တူရကီက အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်တို့အား မြေပြင်နှင့် ဝေဟင်မှ စတင်ဝင်ရောက်ထိုးစစ်ဆင်။ လစ်ဗျား စင်ပြိုင်အစိုးရ ၂-ရပ်အကြား ပြည်တွင်းစစ်၌ တူရကီနှင့် နေတိုးအင်အားကြီး ပြင်သစ်တို့ သဘောကွဲလွဲ

တူရကီသည် အီရတ်မြောက်ပိုင်းရှိ PKK ကာ့ဒ်တပ်ဖွဲ့များအား မြေပြင်နှင့် ဝေဟင်မှ စတင်ထိုးစစ်ဆင်လျှက်ရှိသည်။ နိုင်ငံအရှေ့တောင်ပိုင်း ကွန်ဖက်ဒရေးရှင်းခွဲထွက်ရေးလှုပ်ရှားလျှက်ရှိသော ကာ့ဒ်တို့သည် အကြမ်းဖက်သမားများဖြစ်သည့်အတွက် ၎င်းတို့ ခိုလှုံ ပုန်းအောင်းလျှက်ရှိသည့် အီရတ်မြောက်ပိုင်းအား ယခုကဲ့သို့ စစ်ဆင်တိုက်ခိုက်ရခြင်းမှာ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းသာဖြစ်ကြောင်း တူရကီက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

Tiger-Claw “ ကျားလက်သည်း “ အမည်ရှိ အဆိုပါစစ်ဆင်ရေးတွင် စစ်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေး ဒရုန်းတို့၏ ပစ်ကူပေးမှုဖြင့် မြေပြင်ကွန်မန်ဒိုများက တိုက်ခိုက်ဆင်နွှဲလျှက်ရှိကြောင်း၊ ဗုဒ္ဓဟူးနေ့တွင် အီရတ်နိုင်ငံမြောက်ပိုင်း ဟတ်တန်နင်ဒေသရှိ ကာ့ဒ်ပစ်မှတ်များကို ဝေဟင်မှတိုက်ခိုက်၍ မြေပြင်တပ်ဖွဲ့ဝင်များက သိမ်းယူလိုက်ကြောင်း၊ PKK က တူရကီနိုင်ငံသားများအား တိုက်ခိုက်လျှက်ရှိသည့်အတွက် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ PKK ကာ့ဒ်တို့နှင့် အခြားအကြမ်းဖက်သမားအပေါင်းပါတို့ကို ချေမှုန်းရခြင်းဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဋ္ဌာနက Twitter မှတဆင့် သတင်းထုတ်ပြန်သည်။

တူရကီစစ်ဖက်ထုတ်ပြန်သော ဗွီဒီယိုတွင် လေကြောင်းတိုက်ခိုက်ရေး ဒရုန်းတို့ကို ထိန်းချုပ်နေပုံရသော ၎င်းတို့၏ ကွပ်ကဲရေးစခန်းတစ်ခုကို တွေ့မြင်ရသည်။ စစ်ဆင်ရေးသည် ရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်ကြောင်း ဖော်ပြသော်လည်း နှစ်ဖက်ထိခိုက်သေဆုံးသူအရေအတွက် ပါဝင်ခြင်းမရှိချေ။

ထိုအတောအတွင်း စင်ပြိုင်အစိုးရ ၂-ရပ်အကြား ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသော လစ်ဗျားတွင် တူရကီသည် ကုလသမဂ္ဂ၏ လက်နက်ရောင်းဝယ်မှုတားမြစ်ချက်ကို ရန်လိုဒေါသကြီးစွာ ချိုးဖောက်လျှက်ရှိကြောင်း နေတိုးစစ်အင်အားကြီး ပြင်သစ်က ရှုတ်ချလိုက်ကြောင်း Russia Today အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။

