တရုတ်တွင် ကာကွယ်ဆေးအစီအစဉ်အရှိန်အဟုန် မြှင့်တင်ပြီးနောက် လူသန်းတစ်ထောင်ကျော် ဆေးထိုးနှံပြီးစီး၊ ကာကွယ်ဆေးထိုးနှံခံယူသူများ အခမဲ့ကြက်ဥ သို့မဟုတ် ဈေးဝယ်ခွင့် ကူပွန်များပေး၍ စည်းရုံးခဲ့။ တစ်ကမ္ဘာလုံး၏ သုံးပုံတစ်ပုံအတွက် ကာကွယ်ဆေး ထုတ်ပေးနိုင်ဟု တရုတ်ပြော။


တရုတ်နိုင်ငံက ၎င်း၏ ကာကွယ်ဆေးအစီအစဉ်ကို အရှိန်အဟုန် မြှင့်တင်ပြီးနောက် လူသန်းထောင်ချီ၍ ဆေးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအတိုင်းဆိုလျှင် ယခုလကုန်တွင် တစ်နိုင်ငံလုံး၌ ထိုးနှံပေးရန် ရည်မှန်းထားသော လူဦးရေပမာဏအတိုင်း နီးစပ်လာကြောင်း တရုတ်အာဏာပိုင်များက ပြောဆိုသည်ဟု Straits Times က ယနေ့ ရေးသားသည်။

…  
နိုင်ငံတကာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ဖြင့် ကူးစက်သေဆုံးမှု မြင့်တက်လျှက်ရှိစဉ် ကမ္ဘာတစ်ဝှန်းလုံး ကာကွယ်ဆေးထိုးနှံမည့် ပမာဏအားလုံး၏ ၃-ပုံ ၁-ပုံကျော်ကို တရုတ်နိုင်ငံက ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ AFP ၏ သောကြာနေ့ ခန့်မှန်းချက်အရဆိုလျှင် တစ်ကမ္ဘာလုံးအတွက် ကာကွယ်ဆေးအရေအတွက် ၂.၅-သန်း ကျော်ကို ထုတ်လုပ်ပေးမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

…    
ယခု ဇွန်လကုန်တွင် တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၄၀ % ဖြစ်သော လူပေါင်း သန်း ၁,၄၀၀ ခန့်နှင့် ယခုနှစ်ကုန်တွင် ၇၀%ကို အပြည့်အ၀ ကာကွယ်ဆေးထိုးနှံပေးရန် တရုတ်အစိုးရက ခန့်မှန်းထားသည်။ တရုတ်နိုင်ငံတွင် အသုံးပြုသော ကာကွယ်ဆေး အများစုမှာ ၂-ကြိမ်ထိုးနှံပေးရန် လိုအပ်သောကြောင့် အပြည့်အ၀ ကာကွယ်ဆေးထိုးနှံပြီးစီးသော လူဦးရေ ရာခိုင်နှုန်းကိုမူ သတင်းထုတ်ပြန်ရာ၌ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိချေ။

…   
တရုတ်အနေဖြင့် အန္တရာယ်ရှိသူများအား ကာကွယ်ဆေးထိုးနှံခြင်းကို လွန်ခဲ့သည့်နှစ် ဇူလိုင်လကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း၌ ထိုးနှံမှုတိုးချဲ့ခဲ့သည်။ ဦးစားပေးအုပ်စုများအား ကာကွယ်ဆေးထိုးနှံခြင်းမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် ပြီးဆုံးခဲ့ပြီး လူအများအပြားတို့ကို အစုအဝေးလိုက် ကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့သည်။

…     
အခြားနိုင်ငံများနည်းတူ တရုတ်အစိုးရကလည်း ၎င်းနိုင်ငံသားများအား ကာကွယ်ဆေးထိုးနှံရာ၌ ပူးပေါင်းပါဝင် ကြရန် အခွင့်အရေးပေး၍ ကမ်းလှမ်းခဲ့ရာ ကာကွယ်ဆေးထိုးနှံခံယူသူ ဒေသခံများအနေနှင့် အခမဲ့ ကြက်ဥ သို့မဟုတ် ဈေးဝယ်ခွင့် ကူပွန်များဖြင့် ဆုချီးမြှင့်ပေးခဲ့သည်။

