တရုတ်နိုင်ငံပြင်ပ၌ ကိုရိုနာဗိုင်းရပ်ကူးစက်နှုန်းမှာ ၁၉ ရက်တိုင်း ၁၀-ဆတိုးလိမ့်မည်။ ယနေ့တရုတ်သည် လွန်ခဲ့သည့်နှစ် ခြောက်သောင်းက အာဖရိကမှ ထွက်ခွာလာသူများဖြစ်ကြောင်း ဖော်ထုတ်ခဲ့သူ မျိုးရိုးဗီဇပညာရှင်၏ တုန်လှုပ်ဖွယ် ကိုရိုနာကြိုတင်ခန့်မှန်းချက်

တရုတ်နှင့် စင်္ကံာပူ၏ နှိုင်းယှဉ်တွေ့ရှိချက်များအရ တရုတ်နိုင်ငံပြင်ပ၌ ကိုရိုနာဗိုင်းရပ်ကူးစက်နှုန်းမှာ ထိရောက် စွာဟန့်တားနိုင်ခြင်းမရှိလျှင် ၁၉ ရက် တိုင်း ၁၀-ဆတိုးလိမ့်မည်ဖြစ်ကြောင်း ထင်ရှားသော တရုတ်မျိုးရိုးဗီဇ ပညာရှင်၏ တုန်လှုပ်ဖွယ် ရောဂါ ကြိုတင် ခန့်မှန်းချက်ထွက်ပေါ်လာခဲ့ကြောင်း၊ သာမန်ရိုးရိုးစင်းစင်းပုံစံများကို အခြေခံသည့် အဆိုပါခန့်မှန်းချက်ကို ဆက်လက် သုတေသနပြုလုပ်လျှက်ရှိသည်ဟု South China Morning Post က ယနေ့ရေးသားသည်။

တရုတ်နိုင်ငံ၌ ရောဂါကူးစက်ခံရကြောင်း ၃၄-ဦးကိုသာ တွေ့ရှိပြီး အခြားရောဂါပိုးသယ်ဆောင်သူများအကြောင်း ကို လူအများ မသိကြသေးမီကာလ ကိန်းဂဏန်းများမှ စတင်နောက်ယောင်ခံ၍ ဖေဖော်ဝါရီလကုန်အထိ ရလာဒ် ကို အခြေခံပြုလျှက် တရုတ်ရှန်ဟိုင်း ဖူတန်တက္ကသိုလ် မျိုးရိုးဗီဇပညာရှင် ပါမောက္ခဂျင်းလီက ယခုကဲ့သို့ ကြို တင်ခန့်မှန်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပါမောက္ခလီသည် တရုတ်နှင့် နိုင်ငံတကာအင်စတီကျုဒ့်များတွင် အရှိန်အဝါကြီးမားသော ဖူတန်တက္ကသိုလ်၏ ဒုတိယ-ဥက္ကဋ္ဌဖြစ်သည်။ ယနေ့ တရုတ်လူမျိုးတို့၏ ဘိုးဘေးဆိုသူများမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀,၀၀၀ ခန့် က အာဖရိက၌ နေထိုင်သူများဖြစ်ကြောင်း၊ ၎င်းအနက် အာရှတိုက်သို့ ရွှေ့ပြောင်းလာခဲ့သော အုပ်စုငယ်မှ ဆင်းသက်လာသူများဖြစ်ကြောင်းကို ၂၀၁၆-ခုနှစ်တွင်ပါမောက္ခဂျင်းလီက မျိုးရိုးဗီဇသုတေသနပြု တွေ့ရှိခဲ့သည်။ ပါမောက္ခလီနှင့်အဖွဲ့၏ မျိုးရိုးဗီဇဆိုင်ရာ အဖြေများမှာ လူမသိသူမသိ လူသတ်မှု့များစွာတို့ကို ရဲတပ်ဖွဲ့က ဖော်ထုတ်ရာတွင် ကြီးမားစွာ အကူအညီပေးခဲ့သည်။ ထို့ကြောင့် ဂျင်းလီအား “ ဒီအင်အေမုဆိုး “ ဟု အမည်ပေးခြင်းခံရသည်။

ပါမောက္ခလီ၏ ကြိုတင်ခန့်မှန်းချက် သုတေသနစာတမ်းကို လာမည့် တနင်္လာနေ့တွင် ပုံနှိပ်ထုတ်ဝေမည်ဖြစ် သည်။ သို့သော် WHO ၏ ကြာသပတေးနေ့ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံပြင်ပ၌ ရောဂါကူးစက်ခံ ရကြောင်း ထပ်မံအတည်ပြုနိုင်သူဦးရေမှာ ဖေဖော်ဝါရီလ ၁၆-ရက်နေ့တွင် ၆၈၃-ဦးရှိရာမှ မတ်လ ၅ ရက်နေ့ တွင် ၁၄,၇၆၈-ဦး ဖြစ်လာသဖြင့် အရေအတွက် ၂၁-ဆ တိုးလာခြင်းနှင့် တိုက်ဆိုင်လျှက်ရှိသည်။ ဂျာမနီတွင်မူ ၃-ရက်အတွင်း ၃-ဆတိုးကာ ၅၄၅-ဦးရှိနေပြီး အလားတူ ပြင်သစ်၌လည်း တွေ့ရှိရသည်။

ထိုအတိုင်းဆိုလျှင် နိုင်ငံတကာ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာ လက်ရှိတရုတ်နိုင်ငံ တစ် သောင်းငါးထောင်ကို လပိုင်းမျှနှင့် ကျော်လွန်သွားဖွယ်ရှိနေသည်။ ထိုအတွက် နိုင်ငံတကာတို့အနေဖြင့် တရုတ်နှင့် စင်္ကာပူတို့တွင် လက်တွေ့ကြုံတွေ့ခဲ့ရသည့် ကိန်းဂဏန်းများကို သတိမူကာ တိကျထိရောက်သော လူထုကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်သင့်ကြောင်း သုတေသနစာတမ်း၌ အကြံပြုထားသည်ဆို၏။

