ဆော်ဒီအာရေးဗီးယားတွင် ရေဒါ ၄-ခု၊ ပက်ထရီယော့ခ်ဒုံးကျည်စံနစ်တစ်ခု ထပ်မံဖြန့်ချကြောင်း ပင်တာဂွန်ကြေညာ


အီရန်အား ထပ်မံဖိအားပေးသည့်အနေဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံအစွန်ဖျားတွင် ဖြန့်ချထားရန် တပ်ဖွဲ့ဝင် ၂၀၀၊ ပက်ထရီယော့ခ်ဒုံးကျည်စံနစ်တစ်ခု၊ ရေဒါ ၄-ခုနှင့်တပ်ဖွဲတစ်ခွဲစာတပ်ဖွဲ့ဝင်အင်အားကို စေလွှတ်လိုက်ကြောင်း ပင်တာဂွန်က ကြေညာသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

လေကြောင်းရန်ကာကွယ်ရေးအတွက် အဆိုပါအင်အားအပြင် ပက်ထရီယော့ခ်ဒုံးကျည်စံနစ် ၂-ခုနှင့် အမြင့်ပျံ ဒုံးကျည် အဆင့်မြင့်ကာကွယ်ရေးစံနစ် ( THADD ) တစ်ခုကိုလည်း ဆက်လက်ပေးပို့ရန် ပြင်ဆင်လျှက်ရှိသည်ဟု ပင်တာဂွန်က ကြာသပတေးနေ့၌ ပြောဆိုသည်။ 


ယခင်သောကြာနေ့တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စ်ပါက ဆော်ဒီ၌ တပ်ဖွဲ့ဝင်အင်အား ထပ်မံပေးပို့မည်ဖြစ်ကြောင်း ကတိပြုပြီးနောက် ယခုကဲ့သို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။ အီရန်အား အမြင့်ဆုံး ဖိအားပေးရန် လွန်ခဲ့သည့် လပေါင်းများစွာကတည်းက ဆော်ဒီတွင် စစ်ဖက်အခြေခံအဆောက်အအုံများ ထောက်ပံ့ခဲ့သည့် အမေရိကန်အနေဖြင့် တပ်ဖွဲ့များ ချထားခြင်း ထိရောက်မှု ပမာဏကို ချိန်ဆကာ နောက်ထပ်လိုအပ်သလို စေလွှတ်နိုင်ရန် ဥရောပ မဟာမိတ်နိုင်ငံတို့နှင့် ဆွေးနွေးလျှက်ရှိကြောင်း သိရှိရသည်။ 

  
အီရန်ကလည်း ၎င်း၏ ပိုင်ဆိုင်နှင့်မှုနယ်မြေအား မည်သည့်တိုက်ခိုက်မှုမျိုးမဆို ဖြစ်ပွားလာခဲ့လျှင် အမေရိကန်နှင့် ဆော်ဒီ၊ ယူအေအီးကဲ့သို့ ၎င်း၏မဟာမိတ်တို့အား လက်တုန့်ပြန်တိုက်ခိုက်မည်ဖြစ်ပြီး စိတ်မချမ်းမြေ့ဖွယ်နောက်ဆက်တွဲများနှင့် အကြီးအကျယ်ပျက်စီးဆုံးရှုံးမှု့များ ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။ 

  
စက်တင်ဘာ ၁၄-ရက်နေ့ ဆော်ဒီနိုင်ငံ အရမ်ကိုရေနံစက်ရုံများ တိုက်ခိုက်ခံရခြင်းမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ ယီမင်သူပုန်ဟူသီတို့က ဝန်ခံသည့်တိုင် အမေရိကန်က အီရန်အား အပြစ်တင်ခဲ့သည်။ နိုင်ငံ့အရှေ့ပိုင်း အက်ကက်နှင့် ခူရီးစ်မြို့များရှိ ရေနံစက်ရုံများတိုက်ခိုက်ခံရမည်ကို ဆော်ဒီသာမက ဆော်ဒီတွင်ရှိနေသော အမေရိကန်လေကြောင်းကာကွယ်ရေးစံနစ်များက အချိန်မီ မသိရှိခဲ့ကြပေ။ ထိုအတွက် လူသေဆုံးမှုမရှိသော်လည်း ဆော်ဒီတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီး၍ ရေနံထုတ်လုပ်မှုယာယီ နှောင့်နှေးခဲ့ရသည်။ 

