တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ကျင်းပခဲ့သော မြန်မာနှင့် ဆွေးနွေးပွဲကို သတိကြီးစွာဖြင့် အကောင်းမြင်ဟု ဘင်္ဂလားဒေ့ရှ်ဆို။ ယခုနှစ် ဒုတိယသုံးလပတ်တွင် မြန်မာနိုင်ငံသို့ စတင်ပြန်သွားနိုင်ကြရန် မျှော်လင့်၊ ၃-နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များမှ ကလေးပေါင်း ၉၀,၀၀၀ မွေးဖွားခဲ့


ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) များအရေးနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကျင်းပခဲ့သော မြန်မာနှင့် ဆွေးနွေးပွဲအပြီးတွင် ဒုက္ခသည်များအနေဖြင့် ၂၀၂၁-ခုနှစ် ဒုတိယ သုံးလပတ်တွင် မြန်မာနိုင်ငံသို့ စတင်နေရပ်ပြန်နိုင်ကြရန် ဘင်္ဂလားဒေ့ရှ်အစိုးရက မျှော်လင့်သည်ဟု ဒါကာအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။ 

..  
ဆွေးနွေးရာ၌ အချက်အလက်များစွာ ပါဝင်မည်ကို ရင်ဝယ်ပိုက်ခဲ့ရကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေးနှင့် စပ်လျဉ်း၍ ယခင် ၂-ကြိမ်တိုင်တိုင် ပျက်ပြားခဲ့ရဖူးသည်ကို သင်ခန်းစာ ရယူရန် ကြိုးစားရလိမ့်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရိုးသားစွာ စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးအရလည်း မိမိအနေဖြင့် အကောင်းမြင်ပါကြောင်း၊ အကြွင်းမဲ့ စိတ်နှလုံးမြှုပ်နှံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့ တွေ့ဆုံဆွးနွေးပွဲအပြီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အတွင်းဝန် မာဆွတ်ဘင်မိုမန်က ရှင်းပြသည်။ 

..  
သို့ရာတွင် #သတိကြီးစွာဖြင့်_အကောင်းမြင်သည် ဟု အတွင်းဝန် မာဆွတ်ဘင်မိုမန်က သံတမန်ရပ်ကွက်၌ ပြောဆိုသုံးစွဲခဲ့သည်ဆို၏။ 

..
နှစ်နိုင်ငံသဘောတူညီချက်ပါ ဖော်ပြချက်များတိုင်းဆိုလျှင် ဘင်္ဂလားဒေ့ရှ်ရောက် လူတစ်သန်းကျော်တို့ နေရပ်ပြန်ရေးမှာ နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်ကြောင်း၊ လွန်ခဲ့သော သုံးနှစ်အတွင်း ဒုက္ခသည်စခန်းများ၌ မွေးဖွားသည့် ကလေးပေါင်း ၉၀,၀၀၀ -ယောက် ရှိခဲ့ကြောင်း၊ ထို့ကြောင့် တိုးပွားလာသော စုပေါင်းအရေအတွက်မှာ ပြဿနာပေါင်းစုံကို ဖန်တီးလိမ့်မည်သာဖြစ်ကြောင်း၊ နေရပ်ပြန်ရေးကို အမြန်ဆုံးဆောင်ရွက်ရန်မှတစ်ပါး ရွေးချယ်ရန် အခြားနည်းလမ်းမရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အတွင်းဝန် မာဆွတ်ဘင်မိုမန် က ရှင်းပြသည်။ 

..  
#တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး #လျူကျောက်ဟွေက သဘာပတိအဖြစ် ကြီးမှူးကျင်းပသည့် ရုပ်သံမှတစ်ဆင့် အတွင်းဝန်များအဆင့် စည်းဝေးပွဲကို #မာဆွတ်ဘင်မိုမန်က ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးaဟာက်ဒိုဆွမ်းက ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

..   
(( အသက် ၅၉-နှစ်အရွယ်ရှိ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူကျောက်ဟွေသည် အာရှရေးရာ၊ ဥပဒေနှင့်နိုင်ငံအချင်းချင်း သဘောတူစာချုပ်များရေးရာ၊ သံတမန်ရေးရာနှင့် နိုင်ငံတကာလုံခြုံမှုရေးရာတို့တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၌ ၁၉၈၅-ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အိန္ဒိယ၊ အမေရိကန်၊ စင်္ကာပူ၊ ပါကစ္စတန်၊ ကနေဒါတို့၌ တရုတ်နိုင်ငံ၏ အငယ်တန်းနှင့် အကြီးတန်းသံတမန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၁၉-ခုနှစ်၌ ဒုတိယနိုင်ငံခြားရေးဝန်ကြီးရာထူးမတိုင်မီ အိန္ဒိယနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ခဲ့ဖူးသည်။ 

