တာလီဘန်တို့၏ နယ်မြေသိမ်းစီးနင်းမှု အရှိန်မြှင့်လာစဉ် အာဖဂန်ဒုတိယမြို့တော်ရှိ သံတမန်များကို အိန္ဒိယဆွဲထုတ်။ နေတိုးမဟာမိတ် သြစတြေးလျှတပ်များရုတ်သိမ်းသွားပြီဖြစ်သော်လည်း စစ်ရာဇဝတ်မှုစွပ်စွဲချက်များ ချန်ရစ်ခဲ့။ အမေရိကန်တို့ မီးမှောင်ချ၍ အမှတ်မထင် ရုပ်သိမ်းသွား


အာဖဂန်နစ္စတန်၏ တောင်ပိုင်းမြို့တော် ကန်ဒဟာအနီးတစ်ဝှိုက်ကို အခိုင်အမာထိန်းချုပ်ရန် တာလီဘန်တို့က နယ်မြေသိမ်းစီးနင်းမှု များကို ဆက်လက်အရှိန်မြှင့်လာစဉ် နယူးဒေလီက အာဖဂန်ဆိုင်ရာ ၎င်း၏သံတမန်များ၊ သံရုံးအမှုထမ်း ၅၀ -ခန့်နှင့် လုံခြုံရေးဝန်ထမ်းများအား ယာယီပြန်လည်ခေါ်ယူရန် အိန္ဒိယလေတပ်မတော်မှ အထူးလေယာဉ်တစ်စင်းကို စနေနေ့တွင် စေလွှတ်ခဲ့သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

…   
နယူးဒေလီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ကန်ဒါဟာမြို့အနီးတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် အိန္ဒိယကောင်စစ်ဝန်ရုံး၌ တာဝန်ထမ်းဆောင်လျှက်ရှိသော အိန္ဒိနိုင်ငံသားများကို ပြန်လည်ခေါ်ယူခဲ့ရကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  ဒေသခံဝန်ထမ်းများ၏ အကူအညီဖြင့် ကာင်စစ်ဝန်ရေးရာများကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ပြီး သံတမန်တို့အား ရုပ်သိမ်းရန်ဆုံးဖြတ်ချက်မှာ အခြေအနေတည်ငြိမ်သည်အထိ ယာယီသာလျှင်ဖြစ်ကြောင်း ဖော်ပြထားသည်။

…  
သောကြာနေ့တွင် ကန်ဒါဟာမြို့စွန်သို့ ဝင်ရောက်ခဲ့သော တာလီဘန်များသည် နေအိမ်နှင့် အဆောက်အအုံ များကို သိမ်းယူရာတွင် အာဖဂန်အစိုးရတပ်များနှင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည်။ လွန်ခဲ့သည့် မေလ၌ အမေရိကန်တပ်များ တဖွဲဖွဲရုတ်သိမ်းချိန်မှစတင်၍ အကြီးစားထိုးစစ်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သောင်းကျန်းသူအုပ်စုတို့က မြို့ပတ်ဝန်း ကျင်ရှိ ခရိုင်များကို သိမ်းယူခဲ့ပြီး ဖြစ်သည်။

…   
အာဖဂန်အစိုးရကလည်း တာလီဘန်တို့၏ တိုက်ခိုက်မှုကို ပြန်လည်တွန်းလှန်ရန်အတွက် အထူးတပ်ဖွဲ့များကို ဖြန့်ချထားသကဲ့သို့ ၎င်း၏လေတပ်အင်အားဖြင့်လည်း တိုက်ခိုက်ခဲ့သည်။

…  
ယခုအခါ တိုင်းပြည်၏ နယ်မြေ ၈၅% ကို သိမ်းယူပြီးဖြစ်ကြောင်း စစ်သွေးကြွတို့၏ ကြေညာချက်မှာ ဝါဒဖြန့်ခြင်း သက်သက်သာဖြစ်ကြောင်း ကဘူးလ်အစိုးရက ပယ်ချထားသည်။ သို့သော် သောင်းကျန်းသူအချို့၏ နယ်မြေ သိမ်းပိုက်ရရှိမှုမှာ အငြင်းပွားစရာမရှိချေ။ ယခုသီတင်းပတ်စောစောပိုင်းတွင် တာလီဘန်တိုက်ခိုက်ရေးသမား တို့သည် အိမ်နီးချင်းအီရန်နှင့် တာ့ခ်မင်နစ်စတန်တစ်လျှောက်တွင် တည်ရှိသော အဓိကနယ်စပ်ဖြတ်လမ်း နှစ်ခုကို သိမ်းယူခဲ့သည်။ ထို့ပြင် တာဂျီကစ္စတန်နှင့် ထိစပ်လျှက်ရှိသော အာဖဂန်နယ်စပ်ဒေသ သုံးပုံနှစ်ပုံကျော်မှာ တာလီဘန်တို့၏ လက်တွင်းသို့ ကျရောက်ခဲ့ပြီးဖြစ်ကြောင်း ယုံကြည်ရသည်။ အကယ်၍ တာလီဘန်တို့က ကျူးကျော်ဝင်ရောက်လာခဲ့လျှင် တာဂျီကစ္စတန်၏ ကာကွယ်ရေးအတွက် ကူညီရန်အသင့်ရှိကြောင်း ရုရှားနိုင်ငံက အရိပ်အယောင်ပြသခဲ့သည်။

