ဇွန်လ၌ အငြင်းပွားနယ်စပ်တွင် အိန္ဒိယတပ်ဖွဲ့ဝင်များနှင့် ပြင်းထန်စွာ ပဋိပက္ခဖြစ်ပွားစဉ် ၎င်းတို့ဘက်၌ ထိခိုက်သေဆုံးမှု တရုတ်တပ်မတော် တရားဝင်ဖော်ပြ။ ထိပ်တိုက်မတွေ့ရေး သဘောတူချက်ရရှိပြီး နှစ်ဖက်ရှေ့တန်းတပ်အသီးသီး စတင်ရုတ်သိမ်းနေ


လွန်ခဲ့သည့် ဇွန်လ၌ အိန္ဒိယတပ်ဖွဲ့ဝင်များနှင့် ပြင်းထန်စွာဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ၎င်းတို့ဘက်၌ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း တရုတ်တပ်မတော်က တရားဝင် အသိအမှတ်ပြုလိုက်ရာ ၄-ဦး သေဆုံး ၁-ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

..   
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ သောကြာနေ့ နေ့စဉ်ထုတ်ဝေသည့် တရားဝင်သတင်းစာတွင် ဟိမဝန္တာအနောက်ပိုင်း၌ ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်ကို ပြန်လှန်သုံးသပ်ထားသည်။ ဆောင်းပါးရှည်အဖြစ် ရေးသားထားရာ ပြင်းထန်စွာ ဒဏ်ရာရရှိ-သေဆုံးခဲ့သူ တပ်သားနှင့် အရာရှိတို့ကို အမည်များနှင့်တကွ ဖော်ပြထားသည်ဆို၏။

..  
နယ်စပ်ပဋိပက္ခကို တရုတ်၏ အမြင်ရှု့ဒေါင့်မှ ရေးသားရာတွင် အိန္ဒိယအပေါ် အကြီးအကျယ် အပြစ်ပုံချထားပြီး တရုတ်တပ်များအား ခြုံခိုတိုက်ခိုက်သော #နိုင်ငံခြားစစ်တပ် အဖြစ် ရည်ညွှန်းထားသည်။ အိန္ဒိယတပ်မတော်ဟု အတိအလင်း ဖော်ပြခြင်း မရှိသော်လည်း ကျူးကျော်သူ နိုင်ငံခြားစစ်တပ်သည် သံပိုက်လုံး၊ တင်းပုတ်နှင့် ကျောက်ခဲများ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် ထွက်ပြေးကြရကြောင်း၊ တရုတ်စစ်သားများအား ချီးမွန်းခန်းထုတ်၍ ဇာတိမြေကို ခုခံကာကွယ်သူများအဖြစ် ဆောင်းပါး၌ အသားပေးဖော်ပြထားသည်။

..  
အဖြစ်အပျက်၌ ပါဝင်ခဲ့သော အိန္ဒိယတပ်ဖွဲ့ဝင်များ၏ အဆိုအရ ပဋိပက္ခဖြစ်ပွားစဉ် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀-ဦး ကျဆုံးကြောင်း သိရှိရသည်။ အဆိုပါဖြစ်ရပ်တွင် တရုတ်တို့ဘက်၌ ထိခိုက်သေဆုံးမှု ပိုမိုများပြားကြောင်း အိန္ဒိယမီဒီယာများက ရေးသားကြသော်လည်း ထိခိုက်သေဆုံးသူများနှင့်ပတ်သက်၍ တရုတ်နိုင်ငံက လပေါင်းများစွာ နှုတ်ဆိတ်နေခဲ့သည်။

..  
နှစ်နိုင်ငံအကြား ထိပ်တိုက်မတွေ့ရေး သဘောတူညီချက်ရရှိပြီး #အမှန်တကယ်ထိန်းချုပ်မျဉ်း ဟု တရားဝင်သိရှိထားသည့် ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ်မှ သက်ဆိုင်ရာ နှစ်ဖက်တပ်အသီးသီး စတင်ရုတ်သိမ်းစဉ် တရုတ်တို့က ယခုကဲ့သို့ ဖော်ပြလာခြင်းဖြစ်သည်။

..   
အိမ်နီးချင်း စစ်အင်အားကြီး နှစ်နိုင်ငံတို့သည် လွန်ခဲ့သည့် ဧပြီလမှ စတင်၍ တစ်နှစ်ကြာမျှ ရန်စောင်နေခဲ့သည်။ ထိုစဉ်အတွင်း နယ်ခြားအဖြစ် နားလည်ထားကြသည့် ဧရိယာတစ်လျှောက်တွင် တရုတ်တို့က တပ်အင်အား ချဲ့ ထွင်ခဲ့ပြီး အဆောက်အအုံသစ်များ တိုးမြှင့်ဆောက်လုပ်လျှက်ရှိကြောင်း အိန္ဒိယက စွပ်စွဲခဲ့သည်။ တရုတ်ကမူ အိန္ဒိယ၏ ပြောဆိုချက်များအား တသမတ်တည်း ပယ်ချခဲ့ပြီး အဆိုပါလုပ်ဆောင်သည်ဆိုခြင်းများမှာ ၎င်းတို့၏ ပိုင်နက် နယ်မြေအတွင်း၌သာဖြစ်ကြောင်း အခိုင်အမာငြင်းဆို၍ တင်းမာမှုဖြစ်ပွားရခြင်းမှာ အိန္ဒိယ၌သာ တာဝန်ရှိကြောင်း ပြန်လှန် အပြစ်တင်ခဲ့သည်။

