တရုတ်နိုင်ငံအရှေ့ပိုင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါခြေချုပ်အဆောက်အအုံအဖြစ် အသုံးပြု သော ဟိုတယ်ပြိုကျ။ လူ ၃၀ ခန့် ပိတ်မိနေဆဲဟု ဆို။

တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ချွမ်ကျို့မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါခြေချုပ်အဆောက်အအုံအဖြစ် အသုံးပြု သော အထပ် ၅-ထပ်ပါ ဟိုတယ်ပြိုကျပျက်စီးခဲ့ရာ ယခုအချိန်ထိ လူ ၃၀-ခန့် ပိတ်မိနေဆဲဖြစ်ကြောင်း တရုတ်အစိုးရသတင်းစာက ရေးသားသည်ဟု bdnews24 က ယနေ့ဖော်ပြသည်။

တရုတ်မီဒီယာ၏ Twitter စာမျက်နှာ၌ ဖော်ပြသောသတင်း၌ ဟိုတယ်ရှိ လူပေါင်း ၇၀ ခန့်အနက် ၃၈-ဦးကို ထုတ်ယူကယ်ဆယ်ပေးနိုင်ခဲ့သည်ဟု ချွမ်ကျို့စည်ပင်သာယာက ပြောဆိုကြောင်း၊ ဟိုတယ်ပြိုကျအပြီး ၄-နာရီ ခန့်အကြာထိ ပျက်စီးလျှက်ရှိသော အဆောက်အအုံအစုအပုံကြီးအနီးတွင် စက်ယန္တယားကြီးများ၊ အရေးပေါ် လူနာတင်ယာဉ်များနှင့်အတူ လိမ်မော်ရောင်ဝတ်စုံဝတ် ကယ်ဆယ်ရေးသမားတို့၏ ပျားပန်းခတ်အလုပ်လုပ် များနေပုံကို သတင်းရုပ်သံကို တွေ့မြင်ကြရသည်။

ဒေသစံတော်ချိန် စနေနေ့ညနေ ဝရး၃၀ နာရီခန့်တွင် အဆိုပါ ဟိုတယ်အဆောက်အအုံတစ်ခုလုံး ပြိုကျသွား ခြင်းဖြစ်၍ ကြောက်မက်ဖွယ် ကျယ်လောင်သော အသံကြီးနှင့်အတူ ဖုန်မှုန့်များ၊ အပျက်အစီး အစအနများ လွင့်ပျံသွားသည်ကို တွေ့မြင်ရသည်ဟု မျက်မြင်သက်သေများက ပြောဆိုသည်။

နိုင်ငံအလယ်ပိုင်း ဟူဘေး ပြည်နယ်မှ ကူးစက်ပျံ့နှံ့လျှက်ရှိသည် ကိုရိုနာဗိုင်းရပ်ရောဂါအား တားဆီးထိန်းချုပ်ရန် တရုတ်အစိုးရက အပြင်း အထန် အားထုတ်လျှက်ရှိသည်။ နိုင်ငံအရှေ့တောင်ပိုင်း ချွမ်ကျို မြို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သံသယ ရှိသူတို့အား ရောဂါခြေချုပ် စောင့်ကြည့်ကုသရာအဖြစ် ၎င်းဟိုတယ်ကို အသုံးပြုခဲ့ကြောင်း၊ ယခုကဲ့သို့ ပြိုကျ ပျက်စီးရာတွင် ပါသွားသူများမှာ ကျန်းမာရေးဋ္ဌာနက သတ်မှတ်သည့် စောင့်ကြည့်ကာလ ၁၄-ရက်ပြည့်မြောက် သော်လည်း ရောဂါပိုးမတွေ့သဖြင့် ခြေချုပ်ချထားခံရခြင်းမှ မကြာမီ ကင်းလွတ်တော့မည့် သူများလည်း ပါဝင် နေသည်ဆို၏။