…  
အာဖဂန်နစ္စတန်တွင် စစ်ရေးအရပါဝင်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း၊ အာဖဂန်တွင် ကူညီလျှက်ရှိသည့် စစ်ဖက်တပ်ဖွဲ့ဝင် နောက်ဆုံး ၈၀-ဦးကို လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ပြန်လည်ရုတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သြစတေးလျှနိုင်ငံက ဇွန် ၁၀-ရက်နေ့တွင် တရားဝင်ကြေညာသည်။

…  
မဟာဗျူဟာ အချက်အခြာကျသောနိုင်ငံအား အမေရိကန်ဦးဆောင်၍ စစ်ရေးအရ ကျူးကျော်ရာတွင် နေတိုး၏ ခိုင်မာသည့် မဟာမိတ်ဖြစ်သည့် သြစတြေးလျှက နှစ် ၂၀ အတွင်း စစ်သည်အင်အား ၃၉,၀၀၀ အထိ စေလွှတ်ခဲ့သည်။ အများစုကို ၂၀၁၃-ခုနှစ်မှ စတင်ကာ ရုတ်သိမ်းခဲ့သော သြစတြးလျှက အာဖဂန်မှ စက်တင်ဘာနောက်ဆုံးထား၍ ရုတ်သိမ်းရန် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့သည်။ နောင်အနာဂါတ်တွင်လည်း အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး ၎င်းမှာ မိမိတို့နိုင်ငံတော်၏ အကျိုးစီးပွားနှင့် နိုင်ငံ့မဟာမိတ်တို့၏ အကျိုးစီးပွားအရဖြစ်ကြောင်း သြစတြေးလျှကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

…  
စစ်ဒဏ်ကြောင့် ညက်ညက်ကြေပျက်စီးလျှက်ရှိသော ကုန်းတွင်းပိတ်နိုင်ငံမှ သြစတြေးလျှတပ်များက ရုတ်သိမ်းသွားသော်လည်း ၎င်းတပ်များ၏ ဆိုးရွားယုတ်ညံ့သည့် စစ်ရာဇဝတ်မှုစွပ်စွဲချက်များမှာ စစ်ပွဲတို့၏ ဆိုးမွေအဖြစ် ကျန်ရစ်လျှက်ရှိသည်။

…  
လွန်ခဲ့သည့် ဇူလိုင် ၉-ရက်နေ့တွင် အမေရိကန်တပ်များသည် အာဖဂန်တွင် ၎င်းတို့၏ အဓိက ခြေကုပ်ဖြစ်သော #ဘက်ဂရမ် လေတပ်အခြေစိုက်စခန်းမှ ကြိုတင်အသိမပေးပဲ ညသန်းခေါင်ချိန် မီးအမှောင်ချ၍ အမှတ်မထင် ရုတ်သိမ်းသွားခဲ့သည်ကို ၎င်းတို့ဆုတ်ခွာသွားပြီး ၂-နာရီကြာမှ သိရှိရကြောင်း စခန်း၏ တပ်မှူးအသစ်ဖြစ်သူ အာဖဂန်ဗိုလ်ချုပ်ကြီး အဗ္ဗဒူလာ ကိုဟီစတန်နီက ပြောဆိုသည်ဟု BBC (July 9,2021) က ရေးသားသည်။

…  
စစ်အခြစိုက်စခန်းတွင် တာလီဘန်အကျဉ်းသား ၅,၀၀၀ ခန့် ချုပ်နှောင်ထားခဲ့ရာ ၎င်းတို့မှာလည်း ထွက်ပြေးသွားကြကြောင်း၊ တပ်မှူးချင်း တရားဝင်လက်လွှဲပြောင်းပေးခြင်း မရှိပဲ အမေရိကန်တို့ ချန်ထားပစ်ခဲ့သည့် ပစ္စည်းအမယ်ပေါင်း သုံးသန်းခွဲခန့်ရှိရာ ထောင်ပေါင်းများစွာသော သောက်ရေသန့်ဗူး၊ Energy Drink နှင့် ရှေ့တန်းစစ် မြေပြင်သုံး အသင့်စားရိက္ခာများ ပါဝင်ကြောင်း၊ အရပ်ဘက်သုံး မော်တော်ယာဉ် ထောင်ပေါင်းများစွာ ကျန်ရှိ သော်လည်း သော့များ မတွေ့ကြောင်း၊ သံချပ်ကာယာဉ်ရာပေါင်းများစွာလည်း ကျန်ရစ်ကြောင်း၊ လက်နက်ကြီးများနှင့် ဗုံးဆန်များကို ၎င်းတို့နှင့် အတူ ယူဆောင်သွားကြပြီး၊ လက်နက်ငယ်နှင့် ကျည်အများအပြားတို့ကို ချန်ထားပစ်ခဲ့သည်မှာ အာဖဂန်စစ်တပ်အတွက် ဖြစ်ပုံရကြောင်း အာဖဂန်ဗိုလ်ချုပ်ကြီးက ရှင်းပြသည်။

