တရုတ်ထုတ် Sinovac ကာကွယ်ဆေးကို တူရကီကျန်းမာရေးလုပ်သားများ စတင်ထိုးနှံ၊ အွန်လိုင်းမှ ကြိုတင်စာရင်းပေးထားသူများအား တစ်နေ့လျှင် ၁၆၀,၀၀၀-ဦးနှုန်း ထိုးနှံပေး၊ Sinovac ၏ ထိရောက်မှု ဘရာဇီး၌ ၅၀.၄ % သာရှိသည်ဆိုခြင်းမှာ မဟုတ်မှန်၊ ပေါ်တူဂီအမျိုးသမီးသေဆုံးရခြင်းမှာလည်း Pfizer ကြောင့် မသေချာ


ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၂၃,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသော တူရကီနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို တရုတ်ကုမ္ပဏီထုတ် Sinovac ကာကွယ်ဆေးဖြင့် စတင်လိုက်ပြီဟု Russia Today က ယနေ့ရေးသားသည်။

..  
ဗုဒ္ဓဟူးနေ့ ညနေပိုင်း ရုပ်မြင်သံကြားတွင် တူရကီကျန်းမာရေးဝန်ကြီးက ကာကွယ်ဆေးထိုးနှံမည့်အကြောင်း ပြောကြားခဲ့ပြီး ကြာသပတေးနေ့၌ ကျန်းမာရေးလုပ်သားများအား ကာကွယ်ဆေးထိုးနှံခြင်းကို စတင်ခဲ့ခြင်းဖြစ်သည် ဆို၏။ 

..  
အွန်လိုင်းမှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းထားသူ ကျန်းမာရေးလုပ်သားများအား ဆေးထိုးနှံပြီးနောက် အချိန်အနည်းငယ်ခန့် စောင့်ကြပ်ကြည့်ရှု့ခံယူရမည်ဖြစ်ပြီး ၂၈-ရက်အတွင်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံကြရမည်ဖြစ်သည်။ 

..  
တိုတောင်းသောအချိန်အတွင်း လူအများအပြားကို ကာကွယ်ဆေးထိုးနှံပေးနိုင်သည့်အတွက် အာဏာပိုင်များအား ကျေးဇူးတင်ရှိပါကြောင်း တူရကီကျန်းမာရေးဝန်ကြီးက ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားလိုက်ပြီး ယခုအချိန်ထိ လူပေါင်း ၁၀၀,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း Live ရုပ်သံနှင့်တကွ ရှယ်ခဲ့သည်။ ဝန်ကြီး၏ Twitter တွင် ရေးသားလွှင့်တင်အပြီး တစ်နာရီအကြာတွင် နောက်ထပ် ကာကွယ်ဆေး ထိုးနှံခဲ့သူ ကျန်းမာရေးဝန်ထမ်း ၇၀,၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။ 

..
တူရကီသည် တရုတ်နိုင်ငံ Sinovac #စီနိုဗက်ဇီဝနည်းပညာဆေးဝါးလုပ်ငန်း မှ ထုတ်လုပ်သော #CoronaVac ကာကွယ်ဆေးကြိမ်ရေပမာဏ သန်း ၅၀ မှာယူထားရာ ၃-သန်းသာလျှင် ရရှိသေးသည်။ တူရကီအစိုးရအနေဖြင့် ရုရှားမှကာကွယ်ဆေးများအပြင် Pfizer နှင့် BioNTech တို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများ ရရှိရန်ကိုလည်း ကြိုးစားလျက်ရှိသည်။ 

..
လွန်ခဲ့သည့် အင်္ဂါနေ့တွင် ဘရာဇီးနိုင်ငံ၌ စမ်းသပ်မှုများအရ Sinovac ထိုးဆေး၏ ထိရောက်မှုမှာ ၅၀.၄ ရာနှုန်းသာ ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းကြောင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရသည်။ 