တစ်ချိန်က ရေနံဖြင့် ချမ်းသာကြွယ်ဝခဲ့သည့် လစ်ဗျားအား နေတိုးစစ်အုပ်စုက R2P ဗုံးကြဲ တိုက်ခိုက်ခြင်းဖြင့် နိုင်ငံပြိုကွဲကာ ပြည်တွင်းစစ်မီးတောက်လောင်လျှက်ရှိသည်။ သိူ့သော် လစ်ဗျားပြန်လည်ထူထောင်ရေးတွင် နေတိုးနိုင်ငံများက ကိုယ်နှင့် မပတ်သက်သလို ပြုမူခဲ့ပြီး နေတိုးအဖွဲ့ဝင်များဖြစ်သည့် တူရကီနှင့် ပြင်သစ်တို့သည် ၎င်းတို့ရေပြင်ပိုင်နက်ပြင်ပဖြစ်သော လစ်ဗျားကမ်းလွန်၌ နှစ်နိုင်ငံ ထိပ်တိုက်တွေ့လျှက်ရှိနေသည်။

တူရကီက နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျား ထရီပိုလီအစိုးရကို ထောက်ပံ့သည်။ ပြင်သစ်ကမူ လစ်ဗျား တိုဘရုခ် စင်ပြိုင်အစိုးရမှာ ကြားနေအဖွဲ့အစည်းသာဖြစ်သည်ဟုဆိုကာ ဗိုလ်ချုပ်ကြီး ခလီဖာဟဖ် တာ၏ LNA တပ်များကို ထောက်ပံ့ပေးနေသည်။

တိုဘရုခ်အစိုးရအား ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီသို့ ရောက် အောင် မိမိတို့၏ အားထုတ်မှုများကို တူရကီက ဟန့်တားဖျက်ဆီးလျှက်ရှိကြောင်း ပြင်သစ်က စွပ်စွဲသည်။ လစ်ဗျားသို့ လက်နက်များတင်သွင်းနေသည်ဟု စွပ်စွဲကာ မိမိနိုင်ငံသား ရေယာဉ်ဝန်ထမ်းများကို ခြိမ်းခြောက်ခဲ့သည်ဟု ပြောဆိုသည်။

တူရကီကမူ ပြင်သစ်သည် နိုင်ငံတကာရေပြင်ပိုင်နက်တွင် မိမိတို့၏ သင်္ဘောများကို ရှာဖွေရန်ကြိုးစားခြင်းသာဖြစ်ပြီး လက်ခံနိုင်ခြင်းမရှိကြောင်း၊ တုန့်ပြန်၍ ပြင်သစ်၏ စွပ်စွဲချက်ကို ပယ်ချသည်။ ထို့ပြင် ပြင်သစ်သည် တိုဘရုခ်စင်ပြိုင်အစိုးရ စစ်ဦးစီးချုပ် ခလီဖာဟဖ်တာ၏ LNA တပ်များကို ထောက်ပံ့ပေးခြင်းဖြင့် လစ်ဗျားပဋိပက္ခကို ပိုမိုဆိုးရွားစေရန် ဖန်တီးနေကြောင်း ပြန်လှန်စွပ်စွဲလိုက်သည်။ အဖွဲ့ဝင်ဖြစ်သော တူရကီ၏အပြုအမူမှာ သည်းခံနိုင်ဖွယ်မရှိတော့ကြောင်း နေတိုးဋ္ဌာနချုပ်သို့ ပြင်သစ်က သတိပေးစာ ပေးပို့သည်ဟုသတင်း၌ ဆက်လက်ဖော်ပြသည်။

(( မျောက်နှင့် လူတို့သည် အဖွားအထိတူသော အမေညီအမရင်းများမှ ဆင်းသက်လာသူများဖြစ်သည်။ လူသည် ဝမ်းကွဲညီအကို ဖြစ်သော မျောက်ကဲ့သို့ လက် ၄-ဖက်မပါသော်လည်း အကျင့်စရိုက်နှင့် အုပ်စုဖွဲ့နေထိုင်ပုံ အလွန်တူညီသည်။ သို့သော် မျောက်သည် မုသားမပြော မလိမ်တတ် ၊ လောဘလည်း မရှိချေ။ လူသည်မျောက် ထက်ပို၍ ယုတ်မာပြီး ကောက်ကျစ်စဉ်းလဲသည်။

