တူရကီက စခန်းတံခါး ဖွင့်ချလိုက်သော ဒုက္ခသည်များ ဥရောပနယ်စပ်သို့ ရောက်ရှိ။ နယ်ခြားကို ဇွတ်အတင်းဖြတ်ကျော်ရန်ကြိုးစားသဖြင့် ဂရိနယ်ခြားစောင့်ရဲတို့က မျက်ရည်ယိုဗုံးပစ်ပေါက် လူစုခွဲ

ဆီးရီးယားတွင် ကြောက်မက်ဖွယ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံများသို့ ဝင်ရောက်လိုသော ရွှေ့ပြောင်းအခြေချနှင့် စစ်ဘေးဒုက္ခသည်များမှာ ဂရိနှင့်တူရကီနယ်ခြားသို့ စနေနေ့တွင် ရောက်ရှိလာသည်ဟု Evening Standard က ယနေ့ ရေးသားသည်။

ကျား-မ ကလေးငယ်များအပါအဝင် ၁၃,၀၀၀ ခန့်အနက် ဒုက္ခသည်အချို့မှာ နယ်ခြားအတားအဆီးများအား ဇွတ်အတင်းဖြတ်ကျော်ရန် ကြိုးစားသြဖြင့် ဂရိနယ်ခြားစောင့် ရဲတို့က မျက်ရည်ယိုဗုံးများ ပစ်ပေါက်လူစုခွဲကြောင်း တွေ့ရှိရသည်။

ယနေ့တွင်မူ တူရကီနယ်ခြားစောင့်ရဲတို့က စုဝေးလာသော ဒုက္ခသည်များအား ဂရိနယ်ခြားအတားအဆီးသို့ မရောက်မီ မိုင်ဝက်ခန့်အလိုတွင် ဆက်လက်မသွားနိုင်အောင် တားဆီးခဲ့သည်။ တူရကီ၏ အပြုအမူမှာ ထွက်ခွာလျှက်ရှိသည့် ဒုက္ခသည်များအား အတတ်နိုင်ဆုံး နှေးကွေးစေရန် ၎င်းတို့လည်း ကြိုးစားလျှက် ရှိကြောင်း ပေါ်လွင်စေလိုဟန်ရှိသည်ဟု သတင်းက ဝေဖန်သည်။

သို့သော် ဒုက္ခသည်များကို ပင်လယ်နက်ဆိပ်ကမ်း အစ္စတန်ဘူမှ နယ်ခြားဆီသို့ သယ်ပို့ပေးနေသော တူရကီဘတ်စ်ကားတို့၏ သတင်းမှတ်တမ်းရုပ်သံများလည်း လူမှုကွန်ယက်ပျံ့လွင့်လျှက်ရှိနေသည်။


ယခုရက်သတ္တပတ်အတွင်း ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒဲ့လ်ဗ်တွင် အာဆတ်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှု၌ သူပုန်များနှင့်အတူ တူရကီတပ်ဖွဲ့ဝင် ၃၃-ဦးသေဆုံးခဲ့ရာ ၂၀၁၆-ခုနှစ် ဆီးရီးယားနယ်မြေအတွင်း ဝင်ရောက်ကျူးကျော်ခြင်းနောက်ပိုင်း ၁-ရက်အတွင်း အများဆုံး သေဆုံးရသော တူရကီစစ်ဖက်ဦးရေဖြစ်သည်။

တူရကီသမ္မတ အာဒိုဂန်ကမူ ဆီးရီးယားနယ်စပ်တလျှောက် တူရကီဆန့်ကျင်လက်နက်ကိုင်များရှိနေခြင်းမှာ ရွှေ့ပြောင်းအခြေချနှင့် စစ်ဘေးဒုက္ခသည်တိုးပွားလာစေရန် ဖန်တီးလျှက်ရှိကြောင်း၊ ဒုက္ခသည် ၃.၇ သန်းအတွက် ရေရှည်ထိန်းသိမ်းရန် တူရကီအနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေကြောင်း၊ ထိုအချက်ကို ယခင် လပေါင်းများစွာကတည်းက မိမိသတိပေးခဲ့သည်ကို “ညီအကိုတော် ဥရောပခေါင်းဆောင် “ တို့က လက်ခံနားထောင်ခြင်းမရှိကြောင်း ပြစ်တင်ပြောကြားသည်။

သို့သော် အိမ်နီးချင်း မတည့်အတူနေ ဂရိက ဒုက္ခသည်များအား အကြမ်းပတမ်းမောင်းထုတ်နေသမျှ တူရကီနယ်စပ်ဂိတ်များဖွင့်ထားရလိမ့်မည်ဟု အာဒိုဂန်က ပြောဆိုကြောင်း Guardian က ဖော်ပြသည်။


သတင်းအချို့တွင်မူ ရုရှားအကူအညီဖြင့် ဆီးရီးယားအစိုးရ၏တစ်ဖက်သပ် ဝေဟင်စိုးမိုးမှုရရှိနေသော ဆီးရီးယားအနောက်မြောက်ပိုင်းအား ဥရောပနိုင်ငံတို့က “ လေယာဉ်မပျံသန်းရ ဇုံ “ သတ်မှတ်ပေးရန် တူရကီက လိုလားကြောင်း၊ ထိုအတွက် ၎င်းနိုင်ငံအတွင်း ထိန်းသိမ်းထားရသော အရှေ့အလယ်ပိုင်း စစ်ဘေးဒုက္ခသည်များအား လက်နက်အသွင်အသုံးပြု ဖိအားပေးခြင်းဖြစ်ကြောင်း၊ ဥရောပသို့ ဝင်ရောက်ရန် တာစူလျှက်ရှိသည့် ဒုက္ခသည်များကို တူရကီက လက်ခံထားပေးသည့်အတွက် အီးယူက ယူရို ၆ ဘီလျှံပေးရန် ကတိပြုထားပြီး ၂၀၁၉-ခုနှစ်တွင် ၅.၆ ဘီလျှံ ပေးအပ်ခဲ့သည်ကို တွေ့ရကြောင်း ဖော်ပြသည်။

