တရုတ်နှင့် ပဋိပက္ခဖြစ်ပွားရာတွင် အိန္ဒိယစစ်သား ၂၀ သေဆုံး၊ တရုတ် ၄၃-ဦး သေဆုံးဟု အိန္ဒိယမီဒီယာ ဆို။ ၄၅-နှစ်အတွင်း ပထမဆုံးအကြိမ် ၂-ဖက်လူသေဆုံးရသည့် အကြမ်းဖက်မှုမှ အလုံးစုံပဋိပက္ခဖြစ်ဖွယ်ရှိသည်ကို စိုးရိမ်

ပိုင်ဆိုင်မှုအငြင်းပွားလျှက်ရှိသော ဟိမဝန္တာနယ်စပ်ဒေသတွင် တရုတ်တပ်များနှင့် ပဋိပက္ခဖြစ်ပွားရာ၌ အိန္ဒိယစစ်သား အနည်းဆုံး ၂၀ -ဦး သေဆုံးကြောင်း နယူးဒေလီအာဏာပိုင်တို့ ပြောဆိုသည်ဟု BBC က ယနေ့ ရေးသားသည်။

ယခု အဖြစ်အပျက်သည် တင်းမာမှုများမြင့်တက်လျှက်ရှိသော တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြား ၄၅ နှစ်ထက် မနည်းကာလအတွင်း ပထမဆုံး လူသေဆုံးရသည့် နယ်စပ်ဒေသ ထိပ်တိုက်တွေ့မှုဖြစ်သည်။

အိန္ဒိယတပ်မတော်က စောစောပိုင်းပြောကြားရာတွင် တနင်္လာနေ့ ညနေပိုင်းဟိမဝန္တာ “ လာဒက် “ ဒေသပဋိပက္ခ၌ ၎င်းတို့ဘက်မှ သေဆုံးသူ ၃-ဦးရှိပြီး နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိကြောင်း ပါရှိခဲ့သည်။ သို့သော် အင်္ဂါနေ့ နယူးဒေလီ အရာရှိများပြောကြားရာတွင်မူ အိန္ဒိယဖက်မှ ထိခိုက်သူအတော်များများမှာ ဒါဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

တရုတ်သည် ဂယ်လ်ဝမ်တောင်ကြားရှိ အမှန်တကယ်ထိန်းချုပ်မျဉ်းအား လေးစားကြရန် ယခင်ရက်သတ္တပတ် နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဋ္ဌာနက စွပ်စွဲသည်။

ဟိမဝန္တာတောင်တန်းဒေသများရှိ နှစ်နိုင်ငံစစ်တပ်များအကြား ယခုဖြစ်ပွားသော အကြမ်းဖက်မှုမှာ အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ တွန်းပို့ရာရောက်ကြောင်း၊ အိမ်နီးချင်း ညူကလီယာလက်နက်ပိုင် အင်အားကြီး နှစ်နိုင်ငံတို့အတွက် အလုံးစုံပဋိပက္ခဖြစ်ရခြင်းသို့ သက်ဆင်းမသွားရအောင် ခက်ခဲစွာ ထိန်းချုပ်ရလိမ့်ဖြစ် ကြောင်း BBC က ရေးသားသည်။

အိန္ဒိယတပ်မတော်၏ အင်္ဂါနေ့ပြောဆိုချက်အရ ပဋိပက္ခတွင် ၎င်းတို့ဖက်မှ အရာရှိ ၁-ဦးအပါအဝင် တပ်မတော် သား ၃-ဦး သေဆုံး၌ ၁၇-ဦး ဒါဏ်ရာပြင်းထန်ကြောင်း ပါရှိသော်လည်း ယခုနောက်ဆုံးသတင်းအရ သေဆုံးသူ ၂၀-ဦးဖြစ်လာသည်။

ဆက်စပ်ရရှိသော သတင်းများအရ တရုတ်ဖက်တွင် ၄၃-ဦးသေဆုံးကြောင်း သိရှိရသည်ဟု အိန္ဒိယသတင်းစာ Times of India က ယနေ့ရေးသားသည်။ သို့သော် တရုတ်အစိုးရအာဘော် Global Times က ရေးသားရာတွင်မူ နှစ်ဖက်ကိုယ်ထိ လက်ရောက် ပဋိပက္ခဖြစ်ပွားရာ၌ နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိသည်ဟု တရုတ်အာဏာပိုင်တို့က ပြောဆိုသော်လည်း အရေအတွက် အတိအကျဖော်ပြခြင်းမရှိကြောင်း၊ ပိုင်ဆိုင်မှုအတိအကျမဆုံးဖြတ်ရသေးသော နယ်မြေ၌ နှစ်နိုင်ငံအမှန်တကယ်ထိန်းချုပ်မျဉ်းကို အိန္ဒိယတပ်ဖွဲ့ဝင်များက ၂-ကြိမ်တိုင်တိုင် ကျူကျော်ဝင်ရောက်ကာ တရုတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ကို လေးစားရန် လိုအပ်ကြောင်း ရေးသားသည်ကို တွေ့ရှိရသည်။

