တရုတ်ကြီး၏ ဝူဟန်နေ လူ ၁၀-သန်းကို Covid-19 ရောဂါပိုး ရှိ- မရှိ ၉-ရက်တည်းနှင့် စစ်ဆေးနည်း။ လူအမြောက်အများကို ကျန်းမာရေးစစ်ဆေးနည်းပညာဘောင်ဝင် အချိန်တို အကုန်အကျ နည်းပါးစွာ စမ်းသပ်

တရုတ်နိုင်ငံအနေဖြင့် ယခုလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားခြင်းအချို့ကို ရုတ်တရက်တွေ့ရှိရသည့်အတွက် စိုးရိမ်မှုများ မြင့်တက်ခဲ့ရသည်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် နေထိုင်သူ ၁၁- သန်းအနက် ၉-သန်းကျော်တို့အား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ-မရှိ စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း တနင်္လာနေ့တွင် တရုတ်အာဏာပိုင်များက ပြောဆိုသည်။ ထိုသို့ လူအမြောက်အများအား အချိန်တိုအတွင်း စမ်းသပ်ရာတွင် “‘sample pooling “ ခေါ် ကျန်းမာရေးစစ်ဆေးမှုနည်းလမ်းကို တရုတ်တို့ အသုံးပြုခဲ့သည်ဟု Wall street Journal က ယနေ့ရေးသားဖော်ပြသည်။

ဝူဟန်ကျန်းမာရေးအာဏာပိုင်များ၏ နေ့စဉ် နျူကလစ်အက်ဆစ်စမ်းသပ်မှုများအရ အဆိုပါ လူ ၉-သန်းတို့၏ စမ်းသပ်မှုနမူနာများကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့တွင် Asymptomatic carrier ခေါ် ဖျားနာခြင်းမရှိ- ရောဂါလက္ခဏာမပြပဲ ရောဂါပိုးသယ်ဆောင်သူအဖြစ် သတ်မှတ်ခြင်းခံရသူ ၂၁၈-ယောက်တို့အား စမ်းသပ်ခဲ့ရာတွင် ၎င်းတို့မှာ ရောဂါခြေချုပ်စင်တာများတွင် စောင့်ကြည့်ခြင်းခံရသူများဖြစ်ကြောင်း၊ ၎င်းတို့အနက် ၁-ခု၌သာ ကိုရိုနာဗိုင်းရပ်ကူးစက်လျှက်ရှိသည်ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

တရုတ်တို့၏ သောကြာနေ့ တစ်ရက်တည်း စမ်းသပ်စစ်ဆေးခဲ့သည့် အရေအတွက် ၁.၄၇ သန်းဆိုသည်မှာ အမေရိကန်၏ အလားတူ ၁-ရက်အတွင်း စမ်းသပ်နိုင်မှု၏ ၃- ဆကျော် ရှိနေသည်။ ( သတင်းအချို့တွင် သြစတေးလျနိုင်ငံ၏ ဇန်နဝါရီလမှ ယခုထိ စမ်းသပ်နိုင်သော အရေအတွက်ထက် ပိုမိုကြောင်း ဖော်ပြသည်။ )


ရောဂါကူးစက်မှုအနည်းငယ်ကို တွေ့ရှိပြီးနောက် ဝူဟန်မြို့နေ လူ ၁၁-သန်းအား ၁၀-ရက်အတွင်း စမ်းသပ်စစ်ဆေးမည်ဟု တရုတ်အာဏာပိုင်များ၏ ပြောဆိုချက်မှာ မဖြစ်နိုင်ကြောင်း ထင်မှတ်ခဲ့ကြသည်။ အချိန်တိုအတွင်း ထိုအရေအတွက်မျှ စစ်ဆေးရန်ဖြစ်နိုင်ပါမည်လားဟုလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

