ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် နယူးယောက်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့။ ကန့်ကွက်ဆန္ဒပြရာမှ ဆူပူအုံကြွသည့်အသွင်ပြောင်းလာ၊ မြို့ကြီး ၄၀ တွင် အမျိုးသားကာကွယ်ရေး အစောင့်တပ်ဖွဲ့ဝင် ၃၀,၀၀၀ ချထား၊ အမှတ်အသားမပါရှိသော အဓိကရုန်းနှိမ်နင်းရေး ပြည်သူ့စစ်တို့ ကင်းလှည့်

ညမထွက်ရအမိန့် ထုတ်ပြန်ထားသော နယူးယောက်တွင် လူစုလူဝေးဖြစ်ပေါ်သဖြင့် ကြာသတေးနေ့ည၌ ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ကြရကြောင်း၊ ဂျော့ချ်ဖလွိုက်သေဆုံးရမှုအတွက် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ပျက်ပြားစေသည့် အကြမ်းဖက်မှုများကို ကာကွယ်ရာတွင် တရားဥပဒေအရ တင်းကြပ်ရသည်များဖြစ်ပေါ်လျှက်ရှိသည်ဟု Fox News က ယနေ့ရေးသားသည်။

လွန်ခဲ့သောတစ်ပတ်ကျော်ကတည်းကစတင်ခဲ့သည့် နယူးယောက်မှဆန္ဒပြမှုများတွင် အဆိုးရွားဆုံးအကြမ်းဖက်မှုအချို့ကိုတွေ့မြင်ခဲ့ရပြီး ဗုဒ္ဓဟူးနေ့တွင် ရဲအရာရှိတစ်ဦးမှာ လည်ပင်းတွင်ဓားဖြင့် အထိုးခံ၍ အခြားသူနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရကြောင်း သိရှိရသည်။ နံနက် ၈ နာရီနောက်ပိုင်း ထောင်နှင့်ချီသော လူစုလူဝေးတို့က မြို့တော်လမ်းများပေါ်တွင် ပြည့်နှက်လာခြင်းနှင့်အတူ ရဲတပ်ဖွဲ့ဝင်အများအပြား တိုးမြှင့် ချထားလျှက်ရှိသည်။ အာဏာပိုင်တို့အနေဖြင့် မြို့တော်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းနှင့် စစ်ပုံစံဆန်ဆန် ကျူးလွန်သောကြောင့် ဆန့်ကျင်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူတို့က စွပ်စွဲပြောဆိုသည်။

စိန့်လူးဝစ္စဒေသတွင် ရာနှင့်ချီ၍ စုဝေးသူတို့က ရာဇဝတ်မှုများ၌ တရားမျှတမှုစွာ ပြုပြင်ပြောင်းလဲပေးရေးကို တောင်းဆိုကြသည်။ သို့သော် နောက်ပိုင်းရက်များအတွင်း အကြမ်းဖက်မှုများဖြစ်ပွားလာသည်။ ရဲတပ်ဖွဲ့ဝင် ၄-ဦးမှာ သေနတ်ပစ်ခံရပြီး အပေါင်ဆိုင်ကို လုယက်သူများမှကာကွယ်ရန်ကြိုးစားစဉ် အငြိမ်းစားရဲတပ်ဖွဲ့မှူးတစ်ဦး သေဆုံးသည်။

