တရားထိုင်နေဟန် အမေရိကန်သမ္မတဟောင်း ရုပ်ထု အရောင်းသွက်နေ၊ စိတ်ထင်ရာ တရှုးထိုးလုပ်တတ်ရာ၌ နာမည်ကြီးသော ဒေါ်နယ်ထရမ့်နှင့် အစွန်းနှစ်ပါးပယ်သည့် ဗုဒ္ဓ၏အနှစ်သာရကို အတွေးဉာဏ်ကွန့်မြူးထား။ ဒေါ်နယ်ထရမ့် တရားအားထုတ်သင့်ပြီဟု ထုလုပ်သူ ယုံကြည်


လွန်ခဲ့သည့်နှစ်တွင်  ဟောင်ဂျင်းရှီအမည်ရှိ ပရိဘောဂထုတ်လုပ်သူ တရုတ်လူမျိုးတစ်ဦးသည် ယခင်အမေရိကန်သမ္မတ၏ ဗုဒ္ဓဘာသာဝင်တစ်ဦးပမာ တရားထိုင်နေဟန် ပုံတူရုပ်ထုငယ်အချိ့ကို တစ်ကိုယ်ရည်အပျင်းပြေအဖြစ် ရှေးဦးစွာ ဖန်တီးထုလုပ်ခဲ့သည်။ ခြောက်လအကြာတွင် ဟောင်၏ အပျော်အပြက် ဝါသနာမှာ ဖူ့ကျန့်ပြည်နယ် ဒေဟွာကောင်တီ၌ ဝပ်ရှော့တစ်ခုထူထောင်၍ သင်္ကန်းရုံ-တင်ပုလ္လင်ချိတ်ထိုင်နေဟန် ဒေါ်နယ်ထရမ့်၏ ပုံတူရုပ်ထုငယ် ၂၅၀ ကို အလုပ်တစ်ဖက်မှ ပထမဦးဆုံးအသုတ် ထုတ်လုပ်ခြင်းအဖြစ် ပြောင်းလဲလာခဲ့ကြောင်း Reuters (Mar.31,2021) က ရေးသားသည်။…  
စိတ်ထင်ရာ ဟောဟောဒိုင်းဒိုင်း ပြောတတ်လုပ်တတ်ရာ၌ နာမည်ကြီးသည့် ယခင်အမေရိကန်ခေါင်းဆောင်နှင့် အစွန်းနှစ်ပါးကို ပယ်သည့် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို ဟောင်က အတွေးဉာဏ် ကွန့်မြူးထားခြင်းဖြစ်သည်ဆို၏။…
တရုတ်တို့၏ အစဉ်အလာတွင် အသက်ကြီးလာ အောင်မြင်လာသူတစ်ယောက်အနေဖြင့် အလိုဆန္ဒနှင့် မရေရာမသေချာမှုအမျိုးမျိုးတို့ဖြင့် စိုးရိမ်သောက ဖိစီးတတ်သည့်အတွက် ပို၍သက်သောင့်သက်သာ နေသင့်သည် ဟု ယူဆကြသည်။…   
မိတ်ဆွေပန်းပုဆရာတစ်ယောက်၏ အကူအညီဖြင့် လပေါင်းအတော်ကြာ မွန်းမံခဲ့ရသည့် ဟောင်၏ ရုပ်ထုမှာ တရုတ်ပြည်မကြီးနှင့် ရေခြားမြေခြားမှ အမှာစာပေါင်း ၂၀၀ ခန့် လက်ခံရရှိခဲ့ပြီး ၁၀ရက်ကြာထုလုပ်ခဲ့ရသည်။…   
၆.၃ လက်မအမြင့်အရွယ် ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ ၁၅၃-ခန့်၊ ၁၈.၁ လက်မအမြင့်အရွယ် ဗားရှင်းအတွက် ၁၀၄၅-ဒေါ်လာခန့် ပေးရမည်ဖြစ်သည်။…   
တရုတ်အွန်လိုင်းရှော့ပင်း Taobao တွင် အရည်အသွေးညံဖျင်းသည့် ပုံတူကူးအတုများကို အောက်ဈေးဖြင့်သာ မရောင်းကြလျှင် သူ၏ ဒေါ်နယ်ထရမ့်တရားထိုင်ဟန်ရုပ်ထုမှာ အရောင်းသွက်ရန်ရှိကြောင်း ဟောင်က ရှင်းပြသည်။…   
ဒေါ်နယ်ထရမ့်သည် ရုပ်ထုပါအတိုင်း ရှိစေရန် ဟောင်တွင် စိတ်ကူး မရှိပါ၊ သို့သော် အမေရိကန်သမ္မတဟောင်း ကို ယခုကဲ့သို့ မြင်တွေ့ရသူတိုင်း အထိုက်အလျှောက် စိတ်ရွှင်လန်းမှု ရရှိကြလိမ့်မည်ဟု ဟောင်မျှော်လင့်သည်။…
ယခုအစီအစဉ်အတွက် စိတ်ကျေနပ်မှုများစွာ ရရှိခဲ့ပြီး အလွန်ပျော်ရွှင်ခဲ့ရကြောင်း၊ ထရမ့်သည်လည်း အလားတူ စိတ်ကျေနပ်ပျော်ရွှင်ရေးအတွက် ရုပ်ထုပါအတိုင်း ကြိုးစားအားထုတ်နိုင်လိမ့်မည်ဟု ဟောင်က တိုက်တွန်းသည်။

