တစ်ခေတ် တစ်ယောက် ကာဆင်စူလမန်နီကို လုပ်ကြံခြင်း

၂၀၀၄-ခုနှစ်တွင် Terror အကြမ်းဖက်ခြင်း၊ Terrorism အကြမ်းဖက်ဝါဒ၊ Terrorist အကြမ်းဖက်သမား..ဆို သည့် ဝေါဟာရများနှင့် မသိချင် မကြားချင်၍ မရသော ကျွန်တော်သည် ဝါသနာလည်းပါသည်ဖြစ်၍ ၎င်းတို့နှင့် ပတ်သက်သော အချက်အလက် သတင်းများကို စတင်စုဆောင်းမိခဲ့ပါသည်။

ထိုစဉ်က ကျွန်တော်တို့ဆီတွင် အင်တာနက်ဆိုသည်ကို ပုသလား ပြားသလားပင် မသိကြသေးသဖြင့် ရောက် ရာနိုင်ငံမှ ကံအားလျှော်စွာဖတ်ရှု့မိသော သတင်း/ဆောင်းပါးများကိုသာ စုဆောင်းရပါသည်။ ထို့ကြောင့် အချို့နှစ်များတွင် တစ်နှစ်လုံးကုန်မှ စာရွက်တစ်ရွက်ပင် ဖိုင်မတွဲနိုင်သော အဖြစ်မျိုးနှင့် ကြုံခဲ့သည်လည်း ရှိကြောင်း အမှန်အတိုင်းဝန်ခံရပါမည်။

၂၀၀၇-ခုနှစ် စုဆောင်း၍ အနည်းငယ်အရှိန်ရလာသောအခါ အိုစမာဘင်လာဒင်နှင့် အယ်လ်ကိုင်ဒါ၊ တာလီဘန် နှင့် ဂျီဟဒ်အရေးတောာ်ပုံထိပ်သီးပိုင်းအချို့တို့သည် ဘယ်ပျောက်နေမှန်း မသိကြပါ။ ဆီးရီးယားနှင့် လစ်ဗျားတို့ မှာ အုပ်ချုပ်ရေးနိုင်ငံ-လုံခြုံရေး-ကာကွယ်ရေးယန္တယား ပျက်စီးပြီး နိုင်ငံပြိုကွဲ ပြည်တွင်းစစ်မီးတောက်လောင် လိမ့်မည်ဟု နိုင်ငံရေး ဗေဒင်ဆရာသော်မှ ဟောသံမကြားရပါ။ သို့သော် ဂျီဟဒ်ဝါဒီ စစ်သွေးကြွတို့၏ အကြမ်း ဖက်ခြင်းကို အမည်လှလှပေးသည့် Modern Guerrilla Warfare “ခေတ်ပေါ်ပြောက်ကြားစစ်နည်းဗျူဟာ” ဆိုသည်ကြီးကို ကြားဖူးနေကြပါပြီ။ Al Qaeda International , Global Network of Terror နိုင်ငံတကာ အကြမ်းဖက်ကွန်ယက် ဆိုတာလောက်တော့ ခပ်ရေးရေးရှိကြပါပြီ။

အာဏာရှင် ဆဒမ်ဟူစိန်- မွမ်မာကဒါဖီတို့ခမျာ သေဒါဏ်ကျသူကျ အသတ်ခံရသူ ခံရပြီးနောက် အမေရိကန်နှင့် ဥရောပမဲဆန္ဒရှင်များ နားလည်လာကြသည်မှာ လူအများကြား ဟောင်ဖွာ ဟောင်ဖွာ နိုင်ငံပြုသုခမိန်ဆိုသည် တို့မှာလည်း သာမန် ထီးထမ်းလမ်းလျှေက်တို့နှင့်မခြား အမှားမကင်းကြောင်းပင်ဖြစ်ပါ၏။

လွန်ခဲ့သော ဇန်နဝါရီ ၃-ရက် အီရတ်ဘဂ္ဂဒက်လေဆိပ်တွင် အီရန်အထူးတပ်မှူး ကာဆင်စူလမန်နီကို အမေရိ ကန်လေတပ်က ဒရုန်းအသုံးပြုတိုက်ခိုက်သဖြင့် သေဆုံးသွားသည်။ အီရန်က လက်စားချေခဲ့လျှင် အခြား နိုင်ငံ များတစ်နွယ်ငင် တစ်စင်ပါလျှက် တတိယကမ္ဘာစစ်ကြီးတော့ ဖြစ်ရပါပြီဟု နိုင်ငံတကာ စိုးရိမ်ခဲ့ရသည်။ ဒေါ်လာ ဈေးပြုတ်ကျ- ရေနံဈေးနှုန်းများ တက်ကုန်သည်။