..   
နှစ်နိုင်ငံ အကြိတ်အနယ်ဆွေးနွေးကြပြီးနောက် ဟိမဝန္တာတောင်တန်းအနောက်ပိုင်းဒေသရှိ အငြင်းပွားလျှက်ရှိသော နယ်မြေမှတပ်များအား ရုတ်သိမ်းကြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ နှစ်ဖက်ထိပ်တိုက်မတွေ့ရေး အစီအစဉ်အရ #ပန်ဂေါင်းတောင်ပေါ်ရေကန်ကြီး အနီးရှိ တပ်များအား စတင်ရုတ်သိမ်းလျှက်ရှိကြောင်း #အိန္ဒိယကာကွယ်ရေးဝန်ကြီး_ရာ့ဂျ်နတ်သ်ဆင်းက အတည်ပြုသည်ဟု Russia Today ( Feb. 11, 2021 ) က ဖော်ပြသည်။

..  
နှစ်နိုင်ငံ စစ်ဖက်ဆွေးနွေးမှု ၉-ကြိမ်မြောက်အပြီးတွင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀-ရက်နေ့တွင် ပန်ဂေါင်းရေကန် တောင်နှင့် မြောက်ဖက်ရှိ နှစ်ဖက်ရှေ့တန်းတပ်အသီးသီးကို စတင်ရုတ်သိမ်းလျှက်ရှိသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝူးကျင်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။

..  
ဇွန်လတွင် အိန္ဒိယနှင့်တရုတ်တပ်များအတွင်း လူသေဆုံးသည်အထိဖြစ်ခဲ့ရသော ပဋိပက္ခရန်ပွဲကြောင့် တင်းမာမှု အရှိန်အဟုန်မြင့်တက်ခဲ့ပြီး နှစ်စ်နိုင်ငံဆက်ဆံရေးတွင် ကြီးမားသော အနှောင့်အယှက်ဖြစ်စေခဲ့သည်။ နှစ်နိုင်ငံစလုံးက အငြင်းပွားနယ်မြေသို့ တပ်များ ထပ်မံစေလွှတ်ခဲ့ကြောင်း တွေ့ရှိရသည်။

..   
လူနေကျဲပါး၍ တောတောင်ထူထပ်သည့်ဒေသ၌ နှစ်နိုင်ငံထိစပ်လျှက်ရှိသော နယ်စပ်မှာ မိုင်ပေါင်း ၂,၂၀၀ မျှ ရှည်လျားသည်။ အိန္ဒိယနှင့်တရုတ်တို့သည် ၁၉၆၂ ခုနှစ်တွင် အတိအလင်း စစ်ခင်းခဲ့ကြပြီးနောက် သင့်လျော်သော နယ်နိမိတ်ဆိုင်ရာ သဘောတူညီချက် ထွက်ပေါ်မလာခဲ့ပဲ နယ်မြေပိုင်ဆိုင်မှု ဆက်လက် အငြင်းပွားလျှက်ရှိသည်။ သမားရိုးကျလက်နက်သုံးစွဲခြင်း မရှိသော်လည်း နှစ်ဖက်ထိခိုက်သေဆုံးရသည် လုံးထွေးသတ်ပုတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

..   
(( တရုတ်နိုင်ငံအနေဖြင့် အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်းတွင် အနောက်အုပ်နှင့် စစ်ရေးထိပ်တိုက် တွေ့လာခဲ့ရသည်မှာ လွန်ခဲ့သည့် နှစ်များမှ စတင်၍ ယခုထိတိုင်အောင်ဖြစ်သည်။ တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့ပိုင်ဆိုင်သည် တစ်ဖက်သပ်ကြေညာထားသော နယ်မြေတွင် တရုတ်တို့က ကျွန်းအတုများ အခိုင်အမာတည်ဆောက်၍ ဒုံးကျည်ပစ်စင်များ၊ လေယာဉ်ပြေးလမ်းများနှင့် အဆောက်အအုံများ ဆောက်လုပ်လျှက်ရှိကြောင်း ထောက်လှမ်းရေးသတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း တင်းမာမှု ပိုမိုပြင်းထန်လာသည်။

..  
ထိုသို့သော ကာလတွင် တရုတ်အနေဖြင့် အနောက်ဘက် အိမ်နီးချင်းစစ်အင်အားကြီး အိန္ဒိယနှင့် ပဋိပက္ခဖြစ်လိုမည် မဟုတ်ချေ။ သို့သော်လည်း တိကျသော နယ်ခြားဆိုင်ရာသဘောတူညီချက် မရှိသေးခြင်းကြောင့် နှစ်ဖက်ထိပ်တိုက်မတွေ့ရေးမှာ နှစ်နိုင်ငံလုံး၏ ဆင်ခြင်တုံတရားပေါ်၌ မူတည်နေသည်။   ။ သတင်းဘာသာပြန်သူ ))
..
#အငြင်းပွားနယ်ခြား_တပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှု_တရုတ်တရားဝင်ဖော်ပြ #နှစ်ဖက်ထိပ်တိုက်မတွေ့ရေး #သက်ဆိုင်ရာတပ်အသီးသီး_တရုတ်နှင့်အိန္ဒိယရုတ်သိမ်း
..
https://www.rt.com/news/516008-china-india-border-casualties/
https://www.rt.com/news/515227-india-china-border-disengagement/
https://www.rt.com/news/515132-india-china-border-troops-disengagement/
https://www.rt.com/news/512232-india-china-border-dispute/
https://www.rt.com/news/500729-china-cables-border-india/

0

Leave a Reply

Your email address will not be published.