တပ်တွင်းပုန်ကန်သူတို့က သမ္မတနှင့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တို့ကို ဖမ်းဆီးထား ဟုဆို၊ အကျင့်ပျက်ခြစားသည့် သမ္မတမှာ အစ္စလာမ်မစ်စစ်သွေးကြွများရန်မှ နိုင်ငံအား လုံခြုံအောင် ဦးဆောင်မှု မပေးနိုင်ဟု ပြော။ မြို့တော်အနှံ့မငြိမ်မသက်ဖြစ်လျှက်ရှိပြီး စစ်ဘက်အာဏာသိမ်းခြင်းဟု အမေရိကန် သံသယရှိ

အင်္ဂါနေ့၌ အာဖရိက အနောက်ပိုင်း မာလီနိုင်ငံ၏ ဘာမက်ကိုမြို့တော်ရှိ မာလီတပ်မတော်တွင် တပ်တွင်းပုန်ကန်မှုဖြစ်ပွားခဲ့ရာ ပုန်ကန်သူစစ်သားများက သမ္မတ အီဗရာဟင် ဗူဘက်ကာကေတာနှင့် အစိုးရထိပ်တန်းခေါင်းဆောင်များအား ထိန်းသိမ်းထားသည်ဟု Reuters က ယနေ့ရေးသားသည်။ 

  
ယမန်နေ့နံနက်ပိုင်းတွင် ဘာမက်ကိုမြို့ပြင် အနောက်တောင်ပိုင်းရှိ မာလီစစ်အခြေစိုက်စခန်း၌ ပုန်ကန်မှု ဖြစ်ပွားကြောင်း သတင်းနှင့်အတူ နာရီပေါင်းများစွာကြာအောင် မရေမရာဖြစ်ခဲ့ရသည်။ ပုန်ကန်သူတို့က သမ္မတ ကေတာ အပါအဝင် ထိပ်တန်းအရပ်သားခေါင်းဆောင်များနှင့် စစ်ဖက်အရာရှိများအား သမ္မတအိမ်တော်၌ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

  
စောစောပိုင်းတွင် ပုန်ကန်သူတို့နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောဆိုခဲ့သော ဝန်ကြီးချုပ် ဗူဗူစီစီက ပုန်ကန်သူများ အေးချမ်းစွာ ထွက်ခွာသွားကြရန် တောင်းဆိုကြောင်း သတင်းထုတ်လွှင့်ပြီးနောက် မာလီအစိုးရပိုင် ရုပ်သံလွှင့်ထုတ်မှုများ ရပ်ဆိုင်းသွားခဲ့သည်။ ညနေပိုင်းတွင် ရုပ်သံလွှင့်အစီအစဉ်များ ပြန်လည်စတင်ခဲ့သော်လည်း ကြိုတင်အသံ သွင်းထားသော ကဏ္ဍများကိုသာ ထုတ်လွှင့်ထုတ်လျှက်ရှိသည်။ 


မည်သည့်အတွက် ပုန်ကန်ရကြောင်း၊ မည်သူမည်ဝါတို့က ဦးဆောင်နေကြောင်းနှင့် ပုန်ကန်သူတို့လက်တွင်း သမ္မတကေတာ ရောက်ရှိသွားပြီးနောက် မာလီနိုင်ငံအား မည်သူက စီမံအုပ်ချုပ်လျှက်ရှိကြောင်း လောလောဆယ် ရှင်းလင်းစွာ မသိရသေးချေ။ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းအနေဖြင့် ဘာသတင်းမှ မရရှိကြောင်း ပြောဆိုသည်။ 