…   
တရုတ်နိုင်ငံသည် လူအများအပြားတို့ကို ကာကွယ်ဆေးထိုးနှံရာ၌ Sinopharm နှင့် Sinovac တို့က တီထွင်ထားသော ဆေးဝါးများ အပါအဝင် ပြည်တွင်းထုတ်ကာကွယ်ထုတ်ဆေးများကို အသုံးပြုခဲ့သည်။ အသက် ၃ နှစ်မှ ၁၇ နှစ်ကြား ကလေးငယ်များအတွက် Sinopharm ထုတ်လုပ်သည့် ကာကွယ်ဆေးတစ်မျိုးကို တရုတ်အစိုးရက ယခုလစောစောပိုင်းတွင် အတည်ပြုပေးခဲ့ပြီး Sinovac ကာကွယ်ဆေးကမူ ရက်သတ္တပတ်စော၍ အလား တူ အတည်ပြုချက် ရရှိပြီးဖြစ်သည်။

…  
တရုတ်နိုင်ငံထုတ် Sinovac ဟု လူသိများသော CoronaVac အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအတည်ပြုပေးခဲ့ရာ ကူးစက်ကပ်ရောဂါအဆုံးသတ်ရေးအတွက် အလွန်အရေးပါကြောင်း Nature (June 4, 2021) မီဒီယာက ဖော်ပြခဲ့သည်။

…  
အဆိုပါ CoronaVac မှာ နိုင်ငံပေါင်း ၇၀ ကျော်၏ ကာကွယ်ဆေးထိုးနှံရာတွင် ထောက်ပံ့ပေးနေသော တရုတ်ကာကွယ်ဆေး ၂-မျိုးအနက် တစ်မျိုးဖြစ်ပြီး ၂-မျိုးစလုံးမှာ ဆင်းရဲနွမ်းပါးသောနိုင်ငံများအတွက် လက်လှမ်းမီသည့် ဈေးနှုန်းတွင် ရှိနေသည်။

…   
အရေးပေါ်သုံးအဖြစ် WHO က ဒုတိယမြောက် တရုတ်ကာကွယ်ဆေးကို အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါကာကွယ်ရာ၌ ၅၁% ထိရောက်မှုရှိကြောင်း နှောင်းပိုင်းအဆင့်စမ်းသပ်မှုများ၌ တွေ့ရှိခဲ့သည်။

…  
WHO မှ စာရင်းပြုစုထားပြီးဖြစ်သော အခြားကာကွယ်ဆေး ၇ မျိုးနှင့် ကာကွယ်စွမ်းရည်၌ နှိုင်းယှဉ်လျှင် နိမ့်ကျသော်လည်း ပေကျင်းအခြေစိုက် Sinovac မှ ထုတ်လုပ်သည့် ဗိုင်းရပ်စ်နှိမ် ကာကွယ်ဆေးသည် ပြင်းထန်သော ရောဂါများနှင့် သေဆုံးမှုများကို ကာကွယ်ရာတွင် ၁၀၀% ထိရောက်သည် ဆို၏။

…   
WHO ၏ အတည်ပြုချက်ရရှိထားသော Sinovac ခေါ် CoronaVac ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စင်္ကာပူနိုင်ငံတွင် သီးသန့်သုံးအဖြစ် ခွင့်ပြုမည်ဖြစ်ကြောင်း Channel News Asia (June 02,2021) က ဖော်ပြသည်။

…  
လက်ရှိအချိန်အထိ အနည်းဆုံး တစ်ကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ဦးရေမှာ ကမ္ဘာတစ်ဝှန်းလုံး၏ ၂၁.၅% ဖြစ်သော လူဦးရေ သန်း ၂,၀၀၀ ကျော် ပြီဖြစ်သည်။ နေ့စဉ်ကာကွယ်ဆေးထိုးနှံပေးနိုင်မှုမှာ ၃၆.၁ သန်း ရှိနေသော်လည်း ဆင်းရဲနွမ်းပါးသည့် နိုင်ငံများ၌ လူဦးရေ၏ ဝ.၈% ကိုသာလျှင် အနည်းဆုံး တစ်ကြိမ်မျှသာ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း ourworlddate အရ သိရှိရသည်။

#တရုတ်လူသန်းတစ်ထောင်ကျော်_ကာကွယ်ဆေးထိုးနှံပြီးစီး

(((Russia Today., 20 Jun, 2021,” China passes BILLION Covid shots mark as Beijing ratchets up inoculation drive.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.scmp.com/news/china/science/article/3138007/chinas-covid-19-vaccination-drive-course-top-one-billion-mark
https://www.straitstimes.com/asia/east-asia/china-vaccine-doses-pass-one-billion-mark
https://www.nature.com/articles/d41586-021-01497-8
https://ourworldindata.org/covid-vaccinations
https://www.channelnewsasia.com/news/singapore/sinovac-covid-19-vaccine-special-access-route-vaccination-moh-14933072 

Leave a Reply

Your email address will not be published.