  
ဆော်ဒီတွင် စစ်လက်နက်များအတွက် ဒေါ်လာဘီလျှံရာချီသုံးစွဲခဲ့ပြီးဖြစ်သော်လည်း အမေရိကန်၏ စစ်သုံးပစ္စည်းများမှာ နိုင်ငံတစ်ဝှမ်းလုံး လွှမ်းခြုံကာကွယ်နိုင်ခြင်း မရှိသေးကြောင်း၊ အရာရာတိုင်းတွင် ကောက်ယူနိုင်မည်မဟုတ်သော်လည်း ကမ္ဘာ့အကောင်းဆုံး အချို့တွင်ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယို အလည်သွားရောက်စဉ် ပြောဆိုခဲ့သည်။

 
အမေရိကန်သည် တိုက်ချင်းပစ်ဒုံးပျံများကိုပင် ကြားဖြတ်ချေမှုန်းနိုင်သော ပက်ထရီယော့ခ်ဒုံးကျည်များကို ၁၉၉၁ -ခုနှစ် အီရတ်စစ်ပွဲတွင် ပထမဆုံးအကြိမ်အသုံးပြုခဲ့သည်။ နောက်ဆုံးမျိုးဆက် ပက်ထရီယော့ခ်တို့၏ ထိရောက်မှုမှာ မိုင် ၂၀ ကျော် အကွာအဝေးရှိသည်။ လေကြောင်းကာကွယ်ရေးသုံး စောင့်ကြည့်ရေး X-band ရေဒါစံနစ်သည် ၂၅ မိုင်ခန့် ထောက်လှမ်းနိုင်သည်။ 


(( ဆော်ဒီအာရေးဗီးယားသည် ကမ္ဘာ့နောက်ဆုံးပေါ် ကိုးကွယ်ရာဘာသာ၏ သာသန နယ်မြေဖြစ်သည်ဟု ဘာသာဝင်တို့က မှတ်ယူကြသည်။ မြင့်မြတ်သောမြေပြင်ဖြစ်သည့်အလျှောက် အခြားဘာသာများနှင့် နိုင်ငံခြားစစ်တပ်များ အခြေချ တပ်စွဲခြင်းကို မနှစ်မြို့ကြပါ။ 


၁၉၉၀-ခုနှစ် ကူဝိတ်အား ကျူးကျော်သူ အီရတ်တို့ကို မောင်းထုတ်ရန် မိမိတာဝန်ယူပါမည်ဟု အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်က ကမ်းလှမ်းသည်ကို ဆော်ဒီဘုရင်က ပယ်ချပြီး အမေရိကန်တို့အား ဖိတ်ခေါ်ခဲ့သည်။ ထိုမှစ၍ အရှက်ရသွားသော ဆော်ဒီနိုင်ငံသား အိုစမာနှင့် ဆော်ဒီနန်းတော်တို့ ခွာပြဲလေ၏။ 

  
ဆလားဖစ်ဝါဒီအိုစမာကလည်း ကျမ်းစာကို အသုံးချကာ ဆော်ဒီတော်ဝင်မိသားစုတို့ကို ပြင်းထန်စွာ ထိုးနှက်လေသည်။ အယ်လ်ကိုင်ဒါနှင့် ဆော်ဒီထောက်လှမ်းရေးတို့သည် တစ်ဦးနှင့်တစ်ဦး အသေသတ်ရန် အလစ်ချောင်းနေကြသည်။ ဤသည်မှာ ဆော်ဒီနန်းတော် အပြင်စည်းလုံခြုံရေးတာဝန်ယူရသည့် ပါကစ္စတန်အတွက် စိတ်မသက်သာစရာပင်ဖြစ်သည်။ 


ယခုလည်း ဆော်ဒီ၏ အကြပ်အတည်းကို ကူညီရန် အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ပြန်သည်။ အမေရိကန်တို့အတွက် တစ်ဖက်တွင် ပိုက်ဆံရသော်လည်း တစ်ဖက်တွင် ဘာသာဝင်တို့၏ မုန်းတီးခံရခြင်း တစ်ရစ်တိုးလေသည်။ ဘာသာရေးဂိုဏ်းကွဲ အီရန်အတွက် ဒေါသဖြစ်စရာကို ဤအချက်ဖြင့် ဖြေသိမ့်လောက်ပါသည်။ ။သတင်းဘာသာပြန်သူ )) 


((( ( စက်တင်ဘာ – ၂၇၊ ၂၀၁၉ ) Russia Today., 26 Sep, 2019,” 200 troops, 4 radars, 1 Patriot battery: Pentagon announces Saudi Arabia deployment details.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/469704-pentagon-patriots-sentinel-saudi/ 
https://www.rt.com/news/469277-troops-air-defenses-saudi-uae/ 

5+

One Reply to “ဆော်ဒီအာရေးဗီးယားတွင် ရေဒါ ၄-ခု၊ ပက်ထရီယော့ခ်ဒုံးကျည်စံနစ်တစ်ခု ထပ်မံဖြန့်ချကြောင်း ပင်တာဂွန်ကြေညာ”

Leave a Reply

Your email address will not be published.