အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးရေး ကန့်သတ်ပိတ်ဆို့မှုဖြေလျှော့ခဲ့ပြီးနောက် ၂၄-နာရီအတွင်း ၁၉၅-ဦး သေဆုံး၍ ကူးစက်ခံရသူ ၃,၉၀၀ -ဦးနီးပါးဖြစ်ပွားခဲ့ရာ ကပ်ရောဂါကျရောက်သည့် ကာလတလျှောက် အမြင့်ဆုံးမှတ်တမ်းတင်စရာ ဖြစ်ရသည်ဟု Russia Today က ယနေ့ရေးသားသည်။
နိုင်ငံအတွင်း သေဆုံး-ကူးစက်ဦးရေအများဆုံးသည် တနင်္လာနှင့် အင်္ဂါ ( ယနေ့ ) တို့တွင် အများဆုံးဖြစ်ခဲ့ပြီး ယခုအခါ ကူးစက်ခံရမှု စုစုပေါင်း ၄၆,၄၃၃ နှင့်သေဆုံးသူ ၁,၅၆၈ ဦးဖြစ်လာကြောင်း၊ မဟာရဋ္ဌပြည်နယ်သည် လူနာပေါင်း ၁၄,၀၀၀ ကျော်ဖြင့် အဆိုးရွားဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရသိရသည်။
မဟာရဌနှင့် ကပ်လျှက်တည်ရှိသော ဂူဂျာရတ်ပြည်နယ်နှင့် ဒေလီတို့သည် ဒုတိယအမြင့်မားဆုံးဖြစ်ကြပြီး အခြားသော ပြည်နယ် ၃-ခုတို့တွင်လည်း ယခုရက်ပိုင်းအတွင်း သေဆုံး-ကူးစက်အရေအတွက် ပြန်လည်မြင့်တက် လာခဲ့သည်။ သို့သော် တစ်နိုင်ငံတွင် ပြန်လည်နလံထလာသူ ၁၂,၇၀၀ ကျော်ရှိခဲ့ရာ ရောဂါပိုးစွဲကပ်ခြင်းခံရသူ တို့၏ ၂၇ ရာနှုန်းကို ပျောက်ကင်းအောင် ကုသပေးနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ကူးစက်ရောဂါဟန့်တားရန် မတ်လနှောင်းပိုင်းမှစ၍ တစ်နိုင်ငံလုံးအနှံ့အပြား တားဆီးပိတ်ဆို့ ပိတ်ဆို့ခံထားရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မေလ ၁၈ ရက်နေ့အထိ ဒုတိယအကြိမ်ထပ်မံတိုးချဲ့ခဲ့သော်လည်း ဗဟိုနှင့် ဒေသဆိုင်ရာအစိုးရများအနေဖြင့် ရောဂါခြေချုပ်သက်တမ်းကာလ မကုန်ဆုံးမီဈေးဆိုင်များကိုပြန် လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
မတ်လ ၂၄ ရက်မှစ၍ ပိတ်ထားခဲ့ရသော အရက်ဆိုင်များကို တနင်္လာနေ့တွင် ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ အရက်ဆိုင်နှင့် စတိုးဆိုင်များရှေ့တွင် ကြီးမားသော လူစုလူဝေးကြီးဖြစ်ပေါ်လာသည်။ စုရုံးရောက်ရှိလာသူတို့သည် Social Distancing ကူးစက်ရောဂါ ကာကွယ်ရေး လူအချင်းချင်းနီးကပ်မှုလျှော့ချသည့် စည်းကမ်းချက်များကို မလိုက်နာကြသဖြင့် ဈေးဆိုင်များ ပြန်ပိတ်လိုက်ရသည်ဆို၏။
တနင်္လာနေ့ည ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ ရှင်းလင်းချက်တွင်မူ လာမည့်အခြေအနေအတွက် အကောင်းမြင်ပြောဆိုသည်ကို တွေ့ရှိရသည်။ Lockdown တားဆီးပိတ်ဆို့ခဲ့ရပြီးနောက် ရောဂါဖြစ်ပွားမှုမှာ ၃-၄ ရက်ကြာမျှ နှေးကွေးလျှက်ရှိခဲ့သည်ကို ထောက်ပြပြီး အခြေအနေလိုအပ်ချက်အရ နောက်ထပ် ၁၂-ရက်ထပ်မံတိုးမြှင့်ရကြောင်း ရှင်းလင်းပြောဆိုသည်။
လူထုကျန်းမာရေးစောင့်ရှောက်မှု သိပ်မကွာသော မြန်မာ၏ အိမ်နီးချင်း အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ-မရှိ လူ ၁-သန်းလျှင် ၈၆၄-ဦး စစ်ဆေးပေးနိုင်ပြီး လူ ၁-ဦးနှုန်းသေဆုံးသည်။ ဘင်္ဂလားဒက်ရှ်သည် ၅၆၇-ဦးနှုန်းစစ်ဆေးပေးနိုင်ပြီး လူ ၁-ဦးနှုန်း သေဆုံးလျှက်ရှိသည်။
(( တေကာမှ တေရော၊ ကာလူးလေး စုတ်ပြီး မာလကီးတော့ အခံရသက်သာတယ် တွေးကြပုံပဲ ..ကျွန်တော်တို့ ၄၂-လမ်းက လိုပေါ့ ။ ။ သတင်းဘာသာပြန်သူ ))
((( Russia Today., 5 May, 2020 ,” India records its biggest single-day spike in coronavirus cases & deaths, counting nearly 4,000 infections in 24 hours.” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#ကိုရိုနာဗိုင်းရပ်စ်တားဆီးမှုဖြေလျှော့သောအိန္ဒိယတွင်ကူးစက်-သေဆုံးအရေအတွက်ပြန်လည်မြင့်တက် #တားဆီးကာလတိုးမြှင့်၍စတိုးနှင့်အရက်ဆိုင်များပြန်ပိတ်ရ
https://www.rt.com/news/487776-india-coronavirus-largest-spike/
https://www.rt.com/news/487706-india-liquor-stores-reopened/
https://www.rt.com/news/486864-india-relax-coronavirus-lockdown/

တားဆီးပိတ်ဆို့မှုဖြေလျှော့ခဲ့ပြီးနောက် အိန္ဒိယတွင် ၁-ရက်အတွင်း ၁၉၅-ဦး သေဆုံး၍ ကူးစက်ခံရသူ ၃၉၀၀ -ဦးနီးပါးဖြင့် အမြင့်ဆုံးမှတ်တမ်းတင်ဖြစ်ပွား၊ အရက်ဆိုင်များနှင့် စတိုးဆိုင်အချို့ ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ကြီးမားသော လူစုလူဝေးဖြစ်ပေါ်လာသဖြင့် ထပ်မံပိတ်လိုက်ရ
0