ဆီးရီးယားမြောက်ပိုင်းမှ ဆုတ်ခွာသွားသော အမေရိကန်က ၎င်းတို့စွန့်ပစ်ခဲ့သည့် စစ်စခန်းအား ပြန်လည်ဗုံးကြဲဖျက်ဆီး၊

ဆီးရီးယားမြောက်ပိုင်းရှိ အမေရိကန်ပင်မစစ်စခန်းတစ်ခုမှာ ၎င်းတို့တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး များမကြာမီ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲဖျက်ဆီးခြင်းခံရသည်ဟု Russia Today က ယနေ့ရေးသားသည်။

ခိုဘာနီမြို့အနီး “ ခါရက်အဗ်ရှက် “ ထုံးကျောက်ဘိလပ်မြေစက်ရုံမှာ အမေရိကန်နှင့် ပြင်သစ်တပ်များ ပူးတွဲတပ်စွဲထားခဲ့ရာဖြစ်သည်။ တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရန် သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးပြီးနောက် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ၎င်းစခန်းမှ တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြခြင်းဖြစ်သည်။ ထိုသို့ ဆုတ်ခွာသွားပြီး များမကြာမီ ဖောက်ခွဲဖျက်ဆီးခြင်းခံသည်ကို တွေ့မြင်ရကြောင်း ဒေသခံတို့က ပြောဆိုသည်။ ၎င်းတို့၏ စွန့်စစ်စခန်းများအား ဆီးရီးယားအစိုးရတပ်များလက်သို့ ကျရောက်သွားခြင်းမှ ကာကွယ်ရန် ယခုကဲ့သို့ ဖျက်ဆီးပုံရကြောင်းနှင့် ရုပ်သံမှတ်တမ်းတင်နိုင်ခဲ့ကြောင်း Russia Today က ဖော်ပြသည်။

ညွန့်ပေါင်းတပ်စခန်းအား မလိုလားအပ်သူများ ဆက်လက်မသုံးစွဲနိုင်စေရေး ယခင်ကတည်းက အစီအစဉ်ရှိခဲ့သည့်အတိုင်း ကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခဲယမ်းနှင့် စစ်ယာဉ်များသိုလှောင်ခဲ့ရာရုံများကို ဦးတည်ဖျက်ဆီးရာခဲ့တွင် ထိခိုက်သေဆုံးသူ မရှိကြောင်း ပင်တာဂွန်အရာရှိများက ဝန်ခံပြောကြားသည်။

အဆိုပါနယ်မြေများသည် အိုင်အက်စ် ( IS, ယခင် ISIS ) အကြမ်းဖက်သမားတို့ လက်မှ လွတ်မြောက်ချိန်ကတည်းက ကာ့ဒ်တို့ တပ်စွဲထားခဲ့ခြင်းဖြစ်သည်။ ယခင်ကမူ သမ္မတအာဆတ်အား ဖြုတ်ချရန် အကူအညီမည်ဟု အမေရိကန်ပြောဆိုသည်ကို လက်ခံ၍ ဆီးရီးယားအစိုးရနှင့် ပေါင်းစည်းရန် ကာ့ဒ်တို့ ငြင်းဆိုခဲ့ကြသည်။ သို့သော် တူရကီတို့ မြောက်ပိုင်းမှ ကျူးကျော်ထိုးစစ်ဆက်လာသောအခါ ဆီးရီးယားအစိုးရနှင့် ပူးပေါင်းတွန်းလှန်ရန် သဘောတူခဲ့ရသည်။

အင်္ဂါနေ့ မန်ဘစ်သို့ Russia Today သတင်းဋ္ဌာနအဖွဲ့သားများ ရောက်ရှိသွားရာတွင် အမေရိကန်စစ်စခန်းအတွင်း စားစရာ၊ အပျင်းဖြေပစ္စည်းနှင့် အခြားအထောက်အကူပြုကိရိယာများ ပြန့်ကြဲလျှက်ရှိသည်ကို တွေ့ရသဖြင့် တပ်ဖွဲ့ဝင်များ ကမန်းကတန်းဆုတ်ခွာသွားကြပုံရသည်ဆိုသည်။

ဗုဒ္ဓဟူးနေ့ ခိုဘာနီအနီး စွန့်ပစ်စခန်းများအား လေကြောင်းတိုက်ခိုက်ဖျက်ဆီးမှု့မှာ အတော်ထူးခြားသည်ဟု ဟုဆိုရပါမည်။ ၎င်းတို့တွင် တူရကီ သို့မဟုတ် ဆီးရီးယားအစိုးရတပ်များလက်သို့ အရောက်မခံနိုင်သည့် လျှို့ဝှက်ချက်ရှိနေဟန်တူသည်။