ထိုသို့တိုက်ခိုက်ရန် အမိန့်ပေးသည်ဆိုသော ဒေါ်နယ်ထရမ့်ကြီးအား မိုက်လုံးကြီးစွတကား ..တစ်ခဲနက် ဆဲရေး ကြလေကုန်၏။

အမှန်တော့ ၂၀၁၁-ခုနှစ်တွင် ပါကစ္စတန်ရောက် အိုစမာဘင်လာဒင်အား အမေရိကန်နေဗီဆီးလ်တို့က ဝင် ရောက် အသေသတ်ရန် လက်မှတ်ရေးထိုးပေးသူမှာ ပူပူနွေးနွေး ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သမ္မတ ဘားရက်အိုဘားမားကြီးဖြစ်ပါ၏။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မီးရှူးတန်ဆောင် အမေရိကန်၌ သမ္မတ လုပ်ခဲ့သူအားလုံးသည် သူ့နိုင်ငံ-သူ့နိုင်ငံသား အကျိုးအတွက် လက်တွင် သွေးစွန်းခံရဲခဲ့ကြသူများချည့် ဖြစ်သည်။

လုပ်ကြံရာတွင် MQ-9 Reaper  အမ်ကျူ-နိုင်း ရီပါး မောင်းသူမဲ့လေယာဉ်ကို ပင်လယ်ကွေ့ ကာတာနိုင်ငံ အမေရိကန်လေတပ်စခန်းမှ လွှတ်တင်သည်။ မိုင်ထောင်ချီဝေးသော အမေရိကန် နီဗါးဒါးပြည်နယ် “ ကရိခ် လေတပ် အခြေစိုက်စခန်း “ မှ ပဲ့ကိုင်မောင်းနှင်- လက်နက်ခလုပ်နှိပ်သည်ဟု ဆိုကြပါသည်။ ရေဆုံးရေဖျား သတင်း လိုက်သည်ဆိုသော ကမ္ဘာ့နာမည်ကြီး မီဒီယာများတွင်လည်း ပစ်လွှတ်သော မစ်ဆိုင်းလ်မှာ ၂-စင်း၊ ၄-စင်း ကွဲပြားနေသည်။

အီရန်အစ္စလာမ်တော်လှန်ရေးတပ်မတော် “အယ်လ်ကွဒ် အထူးတပ် “ စစ်ဖက်ထောက်လှမ်းရေးနှင့် ပင်လယ် ရပ်ခြားစစ်ဆင်ရေးဦးစီးကြိုးကိုင်သူ ကာဆင်စူလမန်နီသည် အီရန်တို့အတွက် တစ်ယောက်ဆို ဆိုသလောက် အားကိုးရသူဖြစ်သည်။ စီအိုင်အေက “ အရိပ်တပ်မှုး “ ဟု အမည်ပေးရလောက်အောင် စစ်ရည်စစ်သွေးအပြည့် ဦးစီးခေါင်းဆောင်နိုင်သူဖြစ်သည်။ စူလမန်နီသာ နောက် ဆယ်စုနှစ် တစ်စုလောက် အသက်ရှင်နေလျှင် ပါရှား ပင်လယ်ကွေ့မြောက်ပိုင်း ရှီယာမွတ်စလင်အများစုနိုင်ငံများအားလုံး အီရန့်သြဇာလွှမ်းသွားနိုင်ပါသည်။ ယခုပင် လျှင် အတော်လွှမ်းနေပါပြီ။

ကာဆင်စူလမန်နီအား လုပ်ကြံစဉ် နောက်ဆုံးအမှတ်တရ မိနစ်များအကြောင်းကို သမ္မတဒေါ်နယ်ထရမ့်က ပြန်ပြောင်းပြောဆိုသည်ဟု ယမန့်နေ့ နိုင်ငံတကာများ၌ ဖော်ပြသည်။