ဝူဟန်အာဏာပိုင်တို့သည် Covid-19 ရောဂါပိုးစွဲကပ်လျှက်ရှိသူများကို ခြေရာခံရာ၌ “sample pooling,” ခေါ် “အုပ်စုလိုက် ဘုံနမူနာ ကောက်ယူစစ်ဆေးနည်း “ ဖြင့် စစ်ဆေးခဲ့ဖြစ်ဖြစ်ကြောင်း၊ စောစောပိုင်း အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့၌ လူအမြောက်များကို နမူနာအနည်းငယ်နှင့် အချိန်တိုအတွင်း အမြန်စစ်ဆေးရာ၌ အသုံးပြုခဲ့ဖူးသည်ဆို၏။


တရုတ်အာဏာပိုင်များသည် မြို့နေထိုင်သူများထံမှ နမူနာများကို တစ်ဦးပြီး တစ်ဦးကောက်ယူခဲ့ပြီး ၎င်းတို့အနက် ၅-ခုမှ ၁၀ ခုအုပ်စုတိုင်းအတွက် နျူးကလစ်အက်ဆစ်စမ်းသပ်ခြင်း ၁-ခုကျစီ ပြူလုပ်ခဲ့သည်။ အကယ်၍ စမ်းသပ်မှု ၁-ခု တွင် ရောဂါပိုးစွဲကပ်ကြောင်းတွေ့ရှိပါက သက်ဆိုင်ရာအုပ်စုတစ်ခုလုံးကို ပြန်လည် စစ်ဆေးမည်ဖြစ်သည်။ သို့သော် စမ်းသပ်ရမည့်အရေအတွက်ကို သိသာစွာ လျော့ချနိုင်၍ ငွေကြေး-အချိန်ကုန်သက်သာအကျိုးရှိသည်။

“ အုပ်စုလိုက် ဘုံနမူနာ ကောက်ယူစစ်ဆေးနည်း “ ကို ဒုတိယကမ္ဘာစစ်ကာလ သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ရှာဖွေဖော်ထုတ်ရာတွင် အသုံးပြုခဲ့ဖူးသည်။ အမေရိကန်တပ်မတော် စစ်မှုထမ်းများ၌ ဆီးနမူနာများ ကောက်ယူ၍ ဆစ်ဖလစ်ရောဂါ ရှာဖွေဖော်ထုတ်ရာတွင်လည်း အသုံးချခဲ့ဖူးကြောင်း သိရှိရသည်။


ယခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါကာလအတွင်း အမေရိကန် ဆန်ဖရန်စစ္စကိုပင်လယ်အော်သုတေသနပညာရှင်တို့က စမ်းသပ်စစ်ဆေးခဲ့ရာတွင် လူပေါင်း ၉-ယောက်မှ ၁၀ ယောက်အထိပါဝင်သော အုပ်စုများအဖြစ် ပိုင်းခြားဖွဲ့စည်း၍ လူပေါင်း ၃,၀၀၀ ခန့်အတွက် အသုံးပြုခဲ့သည်။

ဗြိတိန်နိုင်ငံ Lancet “ လန်းဆက် “ဆေးဘက်ဆိုင်ရာဂျာနယ်အရဆိုလျှင် ဂျာမနီနိုင်ငံ ရှားလန်းတက္ကသိုလ် သိပ္ပံပညာရှင်တို့၏ အလားတူ နမူနာ ၃၀ ကောက်ယူ၍ ရောဂါရှာဖွေစစ်ဆေးရာ၌ လုံလောက်သော တိကျမှုရှိကြောင်း ဖော်ပြထားသည်။


“ အုပ်စုလိုက် ဘုံနမူနာ ကောက်ယူစစ်ဆေးနည်း “ မှာ လက်ရှိဝူဟန်ကဲ့သို့ ရောဂါပိုးကူးစက်သူ အနည်းအကျဉ်းမျှသာရှိနေချိန်တွင် အလုပ်ဖြစ်သည်။ ၁၀-ရက်အတွင်း ဝူဟန်တစ်မြို့လုံးနီးပါးလွှမ်းခြုံစမ်းသပ်ရာတွင် ဖျားနာခြင်းမရှိ- ရောဂါလက္ခဏာမပြပဲ ရောဂါပိုးစွဲကပ်လျှက်ကြောင်း တွေ့ရှိသူ ၃၈-ဦးပင် မပြည့်ချေ။