..  
သို့သော်လည်း ဗုဒ္ဓဟူးနေ့တွင် Sinovac ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ရင်ဝေဒေါင်က ပြောကြားရာ၌ ဘရာဇီးနိုင်ငံတွင် စမ်းသပ်တွေ့ရှိသည်ဆိုသော ထိရောက်မှုအတိုင်းအတာကို အမှန်အတိုင်းဖြစ်အောင် တည့်မတ်ပေးခဲ့ပြီးဖြစ် ကြောင်း CoronaVac သည် ပြင်းထန် Covid-19 ရောဂါကူးစက်မှုကို တားဆီးရာတွင် ၁၀၀ ရာခိုင်နှုန်း အာနိသင်ရှိသည်ကို တွေ့ရှိရကြောင်း သတင်းထောက်များအား ရှင်းပြခဲ့သည်။ 
..
စောစောပိုင်း သုတေသနပြုလုပ်ချက်များအရ တူရကီတွင် Sinovac ကာကွယ်ဆေး၏ ထိရောက်မှု ၉၁.၂၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသော်လည်း အချက်အလက်များကို ၂၉ – မှု၏ ကြားဖြတ်စိစစ်တွေ့ရှိချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။

..   
(( လွန်ခဲ့သောရက်တွင် ပေါ်တူဂီနိုင်ငံ၌ အမျိုးသမီးကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးမှာ Pfzer ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံအပြီး ၄၈-နာရီအကြာ၌ သေဆုံးကြောင်း ကျွန်တော်၏ Facebook မိတ်ဆွေတစ်ဦးက ပို့စ်ရေးသား လွှင့်တင်ခဲ့ပါသည်။ အဆိုပါရေးသားချက်မှာ အဓိပ္ပါယ်ပြည့်စုံခြင်းမရှိ၊ ထိုအမျိုးသမီးသေဆုံးရခြင်းသည် ကာကွယ်ဆေးကြောင့် တစ်ထစ်ချ မဟုတ်သည်ကို Fact checker တို့က International Fact-Checking Network နှင့် ချိတ်ဆက်စစ်ဆေးတွေ့ရှိကြောင်း၊ အများနားလည်လွဲမှားစေသည်ဖြစ်၍ ပို့စ်အား ဖယ်ရှားလိုက် ကြောင်း Facebook ၏ သတိပေးခြင်း ခံရပါသည်။ 

..
မိတ်ဆွေဖြစ်သူမှာလည်း အိန္ဒိယအခြေစိုက် Business today တွင် ဖော်ပြထားသည်ကို ဓါတ်ပုံနှင့်တကွ အတို ချုံး၍ ကောက်နှုတ်ဖော်ပြခြင်းဖြစ်သည်။ မူရင်း အင်္ဂလိပ်ဘာသာသတင်းကို ကျွန်တော်ဖတ်ရှု့ကြည့်ရာ သေဆုံးသူအမျိုးသမီးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် Pfizer ကာကွယ်ဆေး ထိုးနှံခံယူခဲ့ကြောင်း၊ ဇန်နဝါရီ ၁-ရက်နေ့တွင် ရုတ်တရက်သေဆုံးခြင်းဖြစ်ပြီး မည်သည့်ရောဂါလက္ခဏာမျှ မရှိကြောင်း၊ မလိုလားအပ်သည့် ဘေးထွက်ဆိုး ခံစားရသည်ကိုလည်း မတွေ့ရှိရပဲ သေဆုံးရခြင်းအကြောင်းကို စစ်ဆေးရှာဖွေလျှက်ရှိကြောင်း ရေးသားထား ပါသည်။ 

..
တရုတ်လုပ် Sinopharm ကာကွယ်ဆေးသည် အမြင်အာရုံဆုံးရှုံးခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုး ၇၃-ခု ဖော်ပြထား၍ ကမ္ဘာ့ဘေးအန္တရာယ် မကင်းဆုံး ကာကွယ်ဆေးဖြစ်သည်ဟု ပြောဆိုနေကြောင်း သတင်းကို ဇန်နဝါရီ ၁၂ -ရက်နေ့၌ ကျွန်တော် ဘာသာပြန်ဆိုတင်ပြခဲ့ပါသည်။ 

