“ တရုတ်ကို မည်သည့်အင်အားကမျှ ရပ်တန့်စေနိုင်မည်မဟုတ် “၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြပွဲ ကြီးကျယ်ခန်းနားစွာ ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြအခန်းအနားကို ပေကျင်းမြို့တော် တိန့်အန်မင်ရင်ပြင်၌ ကျင်းပရာ ညူကလီယာထိပ်ဖူးသယ်ဆောင်နိုင်သာ ဟိုက်ပါဆောနစ်လျှောစီးယာဉ်များ၊ ကိုယ်ပျောက်ဒရုန်းများနှင့် စစ်ဖက်နောက်ဆုံးပေါ်နည်းပညာသုံးပစ္စည်းများကို ထုတ်ဖော်ပြသည်ဟု Russia Today က ယနေ့ရေးသားသည်။

အလံတင်အခန်းအနားဖွင့်လှစ်ပြီးနောက် မော်စီတုန်းပုံစံ နက်ပြာရောင်ဝတ်စုံဝတ် သမ္မတရှီကျင့်ဖျင်က နိုင်ငံ တော်သို့ မိန့်ခွန်းပြောကြားရာတွင် ဆယ်စုနှစ် ၇-စုအတွင်း နိုင်ငံတော်၏ အောင်မြင်မှုများကို ဖော်ပြသည်။ တရုတ်ပြည်သူတို့သည် မိမိကိုယ်မိမိအားကိုးနိုင်ရန် စီမံခဲ့ကြောင်း၊ အမျိုးသားအားသစ်လောင်းမဟာခရီးကို ချီတက်ကြရန်တိုက်တွန်းပြီး အနာဂါတ်အလားအလာကောင်းများအတွက် ကတိပေးပြောကြားသည်။  

နှစ်ပတ်လည် စစ်ရေးပြအခန်းအနားကို တရုတ်နိုင်ငံအတွင်းမှီတင်းနေထိုင်သူ တရားဝင်တိုင်းရင်းသားလူမျိုးစု ၅၆ – စုကို ဂုဏ်ပြုသောအားဖြင့် အမြောက် ၅၆ ချက် ပစ်ဖောက်၍ ဖွင့်လှစ်ခဲ့သည်။

အခန်းအနားတွင် တရုတ်၏ နောက်ဆုံးပေါ်စစ်လက်နက်များကို ထုတ်ဖော်ပြသခဲ့ရာ ဒေါင်ဖန်း ၁၇ ( DF-17 ) ဟိုက်ပါဆောနစ်လျှောစီးယာဉ်များမှသည် မည်သည့်ဒုံးကျည်ကာကွယ်ရေးစံနစ်မဆို ထွင်းဖောက်နိုင်သည်ဟု ယုံကြည်ရသော တာတိုနှင့် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်များအထိပါဝင်ကြောင်း တွေ့ရှိ ရသည်။

DR-8 စူပါဆောနစ်ထောက်လှမ်းရေးဒရုန်းများကို ထုတ်ဖော်ပြသခြင်းဖြင့် တရုတ်၏ တိုက်ချင်းပစ်ဒုံးကျည်စံနစ် တွင် အာရုံခံပလက်ဖောင်းအဖြစ် အသုံးပြုဖွယ်ရှိကြောင်း ခန့်မှန်းကြသည်။

အထူးသဖြင့် သီးခြားပစ်မှတ်တစ်ခုစီအား ပစ်ခတ်နိုင်သော ညူကလီယာထိပ်ဖူး ၁၀-ခုအထိသယ်ဆောင်၍ မိုင် ၇,၅၀၀ အကွာအဝေးရှိ ကမ္ဘာ့တိုက်ကြီးတစ်နေရာအရောက် အဆင့် ၃-ဆင့်ဖြင့် ပျံသန်းမည့် DF-41 တိုက်ချင်း ပစ်ဒုံးကျည်စံနစ်များကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသသည်။

လက်ရှိသုံးစွဲနေသည့် DF-5B တိုက်ချင်းပစ်ဒုံးကျည်အများအပြားကိုလည်း ယာဉ်များဖြင့် သယ်ဆောင် ဆောင်လာကြရာ၊ စစ်ကြောင်းများ တင့်ကားများနှင့် အခြားစစ်ယန္တယားယာဉ်များက ချန်အန်သမ္မတအိမ်တော် ရိပ်သာလမ်းတစ်လျှောက်မှ တန့်အန်မင်ရင်ပြင်သို့ ချီတက်ကြသည်။။ ထိုစဉ် တီးဝိုင်းက မျိုးချစ်ထက်သန်ရေး တေးသွားများကို ကျယ်လောင်စွာတီးမှုတ်ကြပြီး တပ်ဖွဲ့ဝင်များက တရုတ်ပြည်သူ့လွတ်မြောက်ရေး ကြွေးကြော် သံများကို ဟစ်ကြွေးကြသည်။  

ထို့နောက် ဂျက်တိုက်လေယာဉ်များက အံ့သြဖွယ်ပုံစံအမျိုးမျိုးဖြင့် အုပ်စုဖွဲ့ပျံသန်းလာကြပြီး ဟယ်လီကော့ ပတာများက တရုတ်အမျိုးသားအလံကို ချိတ်ဆွဲပြကြသည်။

၁၉၄၉-ခုနှစ် ပြည်တွင်းစစ်ပြီးဆုံး၍ တရုတ်ကွန်မြူနစ်အစိုးရထူထောင်ခြင်း “တရုတ်အမျိုးသားနေ့ “ ကို နှစ်စဉ် အောက်တိုဘာ ၁-ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ အားလပ်ရက်အဖြစ် နိုင်ငံတစ်ဝှမ်းတွင် အသေးစားပျော်ပွဲ ရွှင်ပွဲများကျင်းပကြပြီး အင်အားကြီးမားစွာဖြင့် စစ်ရေးပြပွဲနောက်ဆုံးကျင်းပခဲ့သည်မှာ ၂၀၀၉-ခုနှစ် တရုတ်ပြည် သူ့သမ္မတနိုင်ငံ နှစ် ၆၀-ပြည့် အခန်းအနားဖြစ်သည်။  

( အောက်တိုဘာ – ၀၁၊ ၂၀၁၉ )  ((( Russia Today., 1 Oct, 2019,” ‘No force can stop China’: Beijing shows off HYPERSONIC missiles & STEALTH drones at 70th National Day parade (VIDEO)” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/469958-china-national-day-military/
1+

Leave a Reply

Your email address will not be published.