 ကြာသပတေးနေ့တွင် လော့စ်အိန်ဂျယ်လိစ် ကောင်တီဧရိယာအတွင်း ညမထွက်ရအမိန့်ကို ရုတ်သိမ်းကြောင်း ကောင်တီအုပ်ချုပ်ရေးမှူးက ကြေညာသော်လည်း အခြားသော မြိုကြီးများတွင် ညမထွက်ရအမိန့် ပြောင်းလဲမှုမရှိကြောင်း Fox က ရေးသားသည်။ ရုရှားသတင်းစာ Tass ကမူ ဝါရှင်တန်၊ နယူးယောက်အပါအဝင် အမေရိကန်မြို့ကြီးပေါင်း ၄၀ ခန့်တွင် ညမထွက်ရအမိန့်ကို ကြေညာလိုက်ပြီး ပြည်နယ် ၃၁-ခုတို့တွင် တရားဥပဒေစိုးမိုးရေးအတွက် တပ်ဖွဲ့ဝင် ၃၀,၀၀၀ တို့က အကူအညီပေးလျှက်ရှိကြောင်း၊ တပ်ဖွဲ့ဝင် ၃၉,၄၀၀ ကျော်ကို Covid-19 ရောဂါ တားဆီးကာကွယ်ရေးအတွက် ပြည်နယ် ၅၀ တွင် ဖြန့်ချထားရကြောင်း အမေရိကန် အမျိုးသားကာကွယ်ရေးအစောင့်တပ်ဖွဲ့က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားကြောင်း ယမန်နေ့ဖော်ပြသည်။

ဆန္ဒပြမှုများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည့် ဝါရှင်တန်ဒီစီလမ်းများပေါ်တွင် တံဆိပ်အမှတ်အသား ထင်ရှားစွာ တပ်ဆင်ထားခြင်းခြင်း မရှိသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ နေရာယူလျှက်ရှိသည်ကို တွေ့မြင်ရသဖြင့် မြို့တော်နေထိုင်သူများ ဇဝေဇဝါဖြစ်လျှက်ရှိကြောင်း Russia Today က ယမန်နေ့ဖော်ပြသည်။

လက်နက်အပြည့်အစုံကိုင်ဆောင်ထားသည့် အဆိုပါတပ်ဖွဲ့ဝင်တို့သည် မည်သည့်အဖွဲ့အစည်းအောက်တွင် တာဝန်ထမ်းဆောင်ကြောင်း ဂျာနယ်လစ်တို့ မေးမြန်းသည်ကို ဖြေဆိုရန်ငြင်းပယ်လျှက်ရှိသည်။ လွန့်ခဲ့သည့်ရက်များအတွင်း ၎င်းတို့သည် မြို့တော်၌ ဖောက်ထွင်းလုယက်မှုများအား ကာကွယ်လျှက်ရှိသည်ကို လူမှုကွန်ယက်၌ ပြန့်နှံ့လျှက်ရှိသော ဓါတ်ပုံနှင့် ဗွီဒီယိုများ၌ တွေ့မြင်နေကြရသည့်အတွက် မြို့တော်သည် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်ဟု အချို့က ထင်မှတ်ကြသည်ဆို၏။

ဖက်ဒရယ်ဗျူရိုမှ သတင်းထုတ်ပြန်ချက်အရ ၎င်းတို့သည် အကျဉ်းထောင်အဓိကရုန်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များဖြစ်ပြီး ဗျူရိုမှ ဆင့်ခေါ်ထားခြင်းဖြစ်ကြောင်း၊ ကျယ်ပြန့်လှသည့်တာဝန်ဝတ္တရားများ ထမ်းဆောင်ရန်အတွက် လက်မောင်းတံဆိပ်နှင့် အမှတ်အသားတပ်ဆင်ထားခြင်း မရှိကြောင်း ဖော်ပြသည်။

အဆိုပါ အနက်ရောင်ဝတ်စုံဝတ် လက်နက်ကိုင်များကို ဝါရှင်တန်ဒီစီသာမက ဖီလာဒယ်ဖီးယားတွင်လည်း တွေ့မြင်ရကြောင်း၊ ၎င်းတို့သည် တရားဝင်ရဲတပ်ဖွဲ့ဝင် ဟုတ်-မဟုတ် မသိရှိနိုင်ကြောင်း Twitter ရေးသား ချက်များအရ သိရှိရသည်။ ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုကို ကန့်ကွက်ဆန္ဒပြလျှက်ရှိစဉ် မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်းနှင့် တာဝန်ရှိသည်ကို ဖော်ပြထားခြင်းမရှိသူများက လက်နက်ကိုင်ဆောင်ကင်းလှည့်လျှက်ရှိကြောင်း၊ အကယ်၍ ၎င်းတို့သည် လူတစ်ဦးဦးအား ပြင်းထန်စွာဒါဏ်ရာရစေခြင်း သို့မဟုတ် ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ခဲ့ပါလျှင် ဖော်ထုတ်ရန် နည်းလမ်းမရှိတော့မည်ကို အများပြည်သူတို့ စိုးရိမ်ပူပန်လျှက်ရှိသည်ဟု သတင်း၌ ဖော်ပြသည်။

