တူရကီမှတဆင့် ဆီးရီးယားအနောက်မြောက်ပိုင်းသို့ လူသားချင်းစာနာမှုအကူအညီပေးပို့ရန် အနောက်အုပ်စု ကြိုးပမ်းချက် ကုလလုံခြုံရေးကောင်စီ၌ ရုရှား-တရုတ် ဗီတိုသုံး၍ ပယ်ချ။ သူပုန်တို့စိုးမိုးထားသည့်ဒေသသို့ အစိုးရထိန်းချုပ် လမ်းကြောင်းတစ်ခုတည်းကိုသာ သုံးရန် လုံခြုံရေးကောင်စီဆုံးဖြတ်

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ သူပုန်တို့အခိုင်အမာထိန်းချုပ်ရာဒေသသို့ တူရကီမှတဆင့် နယ်ခြားဖြတ်လမ်းကြောင်း၂-ခုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးပို့ရန် အနောက်အုပ်စု၏ ကြိုးပမ်းချက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ရုရှားနှင့်တရုတ်တို့၏ ဗီတိုအာဏာသုံးစွဲမှုကြောင့် ပျက်ပြားသွားရသည်ဟု ကနေဒါအခြေစိုက် cbc က ယမန်နေ့ ရေးသားသည်။ 


သောကြာနေ့တွင် ကျင်းပသည့် ကုလလုံခြုံရေးကောင်စီ အစည်းအဝေးသို့ ဂျာမနီနှင့် ဘယ်လ်ဂျီယန်တို့ ပူးတွဲတင်သွင်းသည့် အဆိုပြူချက်မှာ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၃-နိုင်ငံ တို့က ထောက်ခံသော်လည်း ရုရှားနှင့် တရုတ်တို့က ဗီတိုသုံး၍ ကန့်ကွက်ခြင်းဖြစ်သည်ဆို၏။ 


လက်ရှိအကူအညီပေးရေးအစီအစဉ် ခွင့်ပြုချက်သက်တမ်း ကုန်ဆုံးလုဆဲတွင် ယခုအတိုင်းနယ်ခြားဖြတ်လမ်းကြောင်း ၂-ခု မှ နေ၍ အကူအညီပေးရေးအစီအစဉ် သက်တမ်းတိုးရေးအဆိုကို ဗီတိုသုံးစွဲခွင့်ရှိသူ မိတ်ဖက်နိုင်ငံကြီး ၂-နိုင်ငံတို့က မဆိုင်းမတွ ပယ်ချခဲ့ကြသည်။ 


ဆွေးနွေးပွဲ မကျင်းပမီ ၁-ရက်အလို၌ တစ်နှစ်လျှင် တစ်ကြိမ် လမ်းကြောင်း ၁-ခုတည်းမှ ထောက်ပံ့ရမည့် အစီအစဉ်အသစ်ကို ရုရှားနိုင်ငံက ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ 


လမ်းကြောင်း ၁ -ခုတည်းမှသာ ပေးပို့ရလျှင် ဆီးရီးယားအနောက်မြောက်ဒေသတစ်ဝှမ်းလုံးရှိ အကူအညီလိုအပ်လျှက်ရှိသူ ၂.၈ သန်းတို့အတွက် ထောက်ပံ့နိုင်သည့် ပမာဏများစွာလျှော့နည်းသွားမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကာလ ဆေးဝါးနှင့်စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည်းဆည်းရန် ခဲယဉ်းလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာအကူအညီပေးရေးကော်မတီဥက္ကဋ္ဌက ပြောဆိုသည်။ 


ဂျာမနီနှင့် ဘယ်လ်ဂျီယံတို့၏ အဆိုပြုချက်တွင် တူရကီမှသည် လမ်းကြောင်း ၂-ခုအားဖြင့် နယ်စပ်ကို ဖြတ်ကျော်၍ ဆီးရီးယား အနောက်မြောက်ဒေသသို့ ထောက်ပံ့မှု ၆-လကြာ သက်တမ်းတိုးရန်ဖြစ်သည်။ 


