူးကု ဆရာဝန်ကြီး စန္ဒမုခိပင်လျှင် ဖဘပေါ် အဝှာဓါတ်ပုံတွေ မတင်ရပဲ ဆမ အသိမ်းခံရလောက်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( အောက်တိုဘာ – ၂၃၊ ၂၀၁၉ Russia Today., 22 Oct, 2019,” Ankara says ‘no need to start new Syria offensive’ after Erdogan-Putin talks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/471587-turkey-no-need-restart-offensive-kurds/

https://www.rt.com/news/471584-assad-visit-frontline-syria/

https://www.rt.com/news/471594-syria-turkey-deal-russia/

https://www.rt.com/news/471525-esper-us-troops-syria-iraq/

1+

Leave a Reply

Your email address will not be published.