..
#ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအတွင်းဝန် မာဆွတ်ဘင်မိုမန်သည် အမေရိကန်နိုင်ငံ၌ ပညာသင်ယူခဲ့ပြီး ကနေဒါနှင့် အီတလီတို့၌ သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုရာထူးမတိုင်မီ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်၏ အမြဲတန်း သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်သည်။ 

..
#ပြည်ထောင်စုဒုတိယဝန်ကြီး_ဦးဟောက်ဒိုဆွမ်းသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၄၂-နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၈၈-ခုနှစ်လွန်ကာလ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သော အခက်အခဲနှင့် ဖိအားအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်မှ အနားယူပြီးနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ 

..
ဒုက္ခသည်ဘင်္ဂါလီများ နေရပပြန်ရေးနှင့် ပတ်သက်၍ တစ်ဖက်နိုင်ငံရောက်ရှိနေသူများအား တစ်ယောက်မှ ပြန်လက်ခံမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သာမက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသည်ဟု လုံး၀ မတွေ့ဖူးပါ။ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ဖူးကြောင်း အထောက်အထားရှိပြီး အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသူများအား ပြန်လည်လက်ခံမည်ဖြစ်ပြီး တည်ဆဲဥပဒေနှင့်အညီ နိုင်ငံသားပြုခွင့် ပေးအပ်မည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့ကြပါသည်။ 

..
လွန်ခဲ့သည့် ၂၀၁၇-ခုနှစ် သြဂုတ် ၂၅-ရက်နောက်ပိုင်း တဖက်နိုင်ငံရောက်ရှိနေသူများအား ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ၆-ကြိမ် စာရင်းပေးပို့ခဲ့ရာ လူပေါင်း ၈-သိန်း ၄-သောင်းကျော်၏ အမည်များ ပါရှိသည်။ မြန်မာအစိုးရ လက်ခံမည်ဖြစ်ကြောင်း အတည်ပြုပြန်ကြားထားသည်မှာ ၄-သောင်း ၂-ထောင်ခန့်ရှိပြီး ယနေ့ထိ တရားဝင်ပြန်လည်ရောက်ရှိလာသူ တစ်ဦးတစ်ယောက်မျှ မရှိသေးပါ။

..   
ဒုက္ခသည်များနေရပ်ပြန်ရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံသဘောတူညီချက်သည် ၁၉၇၈-ခုနှစ်နှင့် ၁၉၉၂-ခုနှစ် နှစ်နိုင်ငံအစိုးရများ သဘောတူစာချုပ်ကို အခြေခံထားခြင်းဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများကို ကြားခံထားလျှက် ချုပ်ဆိုခဲ့သော စာချုပ်တွင် ပါဝင်ခြင်း မရှိသည့် ထွက်ခွာသွားသူအားလုံးကို ( တိုင်းရင်းသားအဆင့် ဝိသေသလက္ခဏာ ပါဝင်သော လူမျိုးတစ်မျိုးအမည်ဖြင့် ) နိုင်ငံသား ( ပန်းရောင် ကတ်ပြား ) တစ်ခါတည်း ပေးအပ်ရန်ကိုလည်း လက်ခံခြင်း မရှိပါ။ 

..
နှစ်နိုင်ငံဆွေးနွေးပွဲများတွင် ကော့ခ်ဘဇားရောက် ဟိန္ဒူဘာသာဝင်များ အမြန်ဆုံးပြန်ပို့ရေးနှင့်  ပြန်လည်ဝင်ရောက်လိုသူ ဒုက္ခသည်များအား ခြိမ်းခြောက်ဟန့်တားသူများကို ဘင်္ဂလားဒေ့ရှ်က ဖော်ထုတ်အရေးယူရန်တို့လည်း ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ။ သတင်းဘာသာပြန်သူ )) 
.. 
#တရုတ်ကြားဝင်စေ့စပ်မှုဖြင့်_မြန်မာနှင့်ဆွေးနွေးပွဲကို_သတိကြီးစွာဖြင့်ဘင်္ဂလားဒေ့ရှ်အကောင်းမြင် 
#ယခုနှစ်ဒုတိယသုံးလပတ်တွင်မြန်မာနိုင်ငံသို့စတင်ပြန်သွားနိုင်ကြရန်_မျှော်လင့် 
#၃-နှစ်အတွင်းဘင်္ဂလားဒေ့ရှ်ရောက်_ဒုက္ခသည်များမှ_ကလေးပေါင်း_ကိုးသောင်းမွေးဖွားခဲ့ 
… 
((( bdnews24., 19 Jan 2021, “ Bangladesh ‘cautiously optimistic’ after China-brokered Myanmar meet.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 
https://bdnews24.com/bangladesh/2021/01/19/bangladesh-cautiously-optimistic-after-china-brokered-myanmar-meet 
https://www.facebook.com/rfaburmese/posts/10160718703008128 
https://www.facebook.com/VoA.Burmese.News/posts/10158577432115170 

0

Leave a Reply

Your email address will not be published.