…  
9/11 ဖြစ်စဉ်၌ တာဝန်ရှိသူ အယ်လ်ကိုင်ဒါတို့အား ချေမှုန်းရန်နှင့် တာလီဘန်အစိုးရအား ဖြုတ်ချရန် အမေရိကန်ဦးဆောင် ညွန့်ပေါင်းတပ်များ၏ စစ်ရေးအရ ကျူးကျော်မှုကို ယခုနှစ် စက်တင်ဘာ ၁၁-ရက်နေ့နောက်ဆုံးထား၍ ရုတ်သိမ်းမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ပြောဆိုသည်။ သို့သော် ညွန့်ပေါင်းတပ်များ အလုံးအရင်း ဆုတ်ခွာသည် လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ တာလီဘန်တို့၏ တိုက်ခိုက်မှု ပြင်းထန်လာခဲ့သည်။

အာဖဂန်တွင် ပါကစ္စတန်၊ တာဂျီကစ္စတန်၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်နေသော အရေးပါသည့် နယ်မြေအများစုကို တာလီဘန်တို့က သေနတ်တစ်ချက် မဖောက်ရပဲ သိမ်းယူလျှက်ရှိစဉ် အိမ်နီးချင်း တာဂျီကစ္စတန်ရှိ စစ်အခြေ စိုက်စခန်းအား ပြန်လည်အသက်သွင်းရန် အသင့်ရှိနေကြောင်း ရုရှားက သတင်းထုတ်ပြန်သည်ဟု Moscow Times (July 7 2021) က ရေးသားသည်။

…   
တာလီဘန်တို့ကမူ အာဖဂန်ပြန်လည်ထူထောင်ရေးတွင် ကူညီရင်းနှီးမြှုပ်နှံကြပါရန် အိန္ဒိယ-တရုတ်နှင့် ရုရှားတို့အား ဖိတ်ခေါ် ထားပြီး အမေရိကန်တို့စွန့်ပစ်ထားခဲ့သော သံချပ်ကာယာဉ်တို့ကို တာလီဘန်တို့က အွန်လိုင်းမှတဆင့် ရောင်းချခြင်းဖြင့် အလုပ်ဖြစ်နေသည်။

…  
ထိုစဉ်အတောအတွင်း အမေရိကန်တပ်များ ရုတ်သိမ်းသွားပြီးနောက် မငြိမ်သက်မှု ပြင်းထန်ဆုံးဖြစ်နေသော အာဖဂန်အရေးနှင့် ပတ်သက်၍ ဒေသတွင်းလုံခြုံရေးအတွက် တရုတ်နိုင်ငံက ဖြန်ဖြေသူအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဗဟိုအာရှဒေသ ၃-နိုင်ငံသို့ မကြာမီ အလည်အပတ်ခရီးသွားရောက်တော့မည့် ပေကျင်းနိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောဆိုကြောင်း တရုတ်နိုင်ငံပိုင် Global Time က ဖော်ပြသည်။

…     
ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်နေ့အတွင်း တာ့ခ်မင်နစ္စတန်၊ တာဂျီကစ်စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများသို့ သွားရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်တို့ရုတ်သိမ်းပြီး အိမ်နီးချင်း အာဖဂန်နစ္စတန်တွင် ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာငွေကြေးထောက်ပံ့ရေးတို့အတွက် တာလီဘန်တို့နှင့် ဆက်သွယ်ရန် စိတ်ထက်သန်လျှက်ရှိကြောင်း ပါကစ္စတန်သတင်းစာများက ရေးသားသည်။

#အမေရိကန်တပ်များရုတ်သိမ်းပြီးအာဖဂန်နှင့်_ရုရှား_တရုတ်_အိန္ဒိယ

((( Russia Today., 11 Jul, 2021,” India pulls diplomats from Afghanistan’s second-largest city as Taliban boast rapid territorial gains.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/528932-taliban-india-kandahar-consulate-evacuates-afghanistan/
https://www.rt.com/news/528919-australia-afghanistan-withdrawal-war-crimes/
https://www.bbc.com/news/world-asia-57682290
https://apnews.com/article/bagram-afghanistan-airfield-us-troops-f3614828364f567593251aaaa167e623
https://www.ft.com/content/49d266c6-a6c2-4ab2-bf52-ed34d72b22c1
https://www.themoscowtimes.com/2021/07/07/russia-says-ready-to-activate-tajik-military-base-amid-us-pullout-taliban-advance-in-afghanistan-a74450
https://www.globaltimes.cn/page/202107/1228389.shtml
https://www.globaltimes.cn/page/202107/1228348.shtml
https://www.globaltimes.cn/page/202107/1228329.shtm

Leave a Reply

Your email address will not be published.