တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တစ်ရက်တည်း လူပေါင်း ၁၁,၀၀၀ နီးပါး စံချိန်တင် သေဆုံး။ စုစုပေါင်း ၁.၃-သန်းကျော်သေဆုံးခဲ့ပြီး ၄-ပုံ ၁-ပုံမှာ ဥရောပမှဖြစ်။ နိုင်ငံတကာ၌ လူ ၁၂-ဦး သေဆုံးတိုင်း အမေရိကန် ၁-ဦး သေဆုံးနေ

ယမန်နေ့ ( အင်္ဂါ ) တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တစ်ရက်တည်း အများဆုံး သေဆုံးမှုအဖြစ် ၁၀,၈၁၆ ဦး ရှိခဲ့ကြောင်း ကူးစက်သေဆုံးမှု အများဆုံး ဗဟိုချက်အဖြစ် ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သော အမေရိကန်ပြည်ထောင်စုကို တွေ့ရှိရသည်ဟု Reuters က ယနေ့ရေးသားသည်။ 

ယခင်က တစ်ရက်အတွင်း အများဆုံး လူသေဆုံးခဲ့သည်မှာ နိုဝင်ဘာ ၄-ရက်နေ့တွင် ဖြစ်ပြီး သေဆုံးသူ ၁၀,၇၃၃-ဦး ရှိခဲ့သည်။ 

နိုင်ငံတကာတွင် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးနိုင်ငံဖြစ်လာပြီး ကပ်ရောဂါစတင်ချိန်မှ ယမန်နေ့အထိ ကူးစက်ခံရသူပေါင်း ၁၁.၃၈ သန်းနှင့် ၂၄၈,၅၇၄ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ နေ့စဉ် ပျမ်းမျှ သေဆုံးနှုန်းမှာလည်း အများဆုံးအဖြစ် ဦးဆောင်လျှက်ရှိပြီး ကမ္ဘာတစ်ဝှမ်း၌ လူ ၁၂-ဦးသေဆုံးတိုင်း ၁-ဦးမှာ အမေရိကန်၌ သေဆုံးသူဖြစ်နေသည်ဆို၏။ 

ဇန်နဝါရီလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ဆက်နွယ်လျှက် ယခုအခါ လူ ၁-သိန်းအထက် သေဆုံးခဲ့ရသော နိုင်ငံများတွင် ဒုတိယအများဆုံးမှာ ၁၆၆,၆၉၉ -ဦး ရှိသော ဘရာဇီးဖြစ်ပြီး အိန္ဒိယတွင် ၁၃၀,၉၉၃ ဦး သေဆုံးခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း ၁.၃ သန်း၏ ၄-ပုံ ၁-ပုံသည် ဥရောပမှဖြစ်ပြီး ဒေသတွင်း ၌ ဗြိတိန်မှာ သေဆုံးသူ အများဆုံးနိုင်ငံဖြစ်သည်။ ဗြိတိန်သည် သေဆုံးသူ ၅-သိန်းကျော်ရှိသည့် တစ်ခုတည်းသော ဥရောပနိုင်ငံဖြစ်၍ အီတလီနိုင်ငံ၌ ၄၄,၄၆၄ ဦး နှင့် ပြင်သစ် ၄၂,၂၇၃ ဦး တို့ဖြစ်သည်။ 

ဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်းခံရသူနှင့် ထိတွေ့ခဲ့သော ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် တနင်္ဂနွေနေ့မှစ၍ တစ်ဦးတည်းသီးခြားနေထိုင်ခဲ့ပြီး အင်္ဂါနေ့ ဆေးစစ်စမ်းသပ်ရာတွင် ဗိုင်းရပ်စ်ပိုး မတွေ့ရချေ။ 

လွန်ခဲ့သော တနင်္လာနေ့အထိ တစ်လအတွင်း ကူးစက်ခံရမှုအနည်းဆုံးဖြင့် ရက်အနည်းငယ်ကြာ စိတ်သက်သာရာရခဲ့သော ပြင်သစ်သည် အင်္ဂါနေ့၌ ကူးစက်ခံရသူ ၂-သန်း ကျော်လာသည့် ပထမဆုံး ဥရောပတိုင်းပြည်ဖြစ်လာသည်။ 

အလုပ်အကိုင်ဆုံးရှုံးမှုများ၊ စီးပွားရေးကျဆင်းမှု အလားအလာနှင့် ရင်ဆိုင်နေရပြီးဖြစ်သော ဥရောပဒေသတွင်း အစိုးရများသည် ကူးစက်ရောဂါပြန်လည် ထကြွလာခြင်းကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ အရေးမကြီးသော ဆိုင်များကို ပိတ်ခြင်းနှင့် သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းများ အပါအဝင် ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေး အစီအစဉ်များကို ထုတ်ပြန်ခဲ့ရသည်။ 

အမေရိကန်တွင်မူ လွန်ခဲ့သော ရက်သတ္တပတ်၌ ပြည်နယ် အုပ်ချုပ်ရေးမှူးများအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေးကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ 

နိုင်ငံသားများအား “ ကျေးဇူးတော်နေ့ “ အားလပ်ရက်တဝှိုက်တွင် ကူးစက်ရောဂါကို သတိပြုကြရန်နှင့် ခရီးသွားလာခြင်း၊ အိမ်တွင်း ရိုးရာပွဲတော်ကျင်းပရာတွင် မိသားစုလိုက် စုဝေးခြင်း မပြုကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။ 

#ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်တစ်ရက်တည်းအများဆုံးသေဆုံးပြန် 

((( Reuters., November 18, 2020, “Global daily coronavirus deaths cross record of 10,733 single-day deaths.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.reuters.com/article/uk-health-coronavirus-global-casualties/global-daily-coronavirus-deaths-cross-record-of-10733-single-day-deaths-reuters-tally-idUKKBN27Y0ZC 

https://bdnews24.com/world/2020/11/18/global-daily-coronavirus-deaths-cross-record-of-10733-single-day-deaths 

0

Leave a Reply

Your email address will not be published.