ထိုစဉ်အတောအတွင်း တူရကီကလည်း အမေရိကန်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုနှင့် ဥရောပနိုင်ငံများ ရှုတ်ချ ကန့်ကွက်မှုကို ပယ်ချလိုက်သည်။ ၎င်းတို့ အကြမ်းဖက်သမားများအဖြစ်ကြေညာထားသည့် ကာ့ဒ်တို့တည်ရှိရာ တူရကီနယ်စပ် ဆီးရီးယားနယ်မြေအတွင်း မိုင် ၂၀ အလျှားရှိ Safe Zone တည်ဆောက်မည်ဟု ဆိုသည်။ “ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး “ ကို ရည်မှန်းချက်အောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ၊ တူရကီသို့ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုနှင့် တွေ့ဆုံရန်မရှိပဲ ဒေါ်မယ် ထရမ့်နှင့်သာ စကားပြောမည်ဟု ကြေညာသည်။ သို့သော် နာရီအနည်းငယ်ကြာပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို အာဒိုဂန်က ပြောင်းလဲပြီး ပွန်ပေယိုနှင့် တွေ့ဆုံမည်ဟု သိရှိရသည်။

(( တူရကီသည် နေတိုးစစ်စာချုပ်အဖွဲ့ဝင်ဖြစ်ပြီး ဥရောပသမဂ္ဂမဟာမိတ်ဖြစ်သော်လည်း အနောက်နိုင်ငံသားတို့ အကွက်မြင် လက်မြန်ပုံကို အထာနပ်ပြီးဖြစ်သည်ဟု ဆိုရပါမည်။ ယခင်သမိုင်းတစ်လျှောက် တူရကီနှင့် ရုရှားမှာ အင်ပါယာချဲ့ထွင်ရာ၌ ပြိုင်ဘက်များဖြစ်သည်။ ပထမကမ္ဘာစစ်စတင်သောအခါ ရုရှားအား ချိုးနှိမ်ရန် ဂျာမန်-အီတလီ ဝင်ရိုးတန်းနိုင်ငံတို့နှင့် မဟာမိတ်ဖွဲ့လိုက်သည်။ ဤတွင် အကွက်ချောင်းနေသော အင်္ဂလိပ်က တူရကီအား စစ်ကြေညာက အရှေ့အလယ်ပိုင်း မဟာဗျူဟာမြောက် မက်ဆိုပိုတေးမီးယားဒေသအား တိုက်ခိုက်သိမ်းပိုက်တော့သည်။ စစ်ပြီးသောအခါ မက်ဆိုပိုတေးမီးယားသည် နိုင်ငံပေါင်းချုပ်အသင်းကြီး ခွင့်ပြုချက်ဖြင့် ဗြိတိသျှထိန်းသိမ်းစောင့်ရှောက်ခံဖြစ်သွားပြီး ထိုမှတစ်ဖန် ယခု အီရတ်နိုင်ငံအဖြစ်သို့ ပြောင်းလဲသွားသည်။

အမေရိကန်သည် သမ္မတအာဒိုဂန်အား ဆန့်ကျင်သူ စီးပွားရေးသမား-တရားဟောဆရာ တူရကီပြည်ပြေး ဖက်သူလာဂူလမ်ကို ပင်ဆယ်ဗေးနီးယားပြည်နယ်အတွင်း ခိုလှုံခွင့်ပြုထားသည်။ ၂၀၁၆ ဇူလိုင်လ တူရကီတွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်ပွားရာ အောင်မြင်ခြင်းမရှိချေ။ ထိုအာဏာသိမ်းရန်ကြိုးစားမှုနောက်ကွယ်တွင် CIA နှင့် ဂူလမ်တို့၏ အစီအစဉ်ဖြစ်ကြောင်း အာဒိုဂန်၏ စွပ်စွဲချက်ကို ဂူလမ်က ပယ်ချသည်။

ဆီးရီးယားမြောက်ပိုင်းတွင် အိုင်အက်စ်အကြမ်းဖက်တို့အား ချေမှုန်းရန်နှင့် သမ္မတဘာရှာအာဆတ်ဖယ်ရှားရန် တူရကီနယ်စပ်တွင် ပြန့်ကြဲနေသည့် ကာ့ဒ်တို့အား အမေရိကန်က စစ်ရေးလေ့ကျင့် လက်နက်တပ်ဆင်ပေးခဲ့သည်။ အဆိုပါကာ့ဒ်တို့သည် တူရကီအရှေ့တောင်ပိုင်း ခွဲထွက်ရေးနယ်မြေထူထောင်လိုသည့် PKK ကာ့ဒ်တို့နှင့် မဟာမိတ် ဖြစ်နေသည်။ ကာ့ဒ်တို့နောက်ကွယ်တွင် ဗြိတိန်နှင့် ဥရောပနိုင်ငံများ ရှိနေသည်။

ဤသည်မှာ တူရကီအား အနောက်အုပ်စုနှင့် ခွဲပြု၍ ရုရှားဘက် တွန်းပို့သလိုဖြစ်ရသော အကြောင်းရင်းများဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( အောက်တိုဘာ – ၁၇၊ ၂၀၁၉ Russia Today., 16 Oct, 2019, “Covering the tracks? US jets BOMB own base in Syria as troops retreat.” ကို #HtayOung, OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/471091-us-bombs-syria-base-retreat/

https://www.rt.com/news/470996-us-syria-abandoned-base-hurry/

https://www.rt.com/news/471063-erdogan-meeting-us-delegation/

https://www.aljazeera.com/news/2019/10/erdogan-syria-push-tonight-terrorists-withdrew-191016144444236.html

1+

Leave a Reply

Your email address will not be published.