
လက်ရှိဖြစ်ပွားနေသော တင်းမာမှုလျော့ပါးစေရေးအတွက် အထူးသံတမန်များ စေလွှတ်ရန် တောင်ကိုရီးယား၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား ပယ်ချလိုက်ပြီး၊ နှစ်နိုင်ငံပြန်လည်သင့်မြတ်ရေးအစီအစဉ်များအား ရပ်ဆိုင်း၍ နယ်စပ်သို့ စစ်တပ်များ စေလွှတ်မည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသည်ဟု Reuters ၏ သတင်းကို Dhaka Tribune က ကူးယူဖော်ပြသည်။
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ၂၀၁၈-ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်အရ မြောက်ကိုရီးယားနယ်စပ်မြို့တစ်မြို့တွင် ဖွင့်လှစ်ထားသည့် ပူးတွဲဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နောက်တစ်နေ့ ( ယနေ့ ) တွင် မြောက်ကိုရီးယားအစိုးရ၏ ကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA က ယခုသတင်းကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဆို၏၊
တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ ရပ်ဆိုင်း၍ မြောက်ကိုရီးယားနှင့် ပိုမိုကြာရှည်ခံသော ပြန်လည်ရင်ကြားစေ့ရေးဖြစ်ထွန်းစေရန် တောင်ကိုရီးယား၏ ကြိုးစားမှုများမှာ အချီးနှီးဖြစ်ယုံမက ညူကလီယာနှင့် ဒုံးကျည်အစီအစဉ်များအား စွန့်လွှတ်ရန် မြောက်ကိုရီးယားကို ဆွဲဆောင်လျှက်ရှိသော သမ္မတဒေါ်နယ်ထရမ့်၏ အားထုတ်နေမှုကိုလည်း ရှုတ်ထွေးသွားစေနိုင်သည်ဆို၏။
လွန်ခဲ့သည့် တနင်္လာနေ့တွင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေး ချန်အွီယွန်နှင့် ထောက်လှမ်းရေးအကြီးအကဲ ဆူဟွန်းတို့အား အထူးကိုယ်စားလှယ်များအဖြစ် စေလွှတ်ရန် ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ခေါင်းဆောင်ကြီး ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုန်နှင့် ပါတီထိပ်တန်း ခေါင်းဆောင်များက ဆိုးယုတ်သော အဆိုပြုချက်ကို လိမ်မာပါးနပ်စွာ လုံး၀ ငြင်းပယ်ကြောင်း၊ တောင်ကိုရီးယားအာဏာပိုင်များ၏ အရည်အချင်းမပြည့်ဝမှုနှင့် တာဝန်မဲ့မှုတို့ကြောင့် ဖြစ်ပေါ်လာရသော ယခုပြဿ နာမှာ ထိုက်သင့်သော ပေးဆပ်မှုတစုံတရာ မပါရှိပဲ အဆုံးသတ်ရန် မဖြစ်နိုင်ကြောင်း KCNA ၏ သတင်းထုတ် ပြန်ချက်၌ ပါရှိသည်။
KCNA ၏ သတင်းထုတ်ပြန်ချက်တွင် တောင်ကိုရီးယားသမ္မတနှင့် နှစ်နိုင်ငံပြန်လည်သင့်မြတ်ရေးတောင်ကိုရီးယားအရာရှိများကို ၂၀၁၈-ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်များအား အကောင်အထည်ဖော်ရန် ပျက်ကွက်သူများ၊ အမေရိကန်လိုလားသော ဘောမစိတ်ဖြင့် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်နေသူများအဖြစ် ကင်ယိုဂျုန်က ပြင်းထန်စွာ ဝေဖန်ထားသည်။
ကင်ယိုဂျုန်၏ အပြောအဆိုများမှာ ဆင်ခြင်တုံတရားကင်းမဲ့ပြီး နှစ်နိုင်ငံအကြား တည်ဆောက်ဆဲ ယုံကြည်မှုကို ပျက်ပြားစေသည်ဖြစ်၍ လက်မခံနိုင်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက တုန့်ပြန်ပြောဆိုသည်။
( မြောက် ) ကိုရီးယားပြည့်သူ့တပ်မတော်စစ်ဦးချုပ် အနေဖြင့် နှစ်နိုင်ငံပူးတွဲစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့ဖူးသော နယ်စပ်ဒေသအနီး ကမ်ဂန်နှင့် ကေဆောင်တောင်တန်းဆီသို့ စစ်ဖက်တပ်ဖွဲ့များစေလွှေတ်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြားရှိ စစ်မဲ့ဇုန် DMZ တွင် ချထားသည့် ရဲတပ်ဖွဲ့ဝင်များအား ရုတ်သိမ်း၍ ကိုရီးယားပြည်သူ့ တပ်မတော်ကို အခိုင်အမာအင်အားဖြည့်တင်းမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားက မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်များကို မကြာခဏ စေလွှတ်နေသည့် အနောက်ဖက် ပင်လယ်ပြင် နယ်စပ်အနီး ၌ အမြောက်တပ်များကို ပြန်လည်ချထားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားအစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်များကို နယ်စပ်ဖြတ်ကျော်၍ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း KNCA ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရှိရသည်။
((( Dhaka Tribune., June 17, 2020,” North Korea rejects South’s offer of envoys, vows to redeploy troops to border. By: Reuters” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))
#အထူးသံတမန်များစေလွှတ်ရန်တောင်ကိုရီးယားကမ်းလှမ်းချက်မြောက်ကိုရီးယားပယ်ချ