အဆောက်အအုံပြိုကျပျက်စီးရာတွင် ကယ်ဆယ်ရေးမော်တော်ယာဉ် ၃၆-စီး၊ အရေးပေါ် လူနာ တင်ယာဉ် ၁၅-စီး၊ မီးသတ်ကား ၆၇-စီးနှင့်အတူ မီးသတ်သမား ၇၀၀ တို့က ဝန်ချီစက်ကြီးများ အကူအ ညီဖြင့် ရှာဖွေကယ်တင် လျှက်ရှိသည်။ တရုတ်အရှေ့တောင်ပိုင်း ထိုင်ဝမ်ရေလက်ကြား၌တည်ရှိသည့် ချွမ်းကျု့ိမြို့ တွင် လူဦးရေ ၈-သန်း ခန့်နေထိုင်လျှက်ရှိသည်။ အခန်းပေါင်း ၈၀ ပါဝင်သည့် ယခုဟိုတယ်အဆောက်အအုံကို ၂၀၁၈-ခုနှစ် ဇွန်လကမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ ပြိုကျပျက်စီးရသည့်အကြောင်းရင်းကို ရှာဖွေမည်ဖြစ် ကြောင်း သိရှိရသည်။

SARS-CoV-2 ခေါ် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်ခြင်းကြောင့် Covid-19 ပြင်းထန်အသက်ရှုလမ်းကြောင်းရောင် ရောဂါ စုဖြစ်ပွားရာတွင် ယခုအချိန်ထိ ကမ္ဘာအရပ်ရပ်နိုင်ငံပေါင်း ၇၀ ကျော်၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁-သိန်း ၅-ထောင်ကျော်၊ သေဆုံးသူ ၃,၅၀၀ ကျော်ရှိခဲ့သည်။ ဗိုင်းရပ်စ်စတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံတွင် လူပေါင်း ၈-သောင်းကျော်ကူးစက်ခံရပြီး ၃,၀၀၀ ကျော် သေဆုံးခဲ့ရသည်။

အခင်းဖြစ်ပွားချိန်မတိုင်မီ ချွမ်ကျို့ပါဝင်သည့် ဖူရှန့်ပြည်နယ်တွင် လူပေါင်း ၂၉၆-ဦး၌ ဗိုင်းရပ်စ်ကူးစက်ခံရ ကြောင်း တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူနှင့် နီးကပ်စွာနေထိုင်-ထိတွေ့ခဲ့ကြောင်း မသင်္ကာသည့် လူပေါင်း ၁၂,၀၀၀ ကို ရောဂါဖြစ်ပွားခြင်းရှိ-မရှိ စောင့်ကြည့်နေခိုက် ယခုကဲ့သို့ ရောဂါခြေချုပ်အဆောက် အအုံအဖြစ် အသုံးပြုသော ဟိုတယ်ပြိုကျပျက်စီးခြင်းဖြစ်သည်။

((ကယ်ဆယ်ရေးသမားတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော မီးလောင်-ငလျှင် လှုပ်-မြေပြိုရာတွင် ခဲယဉ်းစွာ အသက်စွန့် ရှာဖွေကယ်ဆယ်ရမြဲဖြစ်သည်။ ယခုကဲ့သို့ ရောဂါခြေချုပ်အဆောက်အအုံအဖြစ် အသုံးပြုသော ဟိုတယ်ပြို ကျ ရာတွင် ပိတ်မိနေသူများအား ရှာဖွေကယ်တင်ရမည့်အလုပ်မှာ စဉ်းစားမရနိုင်အောင် ခက်ခဲရှုတ်ထွေးမည်ဖြစ် သည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., 07 Mar 2020, “About 30 still trapped after Chinese coronavirus quarantine hotel collapses.” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

# တရုတ်အရှေ့ပိုင်းကိုရိုနာဗိုင်းရပ်စ်ရောဂါခြေချုပ်ဟိုတယ်ပြိုကျ https://bdnews24.com/world/2020/03/07/seventy-trapped-after-chinese-coronavirus-quarantine-hotel-collapses

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.