  
လွန်ခဲ့သည့် ဇွန်လကတည်းက မာလီနိုင်ငံတွင် နိုင်ငံရေးအတိုက်အခံများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်တက်ကြွလှုပ်ရှားသူများ၏ M5-RFP ညွန့်ပေါင်းအဖွဲ့ ကြိုးကိုင်မှုဖြင့် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများ အလုံးအရင်းဖြင့် ဖြစ်ပေါ်ခဲ့သည်။ ဗဟိုနှင့် အနောက်ပိုင်းအာဖရိကနိုင်ငံများ၌ အစ္စလာမ်မစ်စစ်သွေးကြွများကြောင့် လုံခြုံရေးကင်းမဲ့လျှက်ရှိစဉ်  အကျင့်ပျက်ခြစားသော သမ္မတကေတာအား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုကြသည်။ဆန္ဒပြပွဲများသည် အကြမ်းဖက်မှုများအဖြစ်ပြောင်းလဲသွားခဲ့ပြီးနောက် လူ ၁၄-ဦး သေဆုံးသည်။

  
ယခု တပ်တွင်းပုန်ကန်မှုသည် ဆန္ဒပြပွဲများအား ထောက်ခံသည့် လုပ်ရပ်ဖြစ်ကြောင်း ယူဆရသော်လည်း စစ်တပ်အာဏာသိမ်းခြင်းမဟုတ်ပဲ စစ်တပ်အတွင်း လူကြိုက်များသူတို့၏ ပုန်ကန်မှုသာဖြစ်သည်ဆို၏။ ၎င်းမတိုင်မီ တပ်တွင်းပုန်ကန်သူတို့က သမ္မတကေတာအား ထိန်းသိမ်းလိုက်ကြောင်း ကောလဟလများ ထွက်ပေါ်ခဲ့ပြီး မြို့တော်ရင်ပြင်၌ ရာနှင့်ချီသော လူစုလူဝေးကြီးက သမ္မတမှာ ရာထူးမှနုတ်ထွက်ရန် အချိန်တန်ပြီဟု ကြွေးကြော်ခဲ့သည်။

  
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင်လည်း ဂျီဟဒ်စစ်သွေးကြွများလက်ချက်ဖြင့် အရပ်သားနှင့် တပ်မတော်သားများစွာ အသတ်ခံရ၍ မာလီနိုင်ငံမြောက်ပိုင်းတစ်ခုလုံး အလျှင်အမြန်ကျဆုံးသွားခဲ့ရပြီးနောက် အဆိုပါစစ်အခြေစိုက်စခန်း၌ အလားတူတပ်တွင်းပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ထိုအတွက် လက်နက်ခဲယမ်း လုံလောက်စွာ ထောက်ပံ့ခြင်း မရှိဟူသော စွပ်စွဲချက်ဖြင့် သမ္မတ အာမတ်ဒူတူမန်နီတိုရာ ဦးဆောင်သော မာလီအစိုးရမှာ ပြုတ်ကျသွားခဲ့ရသည်။ 

  
ထိုနောက် ပြင်သစ်တပ်များ ကြားဝင်လာပြီး အစ္စလာမ်မစ်စစ်သွေးကြွများအား နှစ်အနည်းငယ်ကြာအောင် တိုက်ခိုက်မောင်းထုတ်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်များတွင် စစ်သွေးကြွများမှာ ပြန်လည်စုစည်းလာခဲ့သည်။ မာလီသာမက အိမ်နီးချင်း ဘူကီနာဖက်ဆိုနှင့် နိုင်ဂျာနိုင်ငံသို့ တိုင်အောင် ကျယ်ပြန့်စွာ မင်းမူလျှက် ရှိပြီး မာလီတပ်မတော်၊ ဒေသခံအရပ်သားများနှင့် အနောက်နိုင်ငံ ကမ္ဘာလှည့်ခရီးသည်တို့အား တိုက်ခိုက်သတ်ဖြတ်လျှက်ရှိသည်။ 