သို့သော် ကာဆင်စူလမန်နီတို့ ဆီးရီးယားခရီးယားခရီးသည်တင်လေယာဉ် ဘဂ္ဂဒက်လေဆိပ်တွင် ဆင်းသက် လာပုံ၊ သံချပ်ကာယာဉ် ၂-စီးဖြင့် တစ်နေရာရာသို့ ဦးတည်ထွက်ခွာစဉ် ပစ်မှတ်အား မှတ်ပုံတင်ပုံ၊ မစ်ဆိုင်းလ် အား ချိန်ရွယ်ပစ်လွှတ်ပြီး ထိမှန်ရန် နှစ်မိနစ်ခန့်မှ နောက်ဆုံး သုံညစက္ကန့်အထိ တာဝန်ကျ လေတပ်အရာရှိက အမေရိကန်သမ္မတကြီးအား အစီရင်ခံခြင်းမျှသာ ပါရှိသည်။

ထိုထက်ပို၍ ဘာမှ မပြော၊ ပင်တာဂွန်ကလည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေး ။

လက်ကမြင်းကြောထပြီး တောရေး တောင်ရေး Whistle Blower လုပ်ချင်သလား WikiLeaks ဝီကီလိခ် တည်ထောင်သူ Julian Assangeဂျူလီယန်အက်ဆေန့်ချ်လို အမေရိကန်တွင် ထောင်ဒါဏ် ၁၇၅-နှစ် ကျမည့်အရေး

လန်ဒန်တွင် ဘာပုဒ်မနှင့် မှန်းမသိ ဖမ်းထားသလို ခံစား သဝါးရမေ ..

ဝီကီလိခ်သို့ အီးမေးလ် စာရွက်စာတန်းများ ခိုးထုတ်ပေးခဲ့သဖြင့် ထောင်ဒါဏ် ၃၅-နှစ်ကျ။ ၇-နှစ်ကျခံပြီး လွတ်ငြိမ်းသည်ဆိုသော်မှ နောက်တက်လာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဥပေဒအရာရှိများက မေးခွန်းမေးသည်ကို မဖြေ၊ တရားရုံးတော်ကို မထီမဲ့မြင်ပြုသည်ဟု ရမန်ကြီးချည့် အကြိမ်ကြိမ်ယူနေရသော Chelsea Elizabeth Manning (ချယ်ဆီး) အယ်လိဇဘက်မန်းနင်းလို ဖြစ်သဝါး မေ ..

အုံးနှောက်နဲ့ ရေပြွတ် နေရာချင်းမှားလာသူတွေကို ပိုက်ပိုက်လေး၊ ပူလစ်ဇာလေးနဲ့

ခိုင်းစားလာတာ   .. ငါတို့သာလျှင် ဖြစ်ပေသကိုး ..

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

#အကြမ်းဖက်ခြင်းခေတ်ပေါ်ပြောက်ကြားစစ်နည်းဗျူဟာ #ကာဆင်စူလမန်နီ #ချယ်ဆီးအယ်လိဇဘက်မန်းနင်း #ဂျူလီယန်အက်ဆေန့်ချ်

https://www.arabnews.com/node/1608386/middle-east

https://www.washingtonexaminer.com/policy/defense-national-security/worlds-most-feared-drone-cias-mq-9-reaper-killed-soleimani

https://www.jpost.com/Middle-East/Iran-News/Trump-gives-dramatic-account-of-Soleimanis-last-minutes-before-death-614547

https://www.independent.co.uk/news/uk/home-news/julian-assange-court-westminster-magistrates-mia-hmp-belmarsh-a9282201.html

https://www.theguardian.com/us-news/2019/mar/08/chelsea-manning-judge-jails-wikileaks-case

https://www.britannica.com/topic/guerrilla-warfare

https://ankasam.org/en/the-differences-between-the-guerrilla-warfare-and-terrorism/

https://web.archive.org/web/20110906040131/https://www.pbs.org/newshour/terrorism/international/fatwa_1998.html

https://archives.fbi.gov/archives/news/testimony/al-qaeda-international

https://www.aljazeera.com/news/2017/04/al-qaeda-zawahiri-calls-guerrilla-war-syria-170424115728643.html

https://web.archive.org/web/20110310025036/http://articles.cnn.com/2002-08-19/us/terror.tape.main_1_bin-international-islamic-front-osama?_s=PM%3AUS

https://www.washingtonexaminer.com/policy/defense-national-security/worlds-most-feared-drone-cias-mq-9-reaper-killed-soleimani

0

Leave a Reply

Your email address will not be published.