ရုရှားရေးဆွဲသော အဆိုပြုချက်မှာ ၎င်းလမ်းကြောင်း ၂-ခုအနက် ( ရုရှားကျောထောက်နောက်ခံပြု ) ဆီးရီးယားအစိုးရတပ်များ၏ နောက်ဆုံးထိုးစစ်ကို ခုခံလျှက်ရှိသည့် ( တူရကီကျောထောက်နောက်ခံပြု ) ဆီးရီးယားကြားဖြတ်အစိုးရ သူပုန်တို့ စိုးမိုးရာနယ်မြေလမ်းကြောင်းအသုံးပြုခြင်းမှ ပယ်ဖျက်၍ ကျန်လမ်း ကြောင်း တစ်ခုတည်းမှ ထောက်ပံ့ပေးရန်ဖြစ်သည်။ ဒေသ ၂-ခုသည် ပဋိပက္ခဖြစ်ပွားနေပုံခြင်း မတူညီပဲ လမ်းကြောင်းတစ်ခုတည်းကိုသာ အသုံးပြုခြင်းဖြင့် ဒေသတွင်းနေသူ ၈၅ ရာခိုင်နှုန်းတို့အား ထောက်ပံ့မှု ပေးနိုင်ကြောင်း၊ ဆီးရီးယားတွင် နယ်မြေအများစုကို အစိုးရက ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ရာ သူပုန်တို့စိုးမိုးရာနယ်မြေမှ နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တို့ကို အစိုးရထိန်းချုပ်သည့် လမ်းကြောင်းမှ အကူအညီပေးသင့်ကြောင်း ဖော်ပြထားသည်။ 


တရုတ်ကလည်း နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများသည် ဖြစ်ပေါ်လျှက်ရှိသည့် ပကတိအခြေအနေနှင့် ဆီလျော်စေရန် လိုအပ်ကြောင်း ပြောဆိုသည်။ 


လွန်ခဲ့သည့်ရက်အတွင်း ဂျာမနီ-ဘယ်လ်ဂျီယန်အဆိုပြုချက်မှာ တရုတ်-ရုရှား ဗီတိုဖြင့် ပယ်ချခံရပြီး၊ ရုရှား အဆိုပြုချက်မူကြမ်းမှာလည်း ထောက်ခံ- ၄ မဲ၊ ကန့်ကွက်- ၇ မဲ၊ မဲမပေး ၄ – မဲဖြင့် အတည်ဖြစ်ရန် လိုအပ်သည့် ၉-မဲ အပြည့်မရပဲ ပျက်ပြားသွားခဲ့သည်။ 


နောက်ဆုံးရရှိသည့်သတင်းတွင် ဆီးရီးယားအနောက်မြောက်ပိုင်း ဒေသသို့ ထောက်ပံ့မှုပေးအပ်ရာ၌ အစိုးရထိန်းချုပ်သည့် လမ်းကြောင်းတစ်ခုတည်းကိုသာ အသုံးပြုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခြင်းဖြင့် ရုရှားမဟာမိတ် အာဆတ်အစိုးရ အောင်ပွဲခံပြီဖြစ်ကြောင်း Arab News က ယနေ့ရေးသားသည်။ 


သို့သော် ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် အာဆတ်အစိုးရ လိုလားသည့်အတိုင်း “ ဒါဏ်ခတ်ပိတ်ဆို့ထားသည့်ဒေသသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ “ ဆိုသည့် စကားရပ်ကို ဖော်ပြထားခြင်းမရှိကြောင်း Russia Today က ယနေ့ရေးသားသည်။ 


(( လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်၌ တရုတ်နှင့် အမေရိကန် စစ်ရေးတင်းမာလျှက်ရှိရာ အမေရိကန်က လေယာဉ်တင်သင်္ဘော ၂-စီးပါ စစ်သင်္ဘောအုပ်စုများ ခင်းကျင်းသည်ကို တွေ့ရှိရသည်။ ဤတွင် တရုတ်-အမေရိကန်တို့ စစ်ဖြစ်ကြတော့မည်လားဟု မေးလျှင် သူတို့ ၂-နိုင်ငံချည့်သက်သက် စစ်တိုက်ကြမည်ဟု ကျွန်တော် လုံး၀ မထင်ပါ။ 


ချမ်းသာသော အင်အားကြီးနိုင်ငံချင်း မကြေနပ်မှု- အသာစီးရလိုမှုတို့ကို ၎င်းတို့ နိုင်ငံပြင်ပ ကမ္ဘာ့အခြားနေရာ၌ Proxy War ကိုယ်စားပြု စစ်ခင်းကြရန်သာ သေချာပါသည်။ ထိုနည်းလမ်းမှာ ကာယံကံရှင်နိုင်ငံကြီးများတွင် တိုက်ရိုက်ထိခိုက်ဆုံးရှုံးမှု အလွန်နည်း၍ ဖြစ်ပါသည်။ နိုင်ငံဒေသတစ်ခုတွင်း စစ်မက်ဖြစ်ပွားရာ၌ ဘယ်နိုင်ငံမှ မိမိတို့အကျိုးမပါပဲ သေနတ်- ပိုက်ဆံပေးမည် မဟုတ်ပါ။ 


