တရုတ်အား ရည်ညွှန်း၍ နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများနှင့် ကုန်သွယ်မှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အိန္ဒိယတင်းကြပ်။ အိမ်နီးချင်းများနှင့် ကုန်သွယ်ရေးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးအတွက် ရှင်းလင်းချက်ပါရှိမှသာ ရောင်းဝယ်ခွင့်ပြုမည်

နယ်နိမိတ်ချင်းထိစပ်နေသောနိုင်ငံများမှ ဈေးပြိုင်ဝယ်ယူသူများအနေဖြင့် ကြိုတင်မှတ်ပုံတင်ခြင်းနှင့်လုံခြုံ ရေးဆိုင်ရာရှင်းလင်းမှုများပြုလုပ်ရန် လိုအပ်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်လိုက်သည်။ နှစ်နိုင်ငံနယ်ခြားပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယသည် ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုတင်းကြပ်ခြင်းဖြင့် တရုတ်အား တုန့်ပြန်လိုက်ပုံရသည်ဟု Channel News Asia က ယနေ့ ရေးသားသည်။ 

  
ကြာသပတေးနေ့၌ အဆိုပါ စည်းကမ်းချက်များကို အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ရာတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် အိန္ဒိယသည် တရုတ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရ်ှ၊ မြန်မာ၊ နီပေါ၊ ဘူတန်စသည့် နိုင်ငံများနှင့်နယ်နိမိတ်ချင်းထိစပ်နေသော်လည်း မည်သည့်နိုင်ငံကို ဆိုလိုကြောင်း တိတိကျကျ ရည်ညွှန်းထားခြင်းမရှိချေ။ 

  
အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေသောနိုင်ငံများမှ ကုန်ပစ္စည်း သွင်းထုတ်ခြင်း၊ ဝန်ဆောင်မှုပေးအပ်ခြင်း အပါအဝင် ကုန်သွယ်ရောင်းဝယ်သူမှန်သမျှတို့သည် စည်းကမ်းချက်အရ အစိုးရက သတ်မှတ်ပေးထားသည့် အာဏာပိုင်အဖွဲ့အစည်းများထံ မလွဲမသွေ မှတ်ပုံတင်ကြရမည်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနတို့၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ စိစစ်ရှင်းလင်းချက်ပါရှိမှသာ ရောင်းဝယ်ခွင့် ရရှိနိုင်မည်ဆို၏။ 


သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို နယူးဒေလီရှိ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပုံမှန်အလုပ်ချိန်ပြင်ပဖြစ်နေ၍ လောလောဆယ် ဖြေကြားခြင်းမရှိသေးချေ။ 

  
လွန်ခဲ့သည့် ဧပြီလတွင် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စစ်ဆေးရန် အလားတူညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကြေညာချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ 


အစဉ်အလာအားဖြင့် အိန္ဒိယသည်တရုတ်အား အမည်နာမ ဖော်ပြခြင်းမရှိစေကာမူ အိန္ဒိယတွင် အဓိကအကျိုးဖြစ်ထွန်းလျှက်ရှိသော တရုတ်စီးပွားရေးလုပ်ငန်းများအတွက် မူဝါဒရေးရာ ခွဲခြားဆက်ဆံမှုအဖြစ် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ 

  
ဇွန်လတွင် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ရသော နယ်ခြားပဋိပက္ခဖြစ်ပွားပြီးနောက် အိန္ဒိယရှိ တရုတ်စီးပွားရေးလုပ်ငန်များမှာ မလိုမုန်းထားမှုနှင့်ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယနိုင်ငံသည် လုံခြုံရေးဆိုင်ရာအကြောင်းပြချက်ဖြင့် ByteDance ၏ TikTok နှင့် Alibaba ၏ UC Browser အပါအဝင် တရုတ်နိုင်ငံမ ှအက်ပလီကေးရှင်း ၅၉-ခု ကိုပိတ်ပင်ခဲ့သည်။ 

  
ကြာသပတေးနေ့ညဉ့်နက်ပိုင်း အိန္ဒိယအစိုးရ၏ အမိန့်တွင် အစိုးရ စီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများသာမက အများပိုင်ကဏ္ဍတွင် ပါဝင်နေသည့် ဘဏ်များ၏ တင်ဒါခေါ်ယူမှုများစွာတို့ကိုလည်း ကန့်သတ်ထားကြောင်း တွေ့ရှိရသည်။ 

အဓိကဖြစ်သော ပြည်တွင်း အများပြည်သူရောင်းဝယ်မှုဆိုင်ရာတို့ကို အိန္ဒိယအစိုးရက ကောင်းစွာထိန်းချုပ် အသုံးချနိုင်ကြောင်း ရှီကျင့်ဖျင်ထံ နာရင်ဒြာမိုဒီအစိုးရက သတင်းစကား ပါးလိုပုံရသည်ဟု တရုတ်ကုမ္ပဏီ များစွာတို့၏ ဥပဒေဆိုင်ရာအကြံပေးတစ်ဦးက ခန့်မှန်းပြောဆိုသည်။ 

  
ဆေးဝါးပစ္စည်းများဝယ်ယူခြင်းမှာမူ နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့နေခိုက်ဖြစ်၍ ၂၀၂၀၊ ဒီဇင်ဘာ ၃၁ ရက်အထိ စည်းမျဉ်းသစ်များမှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ 


(( အိန္ဒိယအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုတွင် အမေရိကန်ကဲ့သို့ ပို့ကုန်သွင်းကုန်ပမာဏ ၊ ကုန်ပစ္စည်းအမယ်နှင့် စီးပွားရေးအချက်အချာကျခြင်း မရှိပါ။ သို့သော် အဓိကကုန်တင်သွင်းနေရသော တရုတ်နှင့် ကုန်သွယ်ရေးစစ်ခင်းသည့် ခြေလှမ်းတစ်ရပ်အဖြစ် နားလည်မိပါသည်။ နိုင်ငံကြီး ၂-ခုအကြား မြန်မာအနေဖြင့် အတော် သတိထားရတော့မည်ဖြစ်သည် ။       ။ သတင်းဘာသာပြန်သူ )) 


((( Channel News Asia., 24 Jul 2020,” India toughens public procurement rules for bidders from bordering nations, seen aimed at China.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ ))) 


#နယ်နိမိတ်ချင်းထိစပ်နေသောနိုင်ငံများနှင့်_ရောင်းဝယ်ယူမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများကို_အိန္ဒိယတင်းကြပ် 

https://www.channelnewsasia.com/news/business/india-toughens-public-procurement-rules-for-bidders-from-12958932

https://bdnews24.com/business/2020/07/24/india-toughens-public-procurement-rules-for-bidders-from-bordering-nations-seen-aimed-at-china

0

Leave a Reply

Your email address will not be published.