တနင်္လာနေ့မှ စတင်သည့် ဘင်္ဂလားဒေ့ရှ်၏ Lockdown တားဆီးပိတ်ဆို့မှုကို အားဖြည့်ရန် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ချထားမည်။ ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း ၁၁၉-ဦးသေဆုံးခြင်းမှာ ကပ်ရောဂါစတင်ချိန်အတွင်း အများဆုံးဖြစ်၊ ဒယ်လ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်ပျံ့နှံမှုအတွက်တုန်လှုပ်


တနင်္လာနေ့မှ စတင်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသစ်ကူးစက်မှု တားဆီးကာကွယ်ရေးအတွက် လော့ဒေါင်း တားဆီးပိတ်ဆို့မှုများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGB နှင့်အတူ ဘင်္ဂလားဒေ့ရှ်တပ်မတော်အား ချထားမည်ဟု သတင်းရရှိကြောင်း bdnews24 က ယမန်နေ့ ရေးသားသည်။

…   
တားဆီးပိတ်ဆို့မှုများသည် ကနဦးအစတွင် ရက်သတ္တ ၁-ပတ်ကြာမြင့်မည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း၊ တားဆီးကန့်သတ်မှုကာလအတွင်း မည်သူမဆို အရေးပေါ်ကိစ္စရပ်များမှအပ နေအိမ်အပြင် ဖက်သို့ ထွက်ခွာခြင်း မရှိစေရန် ရဲတပ်ဖွဲ့၊ BGB နှင့် တပ်မတော်တို့က ကူညီလိမ့်မည်ဖြစ်ကြောင်း ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးညွှန်ကြားမှုဋ္ဌာန ပြည်နယ်ဝန်ကြီးက ရှင်းပြသည်။

…    
အစိုးရနှင့် ပုဂ္ဂလိကရုံးအားလုံးကို ပိတ်ထားမည်ဖြစ်သော်လည်း အချို့အရေးကြီးဘဏ်ခွဲများ၊ အမျိုးသားအခွန်ဘုတ်အဖွဲ့နှင့် အခြားရုံးများတို့ကိုမူ အစိုးရ၏ ဘတ်ဂျက်ကာလကို အထောက်အကူဖြစ်စေရန် ဇွန် ၃၀-ရက် နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ အရေးပေါ်ကုန်ပစ္စည်းတင်ယာဉ်များမှလွဲ၍ သယ်ယူပို့ဆောင်ရေး အားလုံးကိုပိတ်ပင်ထားမည်ဖြစ်ပြီး အရေးပေါ် လူနာတင်ယာဉ်၊ ကျန်းမာရေးနှင့် မီဒီယာလုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်သည့် ယာဉ်များမှာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ စနေနေ့တွင် အစိုးရအဖွဲ့က တားဆီးကန့်သတ်မှု အသေးစိတ်ကို ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

…    
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း ကျရောက်ပြီးနောက် အစိုးရအနေဖြင့် ဧပြီလအစောပိုင်းတွင် နိုင်ငံတစ်ဝှန်းလုံး လော့ဒေါင်း ပိတ်ဆို့ခြင်းကို ပြဌာန်းခဲ့ရသည်။

…  
အခြေအနေ အနည်းငယ်တိုးတက်လာသည့်အခါ ကန့်သတ်ချက်အများစုကို ရုတ်သိမ်းနိုင်ခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ ဒုတိယလှိုင်းတွင် ပထမဆုံးတွေ့ရှိရပြီး လူအများအပြားကို ဖျားနား သေဆုံးစေသည့် ကူးစက်မှု ပိုမိုလျှင်မြန်သော ဒယ်လ်တာအမျိုးအစား ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်မြေအချို့တွင် တွေ့ရှိရခြင်းက တိုင်းပြည်အား တုန်လှုပ်သွားစေသည်။ အာဏာပိုင်များအနေဖြင့်လည်း ထိန်းချုပ်မှုများ ပြန်လည်ချထားရန် ဖြစ်လာစေခဲ့သည်။

…  
ယနေ့နံနက်ပိုင်း ဘင်္ဂလားဒေ့ရ်ှတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၁၉-ဦး ရှိခဲ့ရာ နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု စတင်ကတည်းက အမြင့်ဆုံးလူသေဆုံးမှုဖြစ်ပြီး အသက်ဆုံးရှုံးရသူ စုစုပေါင်း ၁-သောင်း ၅-ထောင်နီးပါး (၁၄,၁၇၂-ဦး) ဖြစ်လာသည်ဟု ယနေ့ bdnews24 ၏ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။

