တရုတ်နိုင်ငံသား ၉-ဦး အသတ်ခံရမှု နောက်ကွယ်၌ ပါကစ္စတန်တာလီဘန်တို့ ရှိနိုင်ဟုဆို။ အနောက်မြောက်ပိုင်း ရေအားလျှပ်စစ်ဆည်ဆောက်ရေး တရုတ်အင်ဂျင်နီယာများ လိုက်ပါလာသည့် ဘတ်စ်ကား ဗုံးခွဲခံရ။ ပါကစ္စတန်၌ အသေခံဗုံးခွဲမှုကြောင့် ထိခိုက် သေဆုံးမှုများဖြစ်ခဲ့ရ


လွန်ခဲ့သည့် ရက်သတ္တပတ်၌ တရုတ်လူမျိုး ၉-ဦးအပါအဝင် လူ ၁၃-ဦး သေဆုံးခဲ့ရသည့် ဘတ်စ်ကား တိုက်ခိုက်ခံရရမှု၏ နောက်ကွယ်တွင် ပါကစ္စတန်တာလီဘန်များ ရှိနိုင်ကြောင်း၊ လုံခြုံရေးလေ့လာဆန်းစစ်သူများက ပြောဆိုသည်ဟု South China Morning Post က ယမန်နေ့ ရေးသားသည်။

…   
ပါကစ္စတန်အနောက်မြောက်ပိုင်း #ခိုင်ဘာပါတွန်ခါဝါနယ်မြေ၌ ဗုံးဖောက်ခွဲခံရမှုကို ပါကစ္စတန်ရော တရုတ်တို့ကပါ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခြင်း မရှိသေးချေ။

…     
လုံခြုံရေးလေ့လာသုံးသပ်သူများကမူ ရရှိသည့် သတင်းအချက်အလက်များနှင့် တည်နေရာကို အခြေခံ၍ ပါကစ္စတန်တာလီဘန်များပါဝင်နိုင်ကြောင်း အဆိုပါနေရာမှာ ၎င်းတို့ တက်ကြွလှုပ်ရှားရာ ဒေသတစ်ခုဖြစ်ပြီး အခြားလူမျိုးစုလက်နက်ကိုင်အဖွဲ့များလည်းရှိနေကြောင်း၊ ၎င်းတို့၏ တိုက်ခိုက်မှု၌ ထိပ်တန်းသံသယရှိသူနှစ်ယောက် ပါဝင်ကြောင်း ပေကျင်းရှိ #တရုတ်ခေတ်ပြိုင်နိုင်ငံတကာဆက်ဆံရေးဌာနမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးကျွမ်းကျင်သူ လီဝေက ထောက်ပြသည်။

…   
ပါကစ္စတန်တာလီဘန်တို့သည် အစိုးရဆန့်ကျင်ရေး စစ်သွေးကြွများ မဟုတ်ပဲ လူမျိုးစုများစွာတို့ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့တစ်ခုဖြစ်သည်။ #တာရစ်_အီး_တာလီဘန် Tehrik-i-Taliban ပါကစ္စတန်ကို ရည်ညွှန်းလျှက် TTP သို့မဟုတ် ပါကစ္စတန်တာလီဘန်ဟုလည်း ခေါ်ကြသည်။

…  
ဒါစုရှိ ရေအားလျှပ်စစ်ဆည် တည်ဆောက်ရေးစခန်းရှိရာသို့ တရုတ်အင်ဂျင်နီယာများ၊ မြေတိုင်းစစ်ဆေးသူများ နှင့် စက်မှုဝန်ထမ်း ၄၀ ခန့်တို့အား သယ်ဆောင်လာသည့် ဘတ်စ်ကားမှာ ဗုဒ္ဓဟူးနေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

…  
စနေနေ့၌ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရှိတ်ရာရှစ်အာမက်နှင့် အရေးပေါ်တယ်လီဖုန်း ဆက်သွယ်စဉ် တရုတ်ပြည်သူ့လုံခြုံရေးရာဝန်ကြီး ကျောက်ကီဟီတ အဆိုပါ အဖြစ်အပျက်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ပြောဆိုသည်။ အခြေအနေနှင့် ပတ်သက်၍ သမ္မတရှီကျင့်ဖျင်က ပါကစ္စတန်သို့ စာတစ်စောင်ပေးပို့ခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

…  
တရုတ်ဘက်မှ ပါကစ္စတန်သို့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီးဖြစ်ကြောင်း တရုတ်ဝန်ကြီးက ပြောဆိုသည်။ စုံစမ်းစစ်ဆေးမှုမှာ နောက်ဆုံးအဆင့်ဖြစ်ပြီး တရုတ်စုံစမ်းစစ်ဆေးသူ ၁၅ ဦးပါဝင်ကြောင်း ပါကစ္စတန်ဝန်ကြီးက သတင်းထောက်များ မေးခွန်းကို ဖြေဆိုသည်။