ဝူဟန်၏ “ အုပ်စုလိုက် ဘုံနမူနာ ကောက်ယူစစ်ဆေးနည်း “ တွင် နမူနာ ၅-ခုမှ ၁၀-ခုစီ အုပ်စုလိုက် ရယူထား သည်၊ အုပ်စုအသီးသီးမှ ၁-ခုစီကို ရွေးထုတ်၍ ၁၀-ခုလျှင် စမ်းသပ်စက်တစ်လုံးကျ စစ်ဆေးကြောင်း သိရသည်။

အချို့သူများအတွက် စမ်းသပ်မှုမှာ မိမိဆန္ဒအလျောက်ဖြစ်သော်လည်း အလုပ်ခွင်သို့ပြန်လာသူများအတွက် အာဏာပိုင်များက ထိရောက်စွာဖိအားပေးမှုလိုအပ်သည်။ စစ်ဆေးမှုတိုင်းသည် အခမဲ့ဖြစ်ပြီး အသက် ၆-နှစ်အထက်ရှိသူတိုင်း စစ်ဆေးထိုက်-စစ်ဆေးသင့်- စစ်ဆေးခံနိုင်ကြောင်း လှုံဆော်ပေးရသည်။

ထို့ပြင် ဝူဟန်နေထိုင်သူများသည် စစ်ဆေးမှုလာဒ်များကို ရက်အနည်းငယ်အတွင်း မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများမှတစ်ဆင့် သိရှိနိုင်သည်။ မသမာမှုများပြုလုပ်ရန် အခက်တွေ့စေသော ကျန်းမာမှုအခြေပြကုဒ်များ ထည့်သွင်းထားသည့် မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများကို အလွယ်တကူရရှိစေသည်။ လူမှုဝန်ထမ်းများက တစ်အိမ်ဆင်း တစ်အိမ်တက်ဖြစ်စေ လက်ကိုင်အသံချဲ့စက်များဖြင့် နေရာလပ်မကျန်ရအောင် ဆော်သြပေးခဲ့ရသည်ဆို၏။ ထိုနည်းလမ်းဖြင့် လူပေါင်း ၂၁၀,၀၀၀ နေထိုင်ရာဧရိယာအတွင်း ၉၄၆ -ဦးသာ စစ်ဆေးရန် ကျန်ရှိခဲ့သည်။ စစ်ဆေးရန်ကျန်ရှိသူများသည် အင်္ဂါနေ့ ညနေ ၅-နာရီမတိုင်မီ မှတ်ပုံတင် ကြရန် အာဏာပိုင်တို့က တနင်္လာနေ့ထုတ် သတင်းစာနှင့် လူမှုကွန်ယက်များမှတစ်ဆင့် နှိုးဆော်ထားကြောင်း သတင်း၌ဆက်လက်ဖော်ပြသည်။

((( Wall Street Journal., May 25, 2020,” Wuhan Tests Nine Million People for Coronavirus in 10 Days.” ကို #HtayOung, OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဓါတ်ပုံများမှာ အလားတူအကြောင်းအရာ ABC News မှဖြစ်ကြောင်း ဝန်ခံပါသည်။ )))


#တရုတ်ကြီး၏လူ၁၀-သန်းကို၉-ရက်တည်းနှင့် စစ်ဆေးနည်း

https://www.wsj.com/articles/wuhan-tests-nine-million-people-for-coronavirus-in-10-days-11590408910

https://www.abc.net.au/news/2020-05-26/china-coronavirus-wuhan-testing-millions-in-10-days/12283202

0

Leave a Reply

Your email address will not be published.