  
ပြင်သစ်ကိုလိုနီဟောင်း မာလီနိုင်ငံတွင် တပ်တွင်း ပုန်ကန်မှု သတင်းထွက်ပေါ်လာခြင်းကြောင့် အာဖရိကအနောက်ပိုင်း ဆာဟာရဒေသနိုင်ငံများ၌ မတည်ငြိမ်မှု ကူးစက်သွားနိုင်သည်ကို အာဖရိက ယူနီယံနှင့် ပြင်သစ်အပါအဝင် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများပါ စိုးရိမ်မကင်းဖြစ်လျှက်ရှိပြီး ပုန်ကန်မှုအား ရှုတ်ချကြသည်။ မာလီနိုင်ငံသားတို့အနေဖြင့် ဒီမိုကရေစီအား ကာကွယ်၍ မာလီတပ်မတော်သားတို့ကလည်း ၎င်းတို့၏ စစ်တန်းလျှား သို့ အေးချမ်းစွာ ပြန်သွားကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်က တိုက်တွန်း လိုက်သည်။ 


ယခုနောက်ဆုံး ရရှိသော CNN သတင်းအရ မာလီနိုင်ငံတွင် သမ္မတ ဗူဘက်ကာကေတာ ရာထူးမှ နှုတ်ထွက်သွားကြောင်း သိရှိရသည်။ နိုင်ငံအတွင်း သွေးချောင်းစီးဖြစ်ရပ်များကို ရှောင်ရှားနိုင်စေရန်အတွက် ရာထူးမှ ချက်ချင်းနှုတ်ထွက်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိကြောင်း၊ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့ကိုပါ ဖျက်သိမ်း မည်ဖြစ်ကြောင်း သမ္မတကေတာက အသံလွှင့် ပြောကြားသည်ဆို၏။ 


မာလီတပ်မတော်အတွင်း ပုန်ကန်သည် သို့မဟုတ် အာဏာသိမ်းသတင်းကြောင့် မြို့တော် ဘာမက်ကိုတွင် ထောက်ခံသူများ ဝမ်းသာအားရ စုရုံးခဲ့ကြပုံ ရုပ်သံများကို လူမှုကွန်ရက်၌ တွေ့မြင်ကြရသည်။ သမ္မတအိမ်တော်အပြင်ဘက်တွင် မော်တော်ဆိုင်ကယ်စီးသူများနှင့် လူထောင်ပေါင်းများစွာ စုဝေးလျှက်ရှိသည်။ သမ္မတ အိမ်တော်အနီးရှိ ကေတာ၏ သားဖြစ်သူနေအိမ်မှာ လုယက်ဖျက်ဆီးခြင်းခံရကြောင်း သတင်းထွက်ပေါ်သော်လည်း နေအိမ်၌ နေထိုင်သူ မရှိဟု ဆို၏။ ဆန္ဒြုပသူများက မာလီတရားရေးဝန်ကြီးဋ္ဌာန အဆောက်အအုံကိုလည်း စီးနင်း ဖျက်ဆီးလိုက်ကြသည်။ 


လောလောဆယ် ဘာမက်ကို မြို့တော်တွင် လေထဲသို့ သေနတ်ပစ်ဖောက်သံများကြားနေရပြီး စစ်ဘက်နှင့်ရဲတပ်ဖွဲ့ဝင်များ မောင်းနှင်သည့် မော်တော်ယာဉ်များကို တွေ့မြင်နေရကြောင်း၊ မြို့တော်တွင် မငြိမ်မသက်ဖြစ်လျှက်ရှိပြီး စစ်တပ်အာဏာသိမ်းမှုဟု သံသယရှိကြောင်း အမေရိကန်နိုင်ငံသားများအနေဖြင့် သတိပြု ရှောင်ရှားကြရန် မာလီနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောဆိုသည်။ 


((( Reuters., 19 Aug 2020, “Mutinying soldiers detain Mali president and PM, worsening crisis.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#မာလီတပ်တွင်ပုန်ကန်မှု_အာဏာသိမ်း

https://bdnews24.com/world/africa/2020/08/19/mutinying-soldiers-detain-mali-president-prime-minister 


https://www.bbc.com/news/world-africa-53825673 


https://edition.cnn.com/2020/08/18/africa/mali-unrest-troops-president-intl/index.html 


https://edition.cnn.com/2020/07/14/africa/mali-protests-intl/index.html 


https://www.bangkokpost.com/world/1930456/mali-vows-to-investigate-after-army-accused-of-deadly-village-attack 

0

Leave a Reply

Your email address will not be published.