…    
ဒါစုစီမံကိန်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း တည်ဆောက်ရေးကန်ထရိုက်ကုမ္ပဏီ #တရုတ်_ ဂီကျောဘာအုပ်စုက စနေနေ့၌ သတင်းထုတ်ပြန်သည်။

…   
ပါကစ္စတန်တို့က မော်တော်ယာဉ် စက်ပိုင်းချို့ယွင်းမှုအဖြစ် ကနဦးပြောဆိုခဲ့သည့် ပေါက်ကွဲမှုကြောင့် ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူများအနက် ၁၃-ဦး သေဆုံးရသည့်အပြင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ယာဉ်ပေါ်တွင်ပေါက်ကွဲစေတတ်သော သဲလွန်စများကို တွေ့ရှိရပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ကြောင်း နောက်ပိုင်း၌ ပြင်ဆင်ပြောဆိုသည်။

…  
ယခင်ကလည်း ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးရာ လွန်ခဲ့သည့် ဧပြီလ ဘလူချီစတန်အနောက်တောင်ပိုင်းတွင် တရုတ်သံအမတ်ကြီးရှိရာ အဆင့်မြင့်ဟိုတယ်တစ်ခု၌ ကြောက်မက်ဖွယ် အသေခံဗုံးဖောက်ခွဲမှုလည်း အပါအဝင်ဖြစ်သည်။

…  
အဆိုပါ ဗုံးဖောက်ခွဲမှုမှာမူ တာလီဘန်ထက် အစဉ်အလာအားဖြင့် တရုတ်အပေါ် ပစ်မှတ်ထားသော ခွဲထွက်ရေးအုပ်စုများ၏ လက်ချက်ဖြစ်နိုင်ကြောင်း၊ စင်္ကာပူ နိုင်ငံတကာလေ့လာရေးကျောင်းမှ တောင်ရာဂျာစသန်ဋ္ဌာန အကြီးတန်းလေ့လာသူတစ်ဦးက ခန့်မှန်းသည်။ ဘလူချီ သို့မဟုတ် ဆင်ဒီလူမျိုးစုတို့ကို ဖယ်ထုတ်စဉ်းစားလျှင် TTP တို့နှင့် ချိတ်ဆက်ရှိသူ သို့မဟုတ် ပတ်သက်သူဖြစ်နိုင်သည်။

…    
ရေအား လျှပ်စစ်ထုတ်ယူမည့် ဆည်သည် အာဖဂန်နစ္စတန်ရှိ မြစ်အောက်ပိုင်းဒေသများသို့ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း၊ ၎င်းနယ်မြေမှာ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ အိုင်စစ် (ISIS) တို့ ထိန်းချုပ်ထားရာဒေသနှှင့် နီးစပ်သော်လည်း အိုင်စစ်တို့တွင် တိုက်ခိုက်မှု အစီအစဉ်ရေးဆွဲနိုင်စွမ်း မရှိကြောင်း တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ အရှေ့အလယ်ပိုင်းရေးရာ သုတေသီတစ်ဦးက ယူဆသည်။

…   
တရုတ်၏ ကိုလိုနီနယ်မြေချဲ့ထွင်မှုကို ဆန့်ကျင်ကြောင်း ရှင်းလင်းစွာပြောဆိုခဲ့သည့် ဘလူချီအုပ်စုမှာလည်း ယခုအခင်းဖြစ်ပွားသည့် နေရာနှင့် မိုင်ထောင်ချီ ဝေးကွာနေသည်။

…    
တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကမူ အာဖဂန်တာလီဘန်နှင့် ပါကစ္စတန်တာလီဘန်တို့ကို ခွဲခြားရှု့မြင်သည်။ အမေရိကန်တို့ ရုတ်သိမ်းပြီးနောက် အာဖဂန်လုံခြုံရေးအတွက် တာလီဘန်တို့နှင့် ပြောဆိုနိုင်လိမ့်မည်ဟု ယူဆသည်။ ပါကစ္စတန်တာလီဘန်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော်လည်း အာဖဂန်တာလီဘန်ကိုမူ တိုင်းပြည်အတွင်းသို့ ပြည်ပစွက်ဖက်ခြင်းမှ ရပ်တန့်ရန် အာဖဂန်အစိုးရနှင့် ဆက်သွယ်နည်းလမ်းရှာဖွေနေဆဲ နိုင်ငံရေး-စစ်ရေး အဖွဲ့အစည်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဋ္ဌာနက ပြောကြားခဲ့သည်။

…  
ပါကစ္စတန်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများတိုးလာခြင်းနှင့်အတူ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်းကိုလည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း၊ တရုတ်အပေါ်ဦးတည်သည့် မကြေနပ်မှုများမှာ လွန်ခဲ့သည့် ၇နှစ် ၈-နှစ်အတွင်း အကြိတ်အခဲကြီးထွားလာခြင်း ဖြစ်နိုင်သည်ဟု သုတေသီတစ်ဦးက ပြောကြားသည်။