(( သတင်းအချို့တွင် အဆိုပါ ပြည်သူ့စစ်များမှာ စစ်ပြန်စစ်မှုထမ်းဟောင်းများ ဖြစ်ပုံရသည်ဟု ဖော်ပြကြောင်း တွေ့ရပါသည်။ အချို့ကလည်း ကြေးစားစစ်သားများဟု ယူဆကြသော်လည်း လောလောဆယ်တွင် ဖောက်ထွင်း လုယက်မှုများမှ ကာကွယ်လျှက်ရှိခြင်းကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ချီးကျူးစရာဖြစ်သည်။

သေနတ်ကိုင်လျှင် ယူနီဖောင်းဝတ်ရမည်ဖြစ်ပြီး မဝတ်ဆင်ခြင်းကိုက မရိုးသားသောရည်ရွယ်ချက်ရှိကြောင်း ဖော်ပြနေသည်။ သေနတ်ဖိုးတတ်နိုင်လျှင် ယူနီဖောင်းဝတ်ရန် တာဝန်ရှိသည်။ လက်မောင်းတံဆိပ်နှင့် အမှတ်အသား ဖော်ပြထားခြင်းမရှိသူများ လက်နက်ကိုင်သည်ဆိုကတည်းက နိုင်ငံအများနှင့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရောက်ပြီး မည်သို့မျှ ဆင်ခြေပေးရန် မရှိပါ။

အလျှဉ်းသင့်၍ ဖော်ပြရလျှင် တူရကီနိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရရှိရန် တူရကီကာ့ဒ် PKK တို့ တိုက်ပွဲဝင်လျှက်ရှိသည်မှာ ဆယ်စုနှစ်ချီရှိခဲ့သည်။ သို့သော်၎င်းတို့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာက သတ်မှတ်ကြသည်။ သတ်မှတ်ထားယူနီဖောင်းဝတ်ဆင်ခြင်းမရှိပဲ မြို့ရွာအတွင်း တိုက်ပွဲဝင်ခြင်းဖြင့် အပြစ်မဲ့အများပြည်သူများ သေဆုံးဒါဏ်ရာရရှိစေခြင်းမှာထိုသို့ သတ်မှတ်ခံရစေရန် အချက်တစ်ခုဖြစ်သည်။

အမေရိကန်ကဲ့သို့ နိုင်ငံမျိုးတွင် ယခုကဲ့သို့ ဖြစ်ရခြင်းအတွက် များစွာအံ့သြမိပြီး လက်ရှိဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်အဓိကရုန်းများကို ပိုမိုရှုတ်ထွေးစေလိမ့်မည်ဟု ထင်မြင်မိပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Fox News., 4 Jun, 2020, “NYPD confronts George Floyd demonstrators as curfew takes effect.” ကို #HtayOung, #Oungmarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်း အရာတူ ဖြည့်စွက်သတင်းများမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ညမထွက်ရအမိန့်ထုတ်ပြန်ထားစဉ်ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများ ထိပ်တိုက်တွေ့ #မြို့ကြီး၄၀တွင်အမျိုးသား ကာကွယ်ရေးအစောင့်တပ်ဖွဲ့ဝင်များချထား၊ #အမှတ်အသားမပါရှိသော အဓိကရုန်းနှိမ်နင်းရေးပြည်သူ့စစ်တို့ကင်းလှည့်

https://www.foxnews.com/us/nypd-george-floyd-unrest-curfew

https://tass.com/world/1163871

https://www.rt.com/usa/490776-unmarked-officers-dc-protests-floyd/

0

Leave a Reply

Your email address will not be published.