ပိုင်ဆိုင်မှုအငြင်းပွားလျှက်ရှိသော နှစ်နိုင်ငံနယ်စပ်တွင် ယခုတစ်ကြိမ်အပါအဝင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ – ကျော်အတွင်း နှစ်ဖက်စလုံးက သေနတ်လက်နက် အသုံးပြုပစ်ခတ်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယက ပြောဆိုသည်။ လက်နက်အသုံးမပြုကြသော်လည်း မည်သည့်နည်းနှင့် လူသေဆုံးရသည်ကို ရှင်းလင်းမသိရှိရသော်လည်း ကျောက်တုံး၊ တင်းပုတ်များဖြင့် နှစ်ဖက်တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်သည်။ ဒေသခံများကမူ အိန္ဒိယစစ်သားများမှာ ရိုက်သတ်ခံရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

(( ယခု အချင်းဖြစ်ပွားသော လာဒက်ဒေသသည် အိန္ဒိယအရှေ့မြောက်ပိုင်း ဂျမူးနှင့် ကက်ရှ်မီးယားအရှေ့ဘက်၌ တည်ရှိသည်။ ဂျမူးနှင့် ကက်ရှ်မီးယားအတွက် အိန္ဒိယနှင့် ပါကစ္စတန်အကြား ပိုင်ဆိုင်မှုအငြင်းပွားလျှက်ရှိနေပြီး လွန်ခဲ့သည့်နှစ်၌ လေကြောင်းတိုက်ပွဲအပါအဝင် နှစ်ဖက်စစ်အင်အားအသုံးပြုတိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပါကစ္စတန်ထိန်းချုပ်ထားရာ အရှေ့ပိုင်းတစ်စိတ်တစ်ဒေသကို ပါကစ္စတန်က တရုတ်တို့ထံ ပေးအပ်ထားကြောင်း၊ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ ပြုခဲ့သည့် JeM အစ္စလာမ်မစ် အစွန်းရောက်အကြမ်းဖက်များကို ပါကစ္စတန်က လေ့ကျင့်ထောက်ပံ့ပေးလျှက်ရှိရာ နောက်ကွယ်တွင် တရုတ်ရှိနေကြောင်း အိန္ဒိယက စွပ်စွဲထားသည်။

လွန်ခဲ့သည့် နှစ်ပိုင်း၌ တရုတ်နှင့် ပါကစ္စတန်အကြား ရေတပ်အပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများရှိနေပြီး အိန္ဒိယရာဂျက်စသန်ပြည်နယ် အနောက်ပိုင်းနှင့် ထိစပ်လျှက်ရှိသည့် Thar သားသဲကန္တာလည်း စစ်ရေးလေ့ကျင့်လျှက်ရှိသည်။

လွန်ခဲ့သောရက်သတ္တပတ်တွင် တရုတ်က ၎င်းနိုင်ငံအနောက်ပိုင်း ( ဝီဂါမွတ်စလင်အများ စုနေထိုင်ရာ) စင်ကျန်းပြည်နယ် အနောက်တောင်ဘက် Takia Minkan တာကီယာမင်ကန်သဲကန္တရတွင် တင့်ကားနှင့် လေကြောင်းချီစစ်ရေးလေ့ကျင့်မှုကို အင်အားအလုံးအရင်းဖြင့် ပြုလုပ်ခဲ့ရာ အိန္ဒိယအတွက် မခံချည့် မခံသာဖြစ်ရသည်။

ထို့အပြင် အိန္ဒိယနှင့် တရုတ်တို့၏ နှစ်နိုင်ငံစစ်တပ်များ ရန်စောင်လျှက်ရှိသည့် အခြားနေရာမှာ အိန္ဒိယအရှေ့ဖျား Doklam Plateau ဒိုကလန်ကုန်းမြင့်ဖြစ်သည်။ ၎င်းနေရာမှာ အိန္ဒိယဗဟိုအစိုးရ အုပ်ချုပ်ရာနှင့် ဝေးလွန်းနေပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်လည်း ခဲယဉ်းသော အိန္ဒိယ၏အစ်မ ၇-ဖော်ခေါ် အရှေ့ဖျားဝေးလံခေါင်ဖျား ပြည်နယ် ၇-ခု၌ ပါဝင်သည်။

ထိုအတွက် အိန္ဒိယက မြန်မာနိုင်ငံ စစ်တွေရေနက်ဆိပ်ကမ်းမှ ကုလားတန်မြစ်ကြောင်းအတိုင်းဆန်တက်၍ မီဇိုရမ်ပြည်နယ်အရောက် ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သော “ ကုလားတန်စီမံကိန်း “ ကို အပူတပြင်းအကောင်အထည်ဖော်လျှက်ရှိသည်။ ။ သတင်းဘာသာပြန်သူ ))

((( BBC., Jun 17,2020,” India-China clash: 20 Indian troops killed in Ladakh fighting.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#တရုတ်-အိန္ဒိယနယ်စပ်ပဋိပက္ခနှစ်ဖက်_လူသေဆုံး

https://www.bbc.com/news/world-asia-53061476

https://www.globaltimes.cn/content/1191846.shtml

https://timesofindia.indiatimes.com/india/india-china-lac-face-off-live-updates-at-least-20-indian-soldiers-killed-in-violent-face-off-with-china/liveblog/76415465.cms

https://timesofindia.indiatimes.com/videos/news/india-china-lac-clash-20-indian-soldiers-martyred-confirms-government/videoshow/76412687.cms

0

Leave a Reply

Your email address will not be published.