ဥရောပသမဂ္ဂကမူ ဆီးရီးယားမြောက်ပိုင်း ပစ်ခတ်မှုများမှာ အတိအလင်းစစ်ပွဲအသွင် ပြောင်းလဲသွားနိုင်ကြောင်း၊ လုံခြုံရေးအတိုင်းအရ ကာကွယ်ရန် ရပ်တည်သည့်ဘက်မှ အသင့်ရှိကြောင်း ပြောဆိုသည်။


ယမန်နေ့မှ စတင်၍ တူရကီနှင့် နယ်စပ်ခြင်းထိစပ်လျှက်ရှိသည့် အခြားဥရောပနိုင်ငံဖြစ်သော ဘူဂေးရီးယားတွင်လည်း နယ်ခြားလုံခြုံရေး အင်အားတိုးမြှင့်ထားရသည်။

ဖေဖော်ဝါရီလ စောစောပိုင်းမှ စတင်ကာ အာဆတ်ဆန့်ကျင်ရေးသူပုန်တို့ နောက်ဆုံးခြေကုပ်ယူရာ အိုင်ဒဲ့လ်ဗ်နယ်မြေပြန်လည်သိမ်းယူရေးအတွက် ရုရှားကျောထောက်ခံပြု ဆီးရီးယားအစိုးရက ပြင်းထန်စွာ ဝိုင်းပတ်ထိုးစစ်ဆင်လျှက်ရှိသည်။ အဆိုပါနယ်မြေတွင် ဒေသခံများ၊ သူပုန်တို့နှင့်မိသားစုဝင်များ၊ ၎င်းတို့အား ထောက်ပံ့ တူရကီတပ်တို့ ရောနှောလျှက်ရှိသည်။

(( Migrant, Refugee, Asylum Seeker ရွှေ့ပြောင်းအခြေချသူ-ဒုက္ခသည်-နိုင်ငံရေးခိုလှုံခွင့် ရှာဖွေသူဆိုရာ၌ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ခံစားပိုင်ခွင့်များလည်း မတူညီကြပါ။ ဒုတိယကမ္ဘာစစ်အပြီး အဆိုပါ လူအမျိုးအစား ၃ မျိုးပေါင်းတို့ အများဆုံးဖြစ်သော ဥရောပတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပေါ်လစီများ အတော်ပျော့ပြောင်းသည်။ အချို့ဆိုလျှင် တားဆီးအရေးယူရန် ဥပဒေပုဒ်မ မရှိချေ။ ထိုအတွက် ရလာဒ်မှာ ဂျော့ဆိုရော့စ်၏ ဥရောပတန်ဖိုး လှိုင်းတံပိုးနှင့်အတူ လူ ၁- သန်းကျော် လက်ခံလိုက်ရခြင်းဖြစ်ပါ၏။


ထိုနောက်ပိုင်း လူရွေးချယ်၍ ခွဲတမ်းဖြင့် လက်ခံခြင်း၊ ဥပဒေပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဂရိ-တူရကီကဲ့သို့ ဥရောပဝင်ပေါက်နေရာများတွင် ဒုက္ခသည်များ လက်ခံထားစေရန် ထောက်ပံ့ကြေးပေးခြင်း၊ မြေထဲပင်လယ်အပါအဝင် နယ်စပ် အသီးသီးတွင် လှည့်ကင်းတိုးမြှင့်ခြင်း၊ နောင်တစ်ချိန် ၎င်းတို့နိုင်ငံဘက် မြားဦး လှည့်လာမည့် ဆင်းရဲသောနိုင်ငံများမှ ဒုက္ခသည်များကို လတ်တလောဖြစ်ပွားရာ ဒေသ၌သာ လက်ခံအဖြေရှာရန် ဖိအားနှင့် ငွေကြေးထောက်ပံ့ခြင်းတို့ လုပ်ဆောင်လျှက်ရှိပါသည်။ ။ သတင်းဘာသာပြန်သူ))

((( Evening Standard., Mar 1, 2020, “Turkey opens its ‘doors’ for migrants to cross into Europe through Greek border.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။ အကြောင်းအရာတူ ဖြည့်စွက်ချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))


#တူရကီဖွင့်ချဒုက္ခသည်များနှင့်ဂရိနယ်ခြား

https://www.independent.co.uk/news/world/europe/greece-turkey-refugee-crisis-tear-gas-police-border-a9366456.html

https://www.independent.co.uk/news/world/europe/greece-turkey-refugee-crisis-tear-gas-police-border-a9366456.html

https://www.aljazeera.com/news/2020/02/greece-defensive-turkey-opens-border-refugees-200229091808379.html

https://www.middleeasteye.net/news/buses-istanbul-transport-refugees-turkey-border-greece-free

https://www.theguardian.com/world/2020/feb/29/erdogan-says-border-will-stay-open-as-greece-tries-to-repel-influx

0

Leave a Reply

Your email address will not be published.