..
အဆိုပါသတင်းမှာ တရုတ်ဆေးဝါးပညာရှင်တစ်ဦးက Weibo တရုတ်လူမှုကွန်ယက်၌ တရုတ်ဘာသာဖြင့် လွှင့်တင်ခြင်းမှ စတင်ကြောင်း၊ ၎င်းသတင်းကို ဟောင်ကောင်မီဒီယာတစ်ခုက တရုတ်ဘာသာဖြင့် ပြန်လည်ဖော်ပြပြီး ထိုင်ဝမ်သတင်းဋ္ဌာနတစ်ခုက အင်္ဂလိပ်ဘာသာပြန်ဆို၍ လွှင့်တင်ခဲ့ကြောင်း၊ ၎င်းကို အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်မီဒီယာတို့အပြင် ဗြိတိန် Daily mail က ဆက်လက်ကူးယူဖော်ပြကြောင်း မူရင်း Links များနှင့်တကွ အပြည့်အစုံ ရေးသား ဖော်ပြခဲ့ပါသည်။ သတင်း၏ အခြေအမြစ်ခိုင်မာမှုကို စာဖတ်သူများ ချင့်ချိန်နိုင်ရန် ဖြစ်သည်။

..  
၎င်းသတင်းတွင် ဆက်လက်၍လည်း ဇန်နဝါရီလ ၁၃-ရက်နေ့မှ စတင်၍ အင်ဒိုနီးရှားနိုင်ငံတွင် တရုတ်လုပ် Sinovac ကို အရေးပေါ်အဖြစ် တစ်ပြည်လုံး၌ ထိုးနှံပေးမည်ဖြစ်ဟု Niki Asia က ဖော်ပြကြောင်း၊ လူဦးရေ သန်း ၂၇၀ခန့်ရှိသော နိုင်ငံ၌ ၁၂-လအတွင်း လူပေါင်း ၁၈၁-သန်းတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျွန်တော်ရေးသားခဲ့ပါသည်။ 

..  
Sinovac သည် တရုတ်ပြည်တွင်း၌ အရေးပေါ်အဖြစ် လူသန်းချီထိုးနှံပေးခဲ့သော ကာကွယ်ဆေးဖြစ်ပြီး ဘရာဇီးနိုင်ငံတွင် ဆေးဝါးထိရောက်မှု  ၅၀ မှ ၉၀ ရာနှုန်းရှိသည်ကို တွေ့ရှိကြောင်း အလားတူပင် အင်ဒိုနီးရှား၌ ၆၅.၃ % ၊ တူရကီတွင် ၉၁.၂၅ % ရှိကြောင်း အသီးသီးတွေ့ရှိရသည်ဟု ( Reuters., Dec. 24 2020 ) က ဖော်ပြကြောင်းကိုလည်း ရှည်လျားစွာထည့်သွင်းခဲ့ပါသည်။ 

..
CoronaVac ကာကွယ်ဆေးသည် ပြင်းထန်ခြင်းမရှိသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု၌ ၇၈ ရာခိုင်နှုန်၊ အသင့်အတင့်နှင့် ပြင်းထန်အခြေအနေ၌ ၁၀၀ ရာခိုင်နှုန်းထိရောက်သည်ကို စမ်းသပ်တွေ့ရှိကြောင်း ဘရာဇီးကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်သည်ဟု Bloomberg ( Jan. 7 2021 ) က ရေးသားကြောင်း တွေ့ရှိရသဖြင့် Sinovac ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူပြောကြားသည့်အတိုင်းဖြစ်ပါသည်။        ။သတင်းဘာသာပြန်သူ )) 
.. 
((( Russia Today., 14 Jan, 2021, Turkey starts rollout of Sinovac’s Covid-19 vaccine to health workers, inoculating more than 160,000 in a day.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 
https://www.rt.com/news/512503-turkey-vaccine-covid19-china/ 
https://www.businesstoday.in/current/world/healthcare-worker-dies-48-hours-after-getting-pfizer-coronavirus-vaccine/story/427050.html 
https://www.taiwannews.com.tw/en/news/4095622 
https://www.dhakatribune.com/world/south-asia/2021/01/11/chinese-covid-19-vaccine-termed-most-unsafe-in-the-world 
https://www.news18.com/news/world/chinese-doctor-says-sinopharm-covid-vaccine-most-unsafe-in-world-with-73-side-effects-then-backtracks-3260495.html 
https://www.bloomberg.com/news/articles/2021-01-07/sinovac-covid-shot-78-effective-in-brazil-trial-folha-reports 

0

Leave a Reply

Your email address will not be published.