ဆော်ဒီဘုရင်၏ ယုံကြည်စိတ်ချရဆုံး ကာလရှည် အနီးကပ်သက်တော်စောင့် ဗိုလ်ချုပ် လူသတ်ခံရ၍ သေဆုံး၊ ကျူးလွန်ကြောင်း ယူဆရသူအား ရဲတပ်ဖွဲ့များက အသေဖမ်းဆီးရမိ

ဆော်ဒီအာရေးဗီးယားဘုရင်၏ ယုံကြည်စိတ်ချရဆုံး ကာလရှည် အနီးကပ်သက်တော်စောင့်အရာရှိမှာ ဒေါသဖြစ်နေသောမိတ်ဆွေတစ်ဦး၏ လက်ချက်ဖြင့်သေဆုံးကြောင်း၊ လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူသည် ရဲတပ်ဖွဲ့ဝင်များအား အပြင်းအထန်ခုခံပြီးနောက် အသေဖမ်းဆီးရမိသည်ဟု Russia Today က ယနေ့ရေး သားသည်။

အနီးကပ်လုံခြုံရေးအရာရှိ ဗိုလ်ချုပ် အဗ္ဗဒူလဇစ်အယ်လ်ဖက်ဟမ်သည် ပင်လယ်နီကမ်းခြေ ဂျက်ဒါးမြို့ ရှိမိတ်ဆွေဖြစ်သူ၏နေအိမ်တွင် ပုဂ္ဂိုလ်ရေးစကားများရာမှ အသတ်ခံရ၍သေဆုံးကြောင်း ဆော်ဒီနိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်သော်လည်း အသေးစိတ်ဖော်ပြခြင်းမရှိပေ။

ရဲတပ်ဖွဲ့အား ကိုးကား၍ ဆော်ဒီသတင်းအေဂျင်စီက ရေးသားရာတွင် အယ်လ်ဖက်ဟမ်သည် အယ်လ်အလီဆိုသူ မိတ်ဆွေ၏ နေအိမ်သို့ စနေနေ့ ညနေပိုင်းတွင် အခြားမိတ်ဆွေတစ်ဦးနှင့်အတူ ရောက်ရှိလာကြောင်း၊ ဖက်ဟမ်နှင့် အလီတို့ အငြင်းအခုန်စကားများကြရာမှ အလီက နေအိမ်မှ ထွက်သွားကာ သေနတ်ကိုင်လျှက်ပြန်လည်ရောက်ရှိလာပြီး ဖက်ဟမ်အား ပစ်ခတ်ခဲ့ကြောင်း၊ ဖက်ဟမ်သည် ရရှိထားသော ဒါဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးကြောင်း၊ အိမ်ရှင်၏ ညီနှင့် ဧည့်သည်ဖိလစ်ပိုင်အလုပ်သမားလည်း ဒါဏ်ရာရရှိကြောင်း ဖော်ပြသည်။

အလီသည် နေအိမ်အတွင်း အကာအကွယ်ယူ၍ ရဲတပ်ဖွဲ့ဝင်များ၏ လက်နက်ချရန်ညွှန်ကြားချက်ကို ငြင်းဆန်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအား အပြင်းအထန် ခုခံပစ်ခတ်ပြီးနောက် အလီသေဆုံး၍ ရဲတပ်ဖွဲ့ဝင် ၅-ဦး ဒါဏ်ရာရရှိသည်ဆို၏။

တရားဝင်ထုတ်ပြန်သော သတင်းများ၌ မည်သည့်အတွက် လူသတ်မှုကျူးလွန်သည်အထိ ဖြစ်ပွားရကြောင်း အတိအကျဖော်ပြခြင်းမရှိသည့်အပြင် ကျူးလွန်ကြောင်းယူဆရသူနှင့်ပတ်သက်၍လည်း အသေးစိတ်ဖော် ပြခြင်းမရှိပေ။

ဗိုလ်ချုပ်အယ်လ်ဖက်ဟမ်သည် လက်ရှိဘုရင် ဆယ်လမန်မတိုင်မီ ( ညီအကိုဝမ်ကွဲတော်စပ်သူ ) ယခင်ဆော်ဒီဘုရင် အဗ္ဗဒူလာအား ကိုယ်ရေးသက်တော်စောင့်တာဝန်ယူခဲ့သူဖြစ်သည်။ “ ဘုရင့်ချိုင်းထောက်ကြီး“ ဟု အမည်ပြောင်တွင်သည်အထိ ဘုရင်ဆယ်လမန်၏ ပြည်တွင်းပြည်ပခရီးစဉ်ဓါတ်ပုံများတွင် အမြဲတန်းလိုလို ဘုရင်နှင့် အနီးဆုံးတွင် အရပ်မြင့်မြင့်၊ အနက်ရောင်ယူနီဖောင်း၊ အနက်ရောင် ဘယ်ရီကက်ဖြင့် ဖက်ဟမ်အား တွေ့မြင်ကြရသည်။

အထူးသဖြင့် ဆော်ဒီဘုရင်ခြေရင်းတွင် ဒူးထောက်ကာ ရှူးဖိနပ်ကြိုးချည်ပေးပုံမှာ လူအများကြား ပြောစမှတ်ဖြစ်ခဲ့သည်။

ဖက်ဟမ်သေဆုံးခြင်းမှာ တော်ဝင်မိသားစုအတွက် သစ္စာရှိသူရဲကောင်းတစ်ဦးဆုံးရှုံးရခြင်းဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လမန်၏ ရုံးတော်က ဝမ်းနည်းသဝဏ်လွှာထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၉၊ ၂၀၁၉ Russia Today., 29 Sep, 2019,” Saudi king’s long-time trusted and close bodyguard is SHOT DEAD after ‘personal dispute’ at friend’s home.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။

https://www.rt.com/news/469877-saudi-royal-bodyguard-killed/

2+

Leave a Reply

Your email address will not be published.