တရားအားထုတ်ခြင်းသည် အတွင်း အဇ္ဈတကို ရှု့ခြင်းဖြစ်သည်၊ ကျော်ကြားမှုနှင့်ကံကြမ္မာအတွက်တိုက်ခိုက်ခြင်းကိုရပ်တန့်စေ၍ မည်သည်တို့ကို ပယ်သတ်ရမည်ဖြစ်ကြောင်း လမ်းစသိနိုင်သည်။ ရိုးရိုးသားသားပြောရလျှင် ဒေါ်နယ်ထရမ့်၏ လက်ရှိအနေအထားမှာ တရားအားထုတ်ရန် အမှန်တကယ်လိုအပ်နေပြီဟု ဟောင်က ယုံကြည်သည်။…   
((တရုတ်အစိုးရသည် #ထာဝရဘုရားမဲ့_သို့မဟုတ်_ဘာသာကိုးကွယ်ခြင်းမရှိသည့် အဖွဲ့အစည်းဖြစ်သည်။ သို့သော် ဗုဒ္ဓ၊ တာအို၊ ကက်သလစ်၊ ဘက်ပတစ်နှင့် အစ္စလာမ်ဘာသာတို့ကို အသိအမှတ်ပြုထားပြီး ဘာသာရေးလှုပ်ရှားမှုများကို ဖွဲ့စည်းပုံနှင့် ဥပဒေအမျိုးမျိုးတို့၌ တားမြစ်ထားသည်။ အများပြည်သူနှင့်သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေးတို့တွင် ဘာသာရေးကို အသုံးမပြုရ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာလှုပ်ရှားမှုများသည် နိုင်ငံရပ်ခြားမှ ချုပ်ကိုင်လွှမ်းမိုးခြင်း မပြုနိုင်ရန် ကန့်သတ်ထားသည်။…  
ယခုသတင်းပါ ဒေဟွာကောင်တီသည် #ရှားမင်း Xiamen နှင့် ရှင်းဇုမြို့ မြောက်ဘက်၌ တည်ရှိသည်။ ရှားမင်းအမည်မှာ မြန်မာတို့အတွက် စိမ်းနေမည်ဖြစ်သော်လည်း ၁၉၄၀-ပြည့်နှစ်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် ( နောင် ဗိုလ်ရန်အောင် ) တို့ ရဲဘော်သုံးကျိပ်အစပိုင်း သောင်တင်နေခဲ့သည်ဆိုသော အမွိုင်မြို့မှာ ယခု ရှားမင်းဖြစ်ပါသည်။ တရုတ်ပြည်မကြီး၏ အရှေ့ပိုင်း ထိုင်ဝမ်ရေလက်ကြားအား မေးတင်လျှက်ရှိသော မြို့ဖြစ်သည်။ ။သတင်းဘာသာပြန်သူ ))

(((Reuters., April 01, 2021, “ Be at peace, meditate, Trump Buddha statue designer tells former US president. By Martin Quin Pollard ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
#အစွန်းနှစ်ပါးပယ်သတ်သည့်ဗုဒ္ဓ၏အနှစ်သာရနှင့်_စိတ်ထင်ရာဇွတ်လုပ်သည့်ဒေါ်နယ်ထရမ့်ကိုတွဲဖက်ပုံဖော်

https://www.reuters.com/article/us-china-trump-statue/be-at-peace-meditate-trump-buddha-statue-designer-tells-former-president-idUSKBN2BN0RU
https://www.thedailystar.net/offbeat/news/be-peace-meditate-trump-buddha-statue-designer-tells-former-us-president-2070253
https://www.livemint.com/news/world/meditate-be-at-peace-trump-buddha-statue-designer-tells-former-president-11617191165662.html 

0

Leave a Reply

Your email address will not be published.