…   
လတ်တလောနှစ်များအတွင်း ယခုနောက်ဆုံးတိုက်ခိုက်မှုသည် ပါကစ္စတန်၌ ၎င်းအနေဖြင့် လုံခြုံစွာရပ်တည်နိုင်ကြောင်း ပြသရေးအတွက် တရုတ်အား ပိုမိုကြိုးပမ်းရန် လှုံ့ဆော်ပေးရာ ရောက်နိုင်မည်ဖြစ်သည်။

…  
သို့သော် တရုတ်အနေဖြင့် ထိုအချက်အေပါ် မည်သို့တုန့်ပြန်မည်ဆိုသည်ကို ခန့်မှန်းရခက်လှသည်။

(( ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်ငြားလည်း အာဖဂန်နစ္စတန်မှာ ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသည်။ ရှေးအခါက မာကိုပိုလို၏ ပိုးလမ်းမကြီး ဖြတ်သန်းရာ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ပြည်ပကျူး ကျော်သူများကို လက်ယပ်ခေါ်သလိုဖြစ်နေရာ ဂရိမှ မဟာအလက်ဇန္ဒား၊ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်နှင့် မူဆလင် အာရပ်များ အာဖဂန်ဒေသကို အနိုင်ယူအုပ်စိုးခဲ့ကြသည်။

…   
လွတ်လပ်သောနိုင်ငံအဖြစ် ၁၉၇၀-ခုနှစ်နောက်ပိုင်းတွင်လည်း ပြည်ပကျူးကျော်မှုများကို ဆက်တိုက်ခံခဲ့ရသည်။ ၁၉၇၉-ခုနှစ်တွင် ဆိုဗီယက်တို့၏ ကျူးကျော်ခြင်းခံခဲ့ရပြီး ၂၀၀၁-ခုနှစ်တွင် အစွန်းရောက် တာလီဘန်အစိုးရကို ဖြုတ်ချရန် အမေရိကန်ဦးဆောင်သည့် နေတိုးစစ်ရေးညွန့်ပေါင်းတို့က ထပ်မံကျူးကျော်သည်။

…  
အနှစ် ၂၀ ကြာသောအခါ ကျဆုံးညွန့်ပေါင်း တပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်နှင့် ဒေါ်လာဘီလီယံချီ ပြုန်းတီးခဲ့ရပြီးနောက် မြို့ရွာအပျက်အစီးများ၊ စစ်ဘေးဒုက္ခသည်များ၊ ဒုက္ခိတများ၊ စစ်သွေးကြွများနှင့် အစွန်းရောက် အကြမ်းဖက်အုပ်စုများကို ချန်ထားကာ အမေရိကန်တို့ ဖုတ်ဖက်ခါ ထွက်သွားသည်။ ထိုဟာကွက်နေရာကို ဖြည့်ရန် ချောင်းနေသူများတွင် လက်အသွက်ဆုံးအဖြစ် တရုတ်ကို မြင်တွေ့ရသည်။

…  
ဆယ်စုနှစ် ၂-စုမျှ စစ်ပွဲအတွင်း အရပ်သားချည့်သက်သက် ၄၇,၀၀၀ သေဆုံးခဲ့ရပြီးဖြစ်သော အာဖဂန်တွင် တစ်နိုင်ငံတည်းနေ အချင်းချင်း စစ်ခင်းကြရာ၌ သေဆုံးသူ အရေအတွက်က ၃-ဆကျော်ပိုများသည်။ ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် တာလီဘန်တို့ကလည်း နယ်မြေသိမ်းစစ်ပွဲများကို တိုးချဲ့နေသည်။ 

အာဖဂန် ပြည်သူတို့၏ အနာဂါတ်မှာ မရေမရာ မှုန်ဝါးနေဆဲဖြစ်သည်။ ။သတင်းဘာသာပြန်သူ))

#အာဖဂန်တွင်တရုတ်နိုင်ငံသား_၉-ဦး အသတ်ခံရမှု_ပါကစ္စတန်တာလီဘန်တို့ဖြစ်နိုင်

(((South China Morning Posts., 21 Jul, 2021,” Pakistani Taliban may be behind bus attack that killed 9 Chinese, analysts say.” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာ ပြန်ဆိုသည်။ )))

https://www.scmp.com/news/china/diplomacy/article/3141819/pakistani-taliban-may-be-behind-bus-attack-killed-9-chinese
https://www.scmp.com/week-asia/article/3141286/pakistan-bus-blast-why-anti-china-terrorism-suspected-who-behind-it-and
https://sg.news.yahoo.com/pakistani-taliban-may-behind-bus-091900857.html 

Leave a Reply

Your email address will not be published.