ထို့ပြင် ယခုစာတမ်းမှာ သာမန်ရိုးရိုးစင်းစင်းပုံစံများကိုသာ အခြေခံထားပြီး နိုင်ငံအရပ်ရပ်၌ ဗိုင်းရပ်စ်ကူးစက်မှု့ ပုံသဏ္ဍာန်မှာ ပိုမိုရှုတ်ထွေး၍ ကွဲပြားမှု အမျိုးမျိုးတွေ့ရှိနေရကြောင်း၊ သာမန်အပျော့စား ရောဂါလက္ခဏာဖြင့် ဆေးရုံသို့ ရောက်မလာသည်များလည်း ရှိနိုင်ကြောင်း စာတမ်း၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံပြင်ပ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ပထမဆုံး စတင်တွေ့ရှိခဲ့သောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး ဝူဟန်သို့ သွားရောက်ခဲ့ဖူးသူ အမျိုးသမီး၌ ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း ဇန်နဝါရီ ၁၃-ရက်တွင် တွေရှိခဲ့သည်။ သို့သော် ယမန်နေ့အထိ အန္တာတိကတိုက်မှ လွဲလျှင် ကမ္ဘာ့တိုက်ကြီးအသီးသီးရှိ နိုင်ငံပေါင်း ၉၀ ကျော်တွင် ဗိုင်းရပ်စ်စွဲကပ်သူ ၁၁၀,၀၀၀ – ဦး ရှိနေပြီဖြစ်သည်။

တရုတ်နိုင်ငံဆိုလျှင် ပြည်တွင်း ကူးစက်ပျံံနှံ့မှု့ကို ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာသော်လည်း တောင်ကိုရီးယားနှင့် အီတလီကဲ့သို့ ပြည်ပမှ ရောဂါပိုးကူးစက်လာနိုင်သည်ကို ပြန်လည် ထိန်းချုပ်နေရသည်။

ဇန်နဝါရီလ ထုတ်ဝေခဲ့သော WHO အကြံပေး၊ ကူးစက်နှင့် ကပ်ရောဂါ ဇီဝအချက်အလက်တိုင်းတာရေး အမေရိကန်လူမျိုးပညာရှင် ဒေါက်တာအိုင်ယာလွန်ဂီနီ၏ ကြိုတင်တွက်ချက်မှုအရ ကမ္ဘာကြီး၌ လူဦးရေ ၃-ပုံ ၂-ပုံတို့မှာ ကိုရိုနာဗိုင်းရပ်စ်သစ် စွဲကပ်နိုင်ကြောင်း တင်ပြခဲ့သည်။ ပညာရှင်အချို့ကမူ ကမ္ဘာ့လူဦးရေ ၄၀ မှ ၇၀ ရာခိုင်နှုန်းအထိ စွဲကပ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုအချိန်တွင် COVID-19 ကို နိုင်ငံတကာကပ်ရောဂါကျရောက်ခြင်းအဖြစ် WHO က ထုတ်ဖော်ကြေညာခြင်း မရှိသေးသည်ကို သိပ္ပံပညာရှင်များက ရှုတ်ချဝေဖန်လျှက်ရှိကြကြောင်း၊ WHO ကမူ ကိုရိုနာဗိုင်းရပ်စ်သစ် ကူး စက်မှုမှာ ရာသီဥတုပြောင်းလဲခြင်းအပါအဝင် အခြားအချက်အလက်များစွာတို့နှင့် ဆက်စပ်လျှက်ရှိပြီး၊ ကုသ ဆေးနှင့် ကာကွယ်ဆေးများလည်း ဖော်ထုတ်လျှက်ရှိကြောင်း ပြောဆိုသည်ဟု သတင်း၌ ဆက်လက် ဖော်ပြသည်။

(( ယခုသတင်းအရဆိုလျှင် Covid-19 မှာ ဟန်တရုတ်တို့အား ပစ်မှတ်ထားသော ဇီဝလက်နက်ဆိုသည်မှာ မဖြစ်နိုင်ဟု သဘောရပါသည်။

ကျွန်တော်အလွန်စိုးရိမ်မိသည်မှာ ဗိုင်းရပ်စ်ဆိုသည်ကား သည်အတိုင်း မပြောင်းမလဲ မရှိတတ်ပါ။ လူမှ တိရစ္ဆာန်၊ တိရစ္ဆာန်မှ လူ၊ လူတစ်ဦးမှတစ်ဦး အပြန်အလှန်ကူးစက်စဉ် Mutation ဗီဇပြောင်း ( DNA တည်ဆောက်ပုံ ပြောင်းလဲသွား) တတ်သည်။

ထိုအခါ ဗိုင်းရပ်စ်၏ အဖျက်စွမ်းအား ပိုကြီးလာချိန်တွင် ပူပူနွေးနွေး တီထွင်ပြီး ဖြစ်သော ကာကွယ်ဆေး- ကုသဆေးများမှာလည်း ဆေးမတိုးတော့ပဲ အလဟဿ ဖြစ်ရ တော့သည်။ ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post. 7 Mar, 2020.” Coronavirus: global infections could increase tenfold every 19 days, Chinese study says.By: Stephen Chen” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်သစ်ကြိုတင်ခန့်မှန်းချက်

https://www.scmp.com/news/china/science/article/3074080/coronavirus-global-infections-could-increase-tenfold-every-19

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.