…     
နိုင်ငံ့တောင်ပိုင်း ခူလ်နာပြည်နယ်သည် သေဆုံးမှုအများဆုံး ၃၂-ဦးဖြင့် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်ပြီး ဒါကာတွင် ၂၄-ဦး၊ ဒုတိယမြို့တော် စစ်တကောင်းနှင့် ရာ့ဂျ်ရှာဟီတွင် ၂၂-ဦးစီ အသီးသီးသေဆုံးကြောင်းသိရှိရသည်။

…   
နိုင်ငံတစ်ဝှန်းလုံး၌ တစ်ရက်အတွင်း စမ်းသပ်နမူနာပေါင်း ၂၄,၄၀၀ ကို စစ်ဆေးနိုင်ခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရမှု မှာ စစ်ဆေးမှု၏ ၂၁.၅၉ ရာခိုင်နှုန်း အထိရှိနေသည်။ ပြန်လည်ကျန်းမာလာသူများမှာ ရောဂါကူးစက်ခံရသူများ ၏ ၉၀.၅၁% ရှိပြီး သေဆုံးသူ ၁.၆၀% ရှိသည်။

…  
ဂျွန်ဟော့ကင်းတက္ကသိုလ်၏ မှတ်သားချက်အရ ကမ္ဘာတစ်ဝှန်းလုံးတွင် ၁၈၀.၈ သန်းခန့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ ပြီး ၃.၉၂ သန်းနီးပါး သေဆုံးခဲ့ပြီးဖြစ်သည်။

…  
၂၀၁၉- ခုနှစ် ဒီဇင်ဘာလတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်ဖော်ထုတ်ပြီးကတည်းက နိုင်ငံပေါင်းနှင့်နယ်မြေပေါင်း ၂၁၀ ကျော်တို့တွင် ကူးစက်မှုများဖြစ်ပွားခဲ့သည်။

((ဘင်္ဂလားဒေ့ရှ်၏ COVID-19 ရောဂါဖြင့် တစ်ရက်အတွင်း ၁၁၉-ဦးသေဆုံး၍ ကူးစက်ခံရသူ ၂၁.၅၉ % ရှိသည်ဆိုခြင်းမှာ ၁-ရက်အတွင်း စစ်ဆေးမှုပေါင်း နှစ်သောင်းငါးထောင်နီးပါးမျှ စမ်းသပ်နိုင်၍ ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

 ရေမြေတစ်ဆက်တည်းရှိ၍ ရာသီဥတုနှင့် နေထိုင်ပုံဓလေ့နီးစပ်သော ကျွန်တော်တို့နိုင်ငံ၏ နေ့စဉ် စစ်ဆေးနိုင်မှုမှာ ၅-ထောင်မှ ၆-ထောင်နီးပါးအထိသာ ရှိနေသေးသည်မှာ စောစီးစွာကူးစက်မှု တားဆီးရန် စိုးရိမ်ဖွယ် အမှန်ဖြစ်သည်။

…  
အနာသိလျှင် ဆေးရှိပြီး မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်ခြင်းခြင်း အနိုင်ယူနိုင်ပါသည်။ 

#အမြန်ဆုံး ကာကွယ်ထိုးနှံကြပါ #ရောဂါစစ်ဆေးမှုတွင်ပူးပေါင်းပါဝင်ပါ #Maskဝတ်ဆင်ပါ #လူချင်းခပ်ခွာခွာနေပါ #ကူးစက်ကပ်ရောဂါကိုမိမိကစ၍ကာကွယ်ပါ #ကျန်းမာရေးဋ္ဌာန၏ညွှန်ကြားချက်များကိုလိုက်နာပါ

#ကိုရိုနာဗိုင်းရပ်စ်ရောဂါ #ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးလော့ဒေါင်းချမှတ်

https://bdnews24.com/bangladesh/2021/06/26/bangladesh-to-deploy-troops-to-enforce-coronavirus-lockdown
https://bdnews24.com/coronavirus-pandemic/2021/06/27/covid-bangladesh-posts-119-new-deaths-a-daily-record 

Leave a Reply

Your email address will not be published.