အများသိရှိသည့်အတိုင်း နိုင်ငံတကာတွင် လက်ရှိကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ “ ကူးစက် ကပ်ရောဂါ “ ဖြစ်သည်။ စက်မှုအင်အားကြီး နိုင်ငံအားလုံးလိုလိုတွင် အသေအပျောက်အများဆုံးဖြစ်နေသည်။

ထို့ပြင် အမေရိကန်လူမည်း ဂျော့ချ်ဖလွိုက်သေဆုံးရာမှ စတင်ခဲ့သော မီးပွားသည် အမေရိကန်တစ်နိုင်ငံလုံး သာမက အင်္ဂလန်နှင့် ဥရောပနိုင်ငံကြီးများသို့ ကူးစက်ကာ Black Lives Matter နှင့် လူမျိုးကြီးဝါဒဆန့်ကျင်ရေး၊ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြကန့်ကွက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အသားပေးကြွေးကြော်လျှက်ရှိသော ထိုနိုင်ငံကြီးများ၏ ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား လူစုခွဲရာ၌ ကျား-မ၊ ကြီး-ငယ် မခွဲခြားပဲ အလွန်ကြမ်းတမ်းပါသည်။

ကိုရိုနာရောဂါကြောင့် သူ့ဆီက ရောဂါ ငါ့ဆီကူးလေမလား လူတိုင်း စိုးရိမ်နေကြချိန်တွင် လူစုလူဝေးနှင့်ဆန္ဒပြပွဲများ၊ ဖြိုခွင်းမှု့များဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။ထိုကဲ့သို့ သေကောင်ပေါင်းလဲ ကပ်ရောဂါနှင့် ပြည်တွင်းရေး ရှုတ်ထွေးနေသော်လည်း တစ်ခြားနိုင်ငံတို့၏ ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်ခြင်းကို လက်မလွှတ်နိုင်သည်မှာကား စားနေကျ ကြောင်ဖားကြီးများ ပီသလှသည်။ စစ်ပြင်၊ စစ်အင်အားပြယုံသာ မကတော့ပဲ၊ ကြိတ်စရာရှိလျှင် လက်မနှေးပဲ ကြိတ်ကောင်း တုန်းရှိသည်။

မျောက်သည် မျိုးတူရာမှ သဘောစရိုက်ချင်းတူညီသည်တို့ အုပ်စုဖွဲ့ နေထိုင်ကြခြင်းဖြစ်သည်။ မိမိတို့အထဲမှ ဖောက်ပြန်လာလျှင် မျောက်၏ ဖြေရှင်းနည်းမှာ ဝိုင်းဝန်းကိုက်သတ်ကာ” စားပစ်” လိုက်ခြင်းဖြစ်၏။ ထို့ပြင် အခြား မျိုးကွဲ-အုပ်စုကွဲတို့မှ ကျူးကျော်နှိပ်စက်လာမည်ကိုလည်း အမြဲစိုးရိမ်ကာကွယ်နေရသည်။

ဤနေရာတွင် မျောက်နှင့် လူ အလွန်တူလေသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 17 Jun, 2020,” Turkey launches military operation against Kurdish forces in northern Iraq.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အီရတ်မြောက်ပိုင်း၌တူရကီထိုးစစ်စတင် #လစ်ဗျားအရေးတူရကီကိုပြင်သစ်အပြစ်တင်

https://www.rt.com/news/492078-turkey-military-operation-iraq-kurds/

https://www.rt.com/news/492178-france-turkey-hostile-libya/

https://www.rt.com/newsline/492080-turkey-france-libya-haftar/

https://www.rt.com/news/492156-france-nato-turkey-libya/

1+

Leave a Reply

Your email address will not be published.