၎င်းအတွက် အကောင်းဆုံး ဥပမာမှာ ဆီးရီးယားစစ်ပွဲမှာဖြစ်လေသည်။ ၂၀၁၁-ခုနှစ် မတ်လမှ စတင်သော ဆီးရီးယားပြည်တွင်းစစ်သည် ၉-နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ယနေ့ထိ ပြတ်ပြတ်သားသား အဖြေ မထွက်သေးချေ။ 


လက်နက်မဲ့ ကန့်ကွက်ဆန္ဒပြသူများအား သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းသည်ကို အကြောင်းပြု၍ အာဏာရှင် အာဆတ်အစိုးရဖယ်ရှားရေး ပြည်တွင်းစစ်မှာ သူပုန်-အစိုးရ ၂-ဖက်လုံး၌ ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့ အင်အားကြီးနိုင်ငံများပါ အတိအလင်းပါဝင်စွက်ဖက်လျှက်ရှိကြောင်း ယခုသတင်းက သက်သေပြလျှက်ရှိသည်။ 


(၁)အာဆတ်အစိုးရဘက်တွင် ပြည်ပ ၄-နိုင်ငံ၊ (၂) သူပုန်ဘက်တွင် တူရကီနှင့် ဒေသတွင်းနိုင်ငံများကျောထောက်ခံ တပ်များ၊ (၃)အမေရိကန် ခါးပိုက်ဆောင် ကာ့ဒ်လက်နက်ကိုင်များသာမက (၄) အစ္စလာမ်မစ် နိုင်ငံတော်ထူထောင်သူ IS ဘာသာရေး အစွန်းရောက်အကြမ်းဖက်များ ဟူ၍ အုပ်စုကြီး ၄-အုပ်စုတို့က မျက်စိလည်ချင်စရာ အဖွဲ့ပေါင်းများစွာဖြင့် အပြန်အလှန် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ 

( ဆက်လက်ဖတ်ရှု့နိုင်ပါရန် )
ဆွန်နီ-ရှီယာဘာသာရေးအားပြိုင်မှု၊ စစ်ရာဇဝတ်မှု အပြန်အလှန်စွပ်စွဲချက်များ၊ အကွက်ချလုပ်ကြံဖန်တီးမှုများ၊ တမင်နိုင့်ထက်စီးနင်းမှုများကြောင့် Dirty War on Syria “ ဆီးရီးယားက ညစ်ပတ်တဲ့ စစ် “ ဟု ကင်ပွန်းတပ်ခြင်းခံရသည်။ 


အဓိက ကာယကံရှင်များ “ မျက်စိထက် တိမ်က ပိုကြီး “ ပြီး စစ်ကို ခေါ်ယူသဖြင့် ရောက်ရှိလာသော သွေးချောင်းစီးစစ်ပွဲတွင် အရပ်သားအများဆုံးပါဝင်သည့်စုစုပေါင်း သေဆုံးသူ ၆-သိန်းနီးပါးရှိခဲ့ပြီဖြစ်သည်။ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၇-သန်း၊ ပြည်ပစစ်ပြေးဒုက္ခသည် ၅-သန်းရှိခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ )) 

((( cbc., July 11, 2020, “Russia, China veto UN resolution to maintain aid for rebel-held areas in Syria.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ဆီးရီးယားအနောက်မြောက်ပိုင်း_ကူညီထောက်ပံ့ရေး_ကုလလုံခြုံရေးကောင်စီဆုံးဖြတ် 


https://www.cbc.ca/news/world/russia-china-veto-un-aid-syria-rebels-1.5645664 


https://www.reuters.com/article/us-syria-security-un/russia-fails-again-at-un-ahead-of-last-ditch-vote-on-syria-cross-border-aid-idUSKBN24A2S7 


https://www.rt.com/news/494507-security-council-syria-border-crossings/ 

https://www.arabnews.com/node/1703481/world 

0

Leave a Reply

Your